ခြေလေးချောင်းတော်လှန်ရေး (၂၂)

ယခင်အပတ်မှ အဆက် ဂျိုကား၏ ဒဏ်ရာမှာ ရုတ်တရက် မပျောက် တိရစ္ဆာန်တို့သည် အောင်ပွဲ ကျင်းပပြီး နောက်နေ့တွင်ပင် ဓါတ်မီး စက်ကိုစ၍ တည်ကြသည်။ ဂျိုကား သည် အနားတရက်မျှ မယူ။ သူ၏ ဒဏ်ရာများကြောင့် နာသည် ကျဉ်သည် ကိုပင် အများမသိအောင်ကြိတ်၍ ခံသည်။ အခြားတိရစ္ဆာန်များ ကွယ်ရာကျမှသာ ဂျိုကားက ခွါဖြူအား တိတ်တဆိတ် သူ၏ ဒဏ်ရာများက နာကျဉ်ကြောင်း ပြောပြသည်။ ခွါဖြူသည် သစ်ရွက်များကို ဝါး၍ ဂျိုကား၏ ဒဏ်ရာများကို အုံပေး သည်။ ခွါဖြူနှင့် မဟော်တို့က ဂျိုကား အား အလုပ်နည်းငယ်လျှော့၍ လုပ်ဖို့ ပြောကြသည်။ ခွါဖြူကလည်း “နွားဆို သည်မှာလည်း သွေးနှင့်ကိုယ်သားနှင့် ကိုယ်ဖြစ်သဖြင့် အလုပ်ကို နည်းနည်းရှော့ ပါအုံးဂျိုကားရယ်”ဟု နားချသည်။ ဂျိုကားသည် မည်သူ့စကားကိုမျှ နား မထောင်။ “ငါအသက်ကြီးလို့ အနား မယူခင် ဓါတ်မီးစက်ကြီး တော်တော် ပြီးသွားတာကိုဘဲ ငါမြင်ချင်တယ်”ဟု ဂျိုကားက ပြောသည်။

ပထမခြေလေးချောင်းကွင်း၏ အ ခြေခံ စည်းမျဉ်းဥပဒေများကို ရေးဆွဲစဉ် အခါက နွားများမှာ အသက် ၁၂နှစ် မြင်းများမှာ ၁၄နှစ်။ ခွေးများမှာ ၉နှစ်။ သိုးများ ဆိတ်များမှာ ၇နှစ်။ ကြက်များ ဘဲများမှာ ၅နှစ်ရှိလျှင် ပင်စင်ယူနိုင် ကြောင်း ပြဋ္ဌာန်းကြသည်။ ပင်စင်လစာ ကိုလည်း လုံလောက်စွာပေးဖို့ သဘောတူ ကြသည်။ ထိုအချိန်အထိ ပင်စင်ရသော တိရစ္ဆာန်များကား မရှိသေး။ သို့ရာတွင် ပင်စင်အကြောင်းနှင့် ပတ်သက်၍ တနေ့ တခြားပို၍ ဆွေးနွေးလာကြသည်။ မူ လက ပင်စင်ရသော တိရစ္ဆာန်များအတွက် သတ်မှတ်ထားသော မြေကွက်ကို အရက် ချက်ဖို့ ကောက်ညှင်းစိုက်ရန် ဆုံးဖြတ် လိုက်သဖြင့် စားကျက်ထဲမှ တနေရာကို ပင်စင်ရသော တိရစ္ဆာန်များအတွက် ဝင်းခတ်ကာ သတ်မှတ်ပေးလိမ့်မည်ဟု သတင်းထွက်၍ လာသည်။ ပင်စင်ရသော အခါ မြင်းများနွားများကို တနေ့လျှင် စပါးနှစ်ပြည် ပြောင်းရိုးတထုံးနှင့် ကောက်ရိုး အလုံအလောက်ပေးလိမ့် မည်။ အလုပ်ပိတ်ရက်များတွင် နှမ်းဖတ် ပါပေးလိမ့်မည်ဟု ကြားရသည်။ နောက် တနှစ်မိုးကျခါနီးတွင် ဂျိုကားမှာ အသက် ၁၂နှစ်ပြည့်မည်ဖြစ်၍ ပင်စင်သွားနိုင် လိမ့်မည်။ ထိုအတောအတွင်း၌ တိရစ္ဆာန်များ မှာ အလုပ်များ၍ အစားအသောက်ချောင် လည်ခြင်း မရှိကြ။ နေ့စဉ်အစာဝေရာ၌ လည်း ဝက်များ ခွေးများမှတပါး ကျန် တိရစ္ဆာန်များကို လျှော့၍ဝေသည်။ အား ခြေလေးချောင်းတော်လှန်ရေး (၂၂) သခင်ဘသောင်း လုံးသော တိရစ္ဆာန်များကို ညီတူညီမျှ အစာဝေမည်ဆိုလျှင် တိရစ္ဆာန်ဝါဒနှင့် ဆန့်ကျင်လိမ့်မည် ဖြစ်ကြောင်းနှင့်လည်း သံကြောင်က ပြောသည်။ တိရစ္ဆာန်များ အား အစာကိုလျှော့၍ဝေခြင်းမှာ စင်စစ် အားဖြင့် အစာရှားပါး၍ မဟုတ်ကြောင်း ကိုလည်း သံကြောင်က အကြောင်းခိုင်လုံ စွာ ပြ၍ပြောသည်။ အခိုက်အတန့် အဖို့တွင် အစာကိုပြင်၍ ဝေရခြင်းသာဖြစ် သည်။ သံကြောင်က “ပြင်၍ဝေရခြင်း” ဆိုသော စကားကိုသာ သုံးသည်။

“လျှော့၍ ဝေရခြင်း” ဆိုသော စကားကို မသုံး။ သံကြောင်အလိုအားဖြင့် ဦးသာခေါင်၏ လက်ထက်ကနှင့် စာ လျှင် ခြေလေးချောင်းကွင်း၏ အခြေ အနေမှာ များစွာ တိုးတက်၍ လာသည်။ ထိုနောက်သံကြောင်က “ရဲဘော် တို့ အခုငါတို့ဟာ ဦးသာခေါင်၏ လက် ထက်ကနှင့် မတူ။ စပါးလည်း ပို၍ ထွက်သည်။ ပြောင်းလည်း ပို၍ ထွက် သည်။ နှမ်းတို့ မြေပဲတို့လည်း ပို၍ ထွက်သည်။ ငါတို့သောက်ရသည့် ရေလည်း ပို၍ ကောင်းလာသည်။ ငါတို့ သက်တမ်းလည်း ယခင်ကထက် ပို၍ ရှည်လာသည်။ နို့စို့ တိရစ္ဆာန် အသေ အပျောက်လည်း အများကြီးလျှော့၍ သွားသည်။ ခင်း၍ အိပ်ဖို့ ကောက်ရိုး များလည်း ပို၍ရသည်။ မှတ်၊ ခြင်၊ ယင် အကိုက်လည်း သက်သာသွား သည်။ ဦးသာခေါင်သာရှိလျှင် ယခုလို ဘဝ မျိုးကို ငါတို့ရကြမှာ မဟုတ်ဘူး”ဟု စာရင်းအင်းများကို ဖတ်ပြကာ စာစာ စာစာနှင့် ပြောပြသည်။ တိရစ္ဆာန်များ လည်း သံကြောင် ပြောသမျှကို တလုံးမ ကျန် ယုံကြသည်။ တိရစ္ဆာန်များ၏ စိတ်ထဲတွင် ဦးသာခေါင်နှင့် ပတ်သက် သမျှသော အကြောင်းတို့ကို မေ့၍ကုန် ကြပြီ။ ဦးသာခေါင် မရှိသည့် နောက်တွင် အလုပ်လည်း ပင်ပန်း။ အစားအသောက် လည်း လောက်လောက်ငင မရှိ။ မျက်စိ နှစ်လုံးမှိတ်သည့် အခါမှတပါး အလုပ် နှင့် ကိုယ်နှင့်မပြတ်အောင် လုပ်နေကြ ရသဖြင့် အနေရ ကြပ်တည်းကြသည်မှာ မှန် သည်။ သို့ရာတွင် ဦးသာခေါင် လက် ထက်က ထို့ထက်ပင် ဆိုးသေးသည်ဟု ယုံကြသည်။ ထိုသို့ ယုံကြသဖြင့် စိတ် ချမ်းသာမှု ရကြသည်။ တိရစ္ဆာန်များမှာ ဦးသာခေါင်ရှိစဉ်က ကျွန်အဖြစ်နှင့်သာ နေကြရ၍ ယခုမှာမူ လွတ်လပ်စွာ နေကြရသည်။ လွတ်လပ်ခြင်းသည် ကျွန်အဖြစ်နှင့် နေရခြင်းထက် ကောင်း သည်။

ဤသို့ သံကြောင်က တိရစ္ဆာန် များအား တရားပြသည်။ လွတ်လပ်ခြင်း ရပြီးနောက် တိရစ္ဆာန် များမှာ စားမည့်သူများ ပို၍လာသည်။ ဝက်မလေးကောင်ကလည်း စုစုပေါင်း ဝက်ကလေး သုံးဆယ့် တကောင်မွေး သည်။ အားလုံးသော ဝက်ကလေး သုံးဆယ့် တကောင် မွေးသည်။ အားလုံးသော ဝက်ကလေးများမှာ ဗန္ဓုလကဲ့သို့ ဝက်ကျားကလေး များချည်း ဖြစ်သည်။ ခြေလေးချောင်းကွင်းတွင် ဗန္ဓုလ တကောင်သာ ဝက်သိုးရှိသဖြင့် ထိုဝက် ကလေးများ၏ ဖခင်မှာ မည်သူဖြစ်သည် ကိုလည်း အလွယ်နှင့် သိနိုင်သည်။ အုတ် နှင့်ပျဉ်များရသောအခါ ဝက်ကလေးများ အတွက် ကျောင်းဆောက်ပေးမည်ဟု ဗန္ဓုလက ကျေညာသည်။ ကျောင်းမ ဆောက်ရမီ အတောအတွင်း၌ ဝက်ကလေး များအား မီးဖိုဆောင်ထဲ၌ ဗန္ဓုလက ကိုယ်တိုင်က စာသင်ပေးနေသည်။ ဝက် ကလေးများကို ပန်းခြံထဲ၌သာ ကစား စေပြီးလျှင် အခြားတိရစ္ဆာန်ငယ်များနှင့် ရောနှော ခွင့်မပြု။ ထိုအချိန်အခါလောက် တွင် လမ်း၌ ဝက်နှင့် အခြားတိရစ္ဆာန်များ တွေ့ကြလျှင် အခြားတိရစ္ဆာန်များက လမ်းဖယ်၍ ပေးကြရမည်ဟု အမိန့်ထုတ် လိုက်သည်။ ထို့ပြင် တနင်္ဂနွေနေ့များတွင် ဝက်မှန်သမျှ အကြီးအငယ် အရွယ် အလတ် မရွေး အမြီးတွင် ဖဲကြိုးအစိမ်း တပ်ဆင်နိုင်သော အထူးအခွင့်အရေး ရရှိစေရမည်ဟုလည်း အမိန့်ထုတ်ထား သည်။ ထိုနှစ်တွင် ခြေလေးချောင်းကွင်းမှာ ငွေစ အလုံအလောက် မရှိသော်လည်း အခြေအနေမှာ မဆိုးလှ။ ကျောင်း ဆောက်ဖို့ အုတ်အင်္ဂတေဝယ်ရန်နှင့် ဓါတ်မီးစက်အတွက် စက်ကိရိယာ ဝယ် ရန် စရိတ်ငွေရဖို့အတွက် ချွေတာနိုင်သမျှ ချွေတာရလိမ့်မည်။ ထိုမှတပါး မီးထွန်း ဖို့ ရေနံဆီ ဖယောင်းတိုင်း စသည် တို့အတွက်လည်း ငွေစလိုလိမ့်မည်။ ဗန္ဓုလအတွက် သကြားလည်း ဝယ်ရ လိမ့်မည်။ အခြားဝက် များမှာ သကြား စားလျှင် ဝတတ်သည်ဆိုသော အကြောင်း ပြချက်ဖြင့် သကြားစားခွင့်မရကြ။

ထို့ပြင် လက်နက်ကိရိယာများ ထင်းများ ကြိုးများ သံချောင်းများ သံတိုမယ်န စသည်များ နောက်ထပ်ဝယ်ဖို့ အတွက် လည်း ငွေစလိုလိမ့်ဦးမည်။ ထို့ကြောင့် ကောက်ရိုးပုံကြီး တပုံကိုလည်း ရောင်း လိုက်ရသည်။ နောက်ထပ် နှမ်းများကို လည်း ရောင်းလိုက်ရသည်။ ကြက်ဥများ ကိုလည်း တနင်္ဂနွေတပတ်လျှင် လုံးရေ ခြောက်ရာထိ တိုး၍ရောင်းရသဖြင့် ကြက်မများမှာ ကြက်ကလေးများ မဖေါက်ကြရသောကြောင့် ကြက်ကလေး အရေအတွက် လျှော့မသွားဖို့ပင် ခဲယဉ်း လျှက်ရှိသည်။ အစာဝေရာ၌လည်း ပထမ လျှော့၍ ဝေပြီးသားကိုပင် နောက်ထပ် လျှော့၍ ဝေရပြန်သည်။ နွားခြံဆိတ်ခြံ သိုးခြံများ၌ ထွန်းနေကြမီးခွက်များကို လည်း ရေနံဆီ အကုန်သက်သာစေခြင်းငှါ မထွန်းရဟု အမိန့်ထုတ်ထားသည်။ သို့ ရာတွင် ဝက်များမှာ စည်းစိမ် မပျက်ကြ။ အမှန်မှာ ဝက်များသည် ယခင်ကထက်ပင် ပို၍ ဆူဖြိုးနေကြသည်။ တညနေတွင် တိရစ္ဆာန်များသည် အလွန်သွားရည် ယိုချင်စရာကောင်းသော အနံ့တခုကို ရကြသည်။ ထိုအနံ့မှာ အရက် ချက်ရန် ကောက်ညှင်းပေါင်းသော အနံ့ ဖြစ်သည်။ တိရစ္ဆာန်များသည် သူတို့ ကိုကျွေးလိုကျွေးငြား ကောက်ညှင်းပေါင်း နံ့ကို နှာခေါင်း တပွပွနှင့်အနံ့ခံကာနေ ကြသည်။ သို့ရာတွင် ကောက်ညှင်း ပေါင်းကို မစားကြရုံမျှမက နောက် တနင်္ဂနွေနေ့ ကျသောအခါ ကောက်ညှင်း စပါးရှိသမျှကို ဝက်များအတွက် သီးသန့် ထားရမည်ဟု အမိန့်ထုတ်ပြန်သည်။ ယခင်က မြက်ခြံလုပ်ဖို့ မြေကွက်ကို လည်း ကောက်ညှင်း ကြဲလိုက်ပြီ။

ထိုအခိုက် တွင် ဝက်များမှာ နေ့စဉ်အုန်းမှုတ်ခွက်နှင့် တခွက်ကျ အရက်ဝေစုရကြောင်း ဗန္ဓုလ ကိုယ်တိုင်မှာ မြူအိုးနှင့် တဝက်စာခန့် ရကြောင်း သောက်သည့်အခါတွင် ဖန်ချိုင့်နှင့် ထည့်၍ သောက်ကြောင်းနှင့် သတင်းဖြစ်ပေါ်လာသည်။ သို့ရာတွင် တိရစ္ဆာန်များမှာ ယခင် ကထက် အခြေခံအနေဂုဏ်မြင့် လာသ ဖြင့် စားရသောက်ရ စိတ်ဆင်းရဲရသော် လည်း စိတ်ဖြေနိုင်ကြသည်။ ပွဲလမ်းသ ဘင်လည်း ယခင်ကထက် များလာသည်။ ဟောပြောပွဲများလည်း ယခင်ကထက် ပေါလာသည်။ စီတန်းလှည့်လည်ခြင်း များလည်း ယခင်ကထက် တိုးလာသည်။ ထို့ပြင် တနင်္ဂနွေတပတ်လျှင် တကြိမ်ကျ စေတနာအင်အားပြပွဲ ကျင်းပရမည်ဟု ဗန္ဓုလက အမိန့်ထုတ်ပြန်သည်။ ထိုအင်အား ပြပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ ခြေလေးချောင်းကွင်း ဖြစ်ပေါ်လာစေရန် ကြိုးပမ်းခဲ့မှုများ ခြေလေးချောင်းကွင်း၏ အောင်မြင်မှုများကို ပေါ်လွင်ထင်ရှားစေ ရန် ဖြစ်သည်။ စေတနာအင်အားပြပွဲ ကျင်းပသည့်အခါတွင် တိရစ္ဆာန်တို့သည် ချိန်းဆိုထားသောအချိန်တွင် မိမိတို့နေ ရာခြံမှာ စစ်ချီသကဲ့သို့ စီတန်းထွက်လာ ကြရသည်။ ဝက်များမှာ ရှေ့ဆုံးကနေကြ သည်။

သူတို့နောက်မှ မြင်းများ၊ မြင်း များ နောက်မှ နွားများ၊ နွားများနောက်မှ သိုးများ ဆိတ်များ၊ သိုးများ ဆိတ်များ နောက်မှာ ကြက်များဘဲများက အစဉ်အ တိုင်းလိုက်ကြရသည်။ ဂျိုကားနှင့် ခွါဖြူ တို့က “ရဲဘော်ဗန္ဓုလ သက်တော်ရာ ကျော်ရှည်စေသော” ဟူသော ကဗျည်း ထိုးထားသည့် ချိုနှင့်ခွါအလံကြီးကို တ တက်တချက်ကိုင်၍ လိုက်ကြသည်။ အင်အားပြပွဲပြီးသောအခါ ဗန္ဓုလ၏ ဘုန်းတော်ဘွဲ့ကို သီဆိုကြသည်။ ထို့နောက်သံကြောင်က ခြေလေးချောင်း ကွင်းတွင် ကောက်ပဲသီးနှံ ယခင် ကထက်ပို၍ ထွက်သည့်အကြောင်းကို စာရင်းအင်းများပြကာ တရားဟော သည်။ ရံဖန်ရံခါလည်း သေနတ်ဖေါက် သည်။ စေတနာအင်အား ပြပွဲကို သိုးများက သဘောအကျဆုံး ဖြစ်သည်။ လာမည့်အပတ် ဆက်လက် ဖော်ပြပါမည်။

Related Posts