ဆီအုန်းစိုက်ပျိုးမြေဧရိယာများအတွင်း ကျူးကျော်သူများကို တရားစွဲရန် စာထုတ်

0
438

ကော့သောင်းခရိုင်အတွင်းရှိ ဆီ အုန်းစိုက်ပျိုးထားသည့် မြေဧရိယာများ အတွင်း ကျူးကျော်ဝင်ရောက်လုပ်ကိုင်၊ နေထိုင်သူများကို မြေလွတ်မြေရိုင်း ဥပဒေ၊ လယ်ယာမြေဥပဒေများဖြင့် တရားစွဲရန် ကော့သောင်းခရိုင် စိုက်ပျိုရေးဦးစီးဌာနမှ ဆီအုန်းကုမ္ပဏီများထံ ညွှန်ကြားစာ တစ်စောင်ကို ဖေဖော်ဝါရီလ ၂၈ ရက်က ပေးပို့ခဲ့သည်။
ဆီအုန်းစိုက်ပျိုးမှု အများဆုံးဆောင် ရွက်နေသည့် ယုဇန၊ အဏ္ဏဝါထွန်း၊ ဒဂုံ တင်းဘား၊ တောင်ဒဂုံ၊ ရွှေဆီအုန်းနှင့် ပိုကောင်းဆီကုမ္ပဏီများထံ အဆိုပါ ညွှန်ကြား စာများပေးပို့ခဲ့ကြောင်း ခရိုင်စိုက်ပျိးရေး ဦးစီးဌာနခရိုင်ဦးစီးမှူး ဦးသိန်းစိုးက ပြောသည်။

ဆီအုန်းစိုက်မြေဧရိယာများအတွင်း ဒေသခံများ ကျူးကျော်နေထိုင်မှု မရှိစေ ရေး ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ပေး ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအ ဖွဲ့၏ လမ်းညွှန်မှုဖြင့် ကော့သောင်းခရိုင် ထွေအုပ်ရုံးက ဖေဖော်ဝါရီ ၂၃ရက် ရက်စွဲဖြင့် စိုက်ပျိုးရေးဦးစီးဌာနထံ ထပ် ဆင့်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကြပ်မတ်ဖို့ဆိုတာက ကျူးကျော် သူတစ်ဦးချင်းစီကို လိုက်ပြောဖို့က မဖြစ် နိုင်ဘူး၊ အဓိက ဆီအုန်းစိုက်ပျိုး မြေဧရိယာ အတွင်းမှာ ကျူးကျော်နေထိုင်မူတွေ မရှိ ဖို့ဆိုရင် တရားဥပဒေနဲ့အညီ တရားစွဲဆို ဆောင်ရွက်မှပဲ ရမယ်။ ဒါကြောင့် ဒီစာကို ထုတ်တာ”ဟု ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးသိန်းစိုးက ဆိုသည်။

ဆီအုန်းကုမ္ပဏီများ၏ လုပ်ကိုင် ခွင့်ရ မြေဧရိယာအတွင်း ဒေသခံများ ကျူးကျော်ဝင်ရောက်လုပ်ကိုင်မှုများ ရှိ နေသည့်အတွက် မြေယာတည်ဆဲဥပဒေ အရ တရားစွဲဆိုနိုင်ကြောင်း ခရိုင်အုပ် ချုပ်ရေးမှူး ဦးနေဦးက ဆိုသည်။
“သူများပိုင်ဆိုင်ထားတဲ့ မြေဧရိယာ ထဲကို ဥပဒေမဲ့မကျူးကျော်စေချင်တဲ့ သဘော၊ ပြည်သူလူထုကိုလည်း ဥပ ဒေနဲ့အညီ ဖြစ်စေချင်တဲ့သဘောပါ”ဟု ၎င်းက ဆိုသည်။

ဆီအုန်းကုမ္ပဏီများဘက်ကလည်း ၄ နှစ်အတွင်း အမှန်တကယ်အကောင် အထည်မဖော်ဘဲ ပစ်ထားသည့် မြေလွတ် မြေရိုင်းများ၊ မစိုက်နိုင်သည့် မြေလွတ် မြေရိုင်းများကို ပြန်လည်စွန့်လွှတ်ပေးရ မည်ဖြစ်ပြီး ယင်းမြေလွတ်မြေရိုင်းများ ကို နိုင်ငံသားတိုင်းဥပဒေနှင့်အညီ လျှောက် ထားနိုင်သည်ဟု ဦးနေဦးကဆိုသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းက ဒဂုံတင်းဘားဆီအုန်း ကုမ္ပဏီလုပ်ပိုင် ခွင့်ရသည်ဆိုသည့် ဧရိယာအတွင်း ဝင် ရောက်လုပ်ကိုင်ခဲ့သည့် ဦးဇော်မင်းထွန်း ကမူ “ကျွန်တော်တို့ လက်ရှိအခြေအ နေကဆုတ်လဲစူး၊ စားလည်းရူးဘ၀ဖြစ် နေတယ်”ဟု ဆိုသည်။

ဒဂုံတင်းဘားကုမ္ပဏီက ဆီအုန်း စိုက်ပျိုးခြင်းမရှိသည့် မြေနေရာဧက ၅၀ ခန့်တွင် ကွမ်းပင်နှင့် ရော်ဘာပင်များ ဝင်ရောက် စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်းဖြစ် ပြီး ယင်းအချိန်က မည်သူမျှလာရောက် တားဟန့်တားခဲ့ခြင်း မရှိခဲ့ဟု ဦးဇော်မင်း ထွန်းက ပြောသည်။
အပင်များ စိုက်ပျိုးအောင်မြင်သည့် အချိန်မှ မီးရှို့ဖျက်ဆီးခံရခြင်း၊ ကုမ္ပဏီ ဘက်က အပင်များကို နှုတ်ခိုင်းခြင်း စ သည်တို့ကြောင့် ဆုံးရှုံးနေရပြီး ၎င်းတို့ ကို ပြန်လည်လုပ်ကိုင်မည်ဆိုပါက လည်း တရားစွဲမည်ဟု ခြိမ်းခြောက်မှုကို ခံနေရသည်ဟု ၎င်းက ဆိုသည်။

ဆီအုန်းကုမ္ပဏီအချို့မှာ မြေပြင် တွင် အမှန်တကယ်စိုက်ပျိုးမှုမရှိခြင်း၊ ခွင့်ပြုထားသည့် ဆီအုန်းမစိုက်ဘဲ အခြား နှစ်ရှည်ပင်များကို စိုက်ပျိုးခြင်း စသည် တို့ရှိနေကြောင်း ကော့သောင်းခရိုင် မြေယာကိစ္စများ အထူးစိစစ်ရေးကော်မ တီထံမှ သိရသည်။