မောတောင်နယ်စပ်ဈေး ယခုလကုန် စဆောက်မည်

0
416

မြန်မာ-ထိုင်း နယ်စပ်တစ်ခုဖြစ်သည့် မောတောင်မြို့တွင် ဇမ္ဗူရတနာ အမည်ရှိ သည့် နယ်စပ်ဈေးကို ယခုလကုန်မှ စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း ဈေးကြီးကြပ် ရေးကော်မတီ ဥက္ကဋ္ဌက ပြောကြားသည်။ နယ်စပ်ဈေး ဖြစ်မြောက်ရေးအတွက် ပြီးခဲ့သည့်၂၀၁၇ ခုနှစ်နှစ်စမှစပြီး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် နှောင့်နှေးမှုများရှိနေခဲ့ရကြောင်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

ယခင်က ယင်းဈေးတည်ဆောက်ရန် မြိတ်အများပိုင်ကုမ္ပဏီ၏ ထောက်ပံ့ ငွေကိုယူကာ ယင်းငွေကို အရစ်ကျစနစ်ဖြင့် ပြန်လည်ပေးသွင်းရန် စီစဉ်ထားကြောင်း ကော်မတီမှ သိရသည်။
သို့သော် အများပိုင်မှ ငွေကြေးပံ့ပိုးမှုကြန့်ကြာနေသဖြင့် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စင်းခွန်ဈေးတွင် တောကောင် သား များနှင့်သစ်ခွပန်းများ ရောင်းချနေသည်ဟုဆိုကာ မြန်မာဈေးသည်တစ်ဦးအား ထိုင်းရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် ဖမ်းဆီးခဲ့သည်။
အဆိုပါဒေသခံဈေးသည်များ၏ အခက်အခဲများကို မောတောင်ဈေးတည် ဆောက်ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်း ဈေးကြီးကြပ် ရေးကော်မတီဥက္ကဋ္ဌက ပြောသည်။
“ကိုယ့်ဆီမှာလုပ်တာက အခွန်အခတွေလည်းရမယ် အလည်အပတ်တစ်ခု လည်းတိုးလာသလို အမှတ်တရပစ္စည်းတွေလည်း ရောင်းချလို့ရပါတယ်”ဟု မောတောင်မြို့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောသည်။

ဇမ္ဗူရတနာဈေးတွင် ၂၄ ခန်းပါ အင်္ဂတေအောက်ခံခုံတုံးပါ ၁၀ ပေပတ်လည် လျှင် ဆိုင်ခန်းတစ်ခန်းတွင် ထိုင်းဘတ်ငွေနှစ်သောင်းကျော်ခန့်ကို ဈေးသည်များမှ ပေးသွင်းရမည်ဖြစ်ကာ ဈေးသည် ၂၄ ဦးထံမှ ဘတ်ငွေတစ်သောင်းစီကောက်ခံထားပြီး ဈေးဆောက်လုပ်နေစဉ်အတွင်း ကျန်ငွေများကို ပေးသွင်းရမည်ဖြစ်ကြောင်း ဈေးကြီး ကြပ်ရေးကော်မတီမှ သိရသည်။

ဆိုင်ခန်းပေါင်း ၂၄ ခန်းပါ ဇမ္ဗူ ရတနာဈေးအား တစ်လအတွင်း အပြီး တည် ဆောက်သွားမည်ဖြစ်ကြောင်း ဈေးကြီးကြပ်ရေး ကော်မတီမှ သိရသည်။