မြေ/ကျောက်တင်ယာဉ်များ လုံးဝ မဝင်ရ

0
588

လူနေလမ်းတစ်ခုအတွင်း မြေသယ် ယာဉ်များနှင့် ကျောက်တင် ယာဉ်များ လုံးဝမဝင်ရန် ဆိုင်းဘုတ်ထောင်ပြီး တားမြစ်မှုတစ်ခု မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု ရှမ်းချောင်း ကျေးရွာသတင်းစာ တိုက်လမ်းတွင် မတ်လ ၁၈ ရက်က ပြုလုပ်ခဲ့ကြောင်း ယင်းလမ်းနေသူများ ထံမှ သိရသည်။

ကုမ္ပဏီတစ်ခုမှ မြေသယ်ယာဉ်နှင့် ကျောက်တင်ယာဉ် အစီးရေ ၅၀ စီးခန့် နေ့စဉ် လမ်းအတွင်း ဖြတ်သန်းနေခဲ့ သဖြင့် လမ်းအတွင်း နေအိမ်များနှင့် ဈေးဆိုင်တို့တွင် ဖုန်များတင်ကျန်ခဲ့ခြင်း၊ နေအိမ်များတွင် ဖုန်များထူထပ်ခြင်း၊ ကလေးငယ်များ ဖြတ်သန်းသွားလာ ရာတွင် ယာဉ်အန္တရာယ်ဖြစ်မည်ကို စိုး ရိမ်နေရခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးများတို့တွင် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားလာနိုင် သည့်အတွက် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း လမ်းနေသူအချို့က ပြောပြသည်။

“လမ်းက သက်ကြီးရွယ်အိုတွေ လည်း အိမ်ပြောင်းရတာနဲ့ စားသောက် ဆိုင်တွေလည်း ဖုန်ထူတော့ ရောင်းချ လို့လည်း မရတော့ဘူး လမ်းပိတ်တာ မဟုတ်ဘူး၊ ယာဉ်တွေကို မဝင်ခိုင်းတာ ပါ”ဟု လမ်းနေသူတစ်ဦးဖြစ်သူ ဦးတင်စိုး က ပြောသည်။
သတင်းစာတိုက်လမ်းအတွင်းမှ မဖြတ်ဘဲ အခြားလမ်းတစ်ခုမှ ဖြတ်သန်း ရန် ကုမ္ပဏီသို့ ပြောပြသော်လည်း ဂရုမစိုက်ဘဲ ဆက်ပြီး ဖြတ်သန်းနေ သဖြင့် လမ်းသူ/သားများ စုပေါင်းပြီး ဆိုင်းဘုတ်ထောင်ကာ ယာဉ်များမဝင်ရန် တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးတင်စိုးက ပြောပြသည်။

အဆိုပါ မြေသယ်ယာဉ်များကို လမ်းအတွင်း ယာယီဖြတ်သန်းခွင့်ပြုရန် လမ်းနေသူများအား ပြီးခဲ့သည့် သုံးနှစ် ခန့်က ကုမ္ပဏီတာဝန်ရှိသူမှ အကူအညီ တောင်းသဖြင့် ခွင့်ပြုပေးထားသော်လည်း လက်ရှိအချိန်ထိ ဖြတ်သန်းနေကြောင်း လမ်းနေသူတစ်ချို့က ပြောပြသည်။
“နေ့တိုင်းဖြတ်နေတာ ကားသံတွေ က ဆူညံတယ် ဆိုင်ကမုန့်တွေလည်း မြေမုန့်တွေတက်လို့ ရောင်းလို့ မရတော့ ဘူး ဘုရားခန်းအထိအပါ မြေမှုန့်တွေ ကပ်နေတာ”ဟု သတင်းစာတိုက်လမ်းနေ လက်ဖက်ရည်ဆိုင်ရှင် ဒေါ်သူဇာက ပြောသည်။

မြေသယ်ယာဉ်များက မြေများကို အခြားတစ်နေရာမှ သယ်ယူလာပြီး သတင်းစာတိုက်လမ်းသို့ဖြတ်ကာ ငွေပုလဲ ရပ်ကွက်ရှိ မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက် ရေး ကုမ္ပဏီ (MFD) အတွင်းသို့ ပို့ဆောင် နေကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး MFD ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ ရွာသားက ဖြတ်သန်းခွင့်တားမြစ်ခဲ့သဖြင့် ဖြတ်သန်းတော့မည်မဟုတ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူတစ်ဦး ပြောသည်။

“လမ်းအတွင်းသို့ မြေကား ကျောက် ကားများ လုံးဝ(လုံးဝ) မဝင်ရ”ဟု ဆိုကာ မေလ ၁၈ ရက်က ဆိုင်းဘုတ်ထောင်ပြီး တားမြစ်ပြီးနောက် မော်တော်ယာဉ်များက သတင်းစာတိုက် လမ်းမှမဖြတ်ဘဲ အခြား လမ်းတစ်ခုကို အသုံးပြုနေပြီဖြစ်ကြောင်း လမ်းနေသူ တို့မှ သိရသည်။

နောက်ပိုင်းတွင် ယာဉ်များက လိုက်နာခြင်းမရှိဘဲ လမ်းအတွင်းသို့ ဖြတ်သန်းမောင်းနှင်မည်ဆိုပါက သက် ဆိုင်ရာဌာနများသို့ လမ်းသူ/သားများ လက်မှတ်ရေးထိုးပြီး တိုင်ကြားသွားမည် ဖြစ်ကြောင်း ယင်းလမ်းနေသူတို့က ဆိုသည်။