” ရယ်စရာကြီး ဖြစ်နေတာ ” – နှစ်မိနစ်ကြာ နိုင်ငံတော် သမ္မတ ကြိုဆိုဆိုင်းဘုတ်ဖွင့်ပွဲ

0
573

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား လှိုက်လှဲစွာကြိုဆိုပါ၏ ဟူသည့် စာ သားပါ ဆိုင်းဘုတ်ဖွင့်ပွဲများကို ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့တို့တွင် ကျင်းပ ခဲ့သည်။
အဆိုပါ ဆိုင်းဘုတ်ဖွင့်ပွဲ ၃ ခု အနက် ဧပြီလ ၂၀ ရက်က ထားဝယ်မြို့ တွင် ကျင်းပသည့် ဆိုင်းဘုတ်ဖွင့်ပွဲ အပေါ် ဝေဖန်မှုများထွက်ပေါ်လျက် ရှိ သည်။

အကြောင်းမှာ ” ဝန်ထမ်းများ အားလုံး မပျက်မကွက် (မပျက်မကွက်) တက်ရောက်ပါရန်” ဟု ပါရှိသည့် တိုင်း အစိုးရအဖွဲ့က ထုတ်သည့်စာကြောင့် ဖြစ်သည်။ မြိတ်နှင့် ကော့သောင်းတို့တွင် မပျက်မကွက် တက်ရောက်ရမည်ဟု ညွှန်ကြားထားခြင်း မရှိပေ။
ထိုအခမ်းအနားသို့ ဌာနဆိုင်ရာ ဝန်ထမ်းအများစုဖြင့် လူရာချီ တက် ရောက်ခဲ့ကြသည်။

ထားဝယ်တွင်မူ မပျက်မကွက် တက်ရောက်ရမည် ဆိုခြင်းကြောင့် ဆိုင်း ဘုတ်ဖွင့်ပွဲ မတက်လိုဘဲ တက်ရောက်ခဲ့ ရသည်ဟု ထားဝယ်မြို့နယ်မှ အသက် ၂၇ နှစ်အရွယ် မြို့နယ်အဆင့် ဌာနဆိုင် ရာဝန်ထမ်းတစ်ဦးကပြောသည်။

” ဒီပွဲကို မလိုအပ်ဘဲ လုပ်နေတာပဲ လို့မြင်တယ်။ သမ္မတကိုယ်တိုင် ဆင်းလာလို့ သွားရင်တော့ တစ်မျိုးပေါ့။ ဟိုရောက်တော့ သမ္မတဓာတ်ပုံ ဖွင့်ပွဲ ပြီးတာနဲ့ ပြီးဆုံးကြောင်း ကြေညာ လိုက်တာပဲ။ စိတ်ထဲမှာ ဟာ ခဏလေး ပဲလားဆိုပြီးတော့ ဖြစ်သွားသေးတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ကြိုဆိုကြောင်း ဆိုင်းဘုတ်ထောင်ခြင်းမှာ အနှစ်သာရမရှိဘဲ အပြသဘောဆောင် သည်ဟု ဖွင့်ပွဲတက်ရောက်ခဲ့သူအချို့က ပြောသည်။

” စတိသဘော လုပ်သလိုဖြစ်နေ တယ်။ စက်ခလုတ်ဖွင့်တယ်။ နောက်က နေကြိုးဆွဲနေတယ်။ ခလုတ်နဲ့ ဆိုင်းဘုတ် နဲ့ ဆက်ထားတာမရှိဘူး။ ရယ်စရာကြီး ဖြစ်နေတာ” ဟု တိုင်းအဆင့်ဌာနတစ်ခု တွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၂၇ နှစ်အရွယ် ဝန်ထမ်းတစ်ဦးက ဆိုသည်။
၎င်းအပြင် ထားဝယ်မြို့၌ ၉ နာရီ တွင် ဖွင့်လှစ်မည့် ဆိုင်းဘုတ်ဖွင့်ပွဲအတွက် ဝန်ထမ်းများကို နံနက် ၈ နာရီကတည်း က နေပူလှန်းထားသကဲ့သို့ ဖြစ်နေသည် ဟု ၎င်းက ဆိုသည်။

ဝန်ထမ်းများ နံနက် ၈ နာရီ ဝန်းကျင် ကတည်းက ကြိုတင်ရောက်နေကြသည့် ဆိုင်းဘုတ်ဖွင့်ပွဲ အစီအစဉ်မှာ အချိန် ၂ မိနစ်ကျော်သာ ကြာမြင့်ခဲ့သည်။ နံနက် ၈ နာရီ ၄၉ မိနစ်တွင် အခမ်းအနား စတင် ခဲ့ပြီး ၈ နာရီ ၅၂ မိနစ်တွင် ပြီးဆုံးခဲ့သည်။နိုင်ငံတော်သမ္မတဆိုင်းဘုတ်တင် ပွဲအပေါ် ဝေဖန်နေကြခြင်းမှာ သမ္မတကို မထောက်ခံခြင်းကြောင့်မဟုတ်။ အတင်း အကြပ်ထောက်ခံခိုင်းခြင်းကြောင့် အဓိက ဝေဖန်နေကြခြင်းဖြစ်သည်။

” ပြည်သူရဲ့စိတ်ထဲမှာ ဒါတွေရှိ ထားပြီးသားပါ၊ သို့သော် အတင်းအကြပ် ကြီးနဲ့ မဖြစ်မနေတက်ခိုင်းတာကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ လာချင်တဲ့ သူ လာနိုင်ဖို့အတွက် အသိပေးရမယ်ဆို တဲ့အထိ လက်ခံတယ်၊ အခုဌာနတစ်ခု ချင်းစီ လာတဲ့လူနည်းတာ မဟုတ်ဘူး၊ ဘာလုပ်မှာလဲ” ဟု ထားဝယ်မြို့ရှိ အစိုးရ ဌာနတစ်ခုမှ အရာထမ်းတစ်ဦးက ဝေဖန် သည်။

မပျက်မကွက် တက်ရောက်ရန် ညွှန်ကြားခြင်းမှာ သမ္မတကို ဝန်ထမ်း များလည်း ထောက်ခံ၊ အားပေးသည် ဆိုသည်ကို ပြသလို၍ဖြစ်ကြောင်း တိုင်း အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးကောင်းစံ ဦးက ရှင်းပြသည်။” အင်တိုက်အားတိုက်ဖြစ်စေဖို့ အတွက် တွန်းအားပေးတဲ့အနေနဲ့ မဖြစ် မနေတက်ကြဖို့အတွက် ဒီသမ္မတကို လှိုက်လှိုက်လှဲလှဲ ထောက်ခံတယ်ဆိုတာ ပြသဖို့အတွက် ဒီလိုစာထုတ်လိုက်ခြင်း ဖြစ်တယ်” }ဟု ဦးကောင်းစံဦးက ဆိုသည်။

ထားဝယ်မြို့တွင်ပြုလုပ်သည့် သမ္မတအားကြိုဆိုကြောင်း ဆိုင်းဘုတ် ဖွင့်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ NLD ပါတီဝင်များ၊ ပညာရေးကောလိပ် ကျောင်းသား၊ ကျောင်းသူများ၊ သူနာပြုသင်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဘင်ခရာတီးဝိုင်းများ တက်ရောက်ခဲ့ကြ ပြီး အများစုမှာ ပူစီပေါင်း တစ်ယောက် တစ်လုံး ကိုယ်စီလွှတ်တင်ကြသည်။

ဖွင့်လှစ်မည့် ဆိုင်းဘုတ်မှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်၏ နောက်ကျော လမ်းမ တစ်ဖက်ခြမ်းတွင် ရှိသည့်အတွက် အရှေ့ဆုံးတွင် ရှိနေ သည့် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီ ဝင်များနှင့် တာဝန်ရှိသူများအား မြင်းစီး နေသော ဗိုလ်ချုပ်အောင်ဆန်းက ကျော ခိုင်းထားသည်။

ယင်းမှာ ရိုးဂုဏ်နှင့် ပကာသန မမက်ခြင်းကြောင့် လူထု ချစ်ခင်မှုရသော ဗိုလ်ချုပ်အောင်ဆန်းက ယခု ထောက်ခံပွဲ လုပ်ရပ်ကို ကျောခိုင်းနေခြင်းလော၊ သို့တည်းမဟုတ် ယခု လုပ်ရပ်က ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ကို ကျောခိုင်းခြင်းလောဟု နောက်ပြောင် ပြောဆိုမှုများ ရှိသည်။
“အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ကျောခိုင်းထွက် ခွာသွားသောပွဲလို့ ဦးနုခေတ်က မီဒီ ယာတွေမှာ ခေါင်းကြီးတပ်အရေးခံရမယ့် သတင်းဓါတ်ပုံ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ စီးပွားရေး ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးရဲမင်းဦးက သူ၏ Facebook စာမျက်နှာပေါ်တွင် ရေးသားထားသည်။

“အခမ်းအနားတစ်ခုကို တာဝန်ယူ စီစဉ်ရတဲ့သူတွေဟာ ထည့်သွင်း စဉ်းစား ရမှာတွေ အများကြီးရှိပါတယ်”