သပွတ်အူ ထားဝယ်အထူးစီပွားရေးဇုန် စီမံကိန်း ပြန်စမည်

0
726

ရပ်နားထားသည်မှာ နှစ်ချီ ကြာခဲ့ ပြီဖြစ်သော ထားဝယ်အထူးစီပွားရေးဇုန် လုပ်ငန်းများ ယခု ၂၀၁၈ ခုနှစ်အတွင်း ပြန်လည်စတင်မည်ဖြစ်ကြောင်း ထားဝယ်အထူးစီပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဝင်များက ပြောကြားလိုက် သည်။
ထားဝယ်အထူးစီပွားရေးဇုန်အ တွင်းရှိ အီတာလျံ-ထိုင်း(ITD)ခန်းမ၌ ဇန်နဝါရီလ ၁၉ ရက်က ပြုလုပ်သော လူထုရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြား ခဲ့ကြခြင်း ဖြစ်သည်။

ကနဦးစီမံကိန်း(Initial Phase)အနေဖြင့် စီမံကိန်း ၉ ခု လုပ်ဆောင် မည်ဖြစ်ပြီး ယင်းအနက်မှ ထားဝယ် အထူးစီပွားရေးဇုန်နှင့် ထီးခီးနယ်စပ် ဆက်သွယ်သည့်လမ်းလုပ်ငန်း၊ လျှပ်စစ် မီးရရှိရေး၊ ဆိပ်ကမ်းငယ် ပေါ်ပေါက်ရေး တို့ကို အစဉ်လိုက် လုပ်ဆောင်သွားမည် ဟု ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာ မြင့်ဆန်းက ပြောသည်။
စီမံကိန်း၏ Full Phase (စီမံကိန်း တစ်ခုလုံး)အတွက် ဂျပန်မှ ရေးဆွဲနေ သည့် Master Plan မှာ ယခုနှစ် မေလ တွင် အချောသတ် ပြီးစီးမည်ဖြစ်ပြီး ပြီးစီးသည်နှင့်Full Phase မှ ဦးစားပေး လုပ်ဆောင်ရမည့်အပိုင်းများကို စတင် လုပ်ဆောင်သွားနိုင်ရန် ဆောင်ရွက်သွား မည်ဟု ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာ မြင့်ဆန်းက ဆိုသည်။

“ဒီ Project(စီမံကိန်း)ကြီးက ၃ နိုင်ငံပေါ့၊ ထိုင်းရယ် မြန်မာရယ် ဂျပန် ရယ်။ ၂၀၁၈ ထဲမှာ ဒီလုပ်ငန်းတွေ စတင်နိုင်မယ်လို့ မျှော်လင့်တယ်”ဟု ဒေါက်တာမြင့်ဆန်းက ပြောသည်။
ယင်း ပြောကြားမှုသည် ယခုအစိုးရ သစ်လက်ထက် ၂၀၁၆ မေလတွင် ဖွဲ့စည်းခဲ့သော ထားဝယ်အထူးစီပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီမှ ပထမဆုံး ပြောကြားမှု ဖြစ်သည်။

ထားဝယ်အထူးစီပွားရေးဇုန် တည်ဆောက်ရန် ၂၀၀၈ ခုနှစ်က ထိုင်း နှင့် မြန်မာအစိုးရတို့ နားလည်မှု စာချွန် လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ တွင် မြေပြင်တွင် အီတာလျံ-ထိုင်းကုမ္ပဏီမှ စတင်အကောင်အထည် ဖော်ခဲ့ပြီး အကြောင်းအမျိုးမျိုးဖြင့် ကြန့်ကြာနေခဲ့ သည်။
စီမံကိန်း စတင်စဉ်က ပြောင်းရွှေ့ ရမည့် ကျေးရွာ ၁၉ ရွာ ပါဝင်ခဲ့ပြီး အဆင့်ဆင့် ပြန်လည်ညှိနှိုင်းခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ပြောင်းရွှေ့စာရင်းတွင် ရွာ ၆ ရွာသာ ကျန်ခဲ့သည်။

“၆ ရွာလုံးကို ရှောင်သွားချင်တယ်။ ၆ ရွာလုံး မပါဘဲနဲ့ တစ်ရွာပဲ နှစ်ရွာပဲ ရွှေ့ရတဲ့ဟာမျိုး ဖြစ်မလားပေါ့နော်၊ ဒါတော့ ညှိနှိုင်းဆဲပဲ ရှိသေးတယ်။ ဘယ်ရွာပါမယ် ဘယ်ရွာမပါဘူးဆိုတာ တော့ ပြောလို့ မရဘူး ဖြစ်နေတယ်” ဟု ဒေါက်တာမြင့်ဆန်းက ပြောသည်။
စီမံကိန်းအတွင်း လိုအပ်သည့် လျှပ်စစ်ဓာတ်အားအတွက် ဂက်စ်ကို လျာထားဆွေးနွေးထားကြောင်း ဒေါက်တာ မြင့်ဆန်းက ပြောသည်။
“စက်မှုဇုန်ဖြစ်မယ်ဆိုရင် လျှပ်စစ် ဝန်ကြီးဌာနရဲ့ အကူအညီနဲ့ ကံပေါက် ဂက်စ်ကို သုံးပြီးတော့ ဒီထဲမှာ မဂ္ဂါဝပ် ၅၀ လောက်က အချိန်မရွေး ဖြစ်နိုင်တယ်၊ လောလောဆယ် ဘာမှ မရှိသေးလို့သာ မီးမသွယ်သေးတာပေါ့နော်”ဟု ၎င်းက ဆိုသည်။
စီမံကိန်း ပြန်စမည်ဟု ပထမဆုံး ပြောလာသည့် လက်ရှိအစိုးရအနေဖြင့် ထုတ်ပြန်ရန် လိုအပ်သော သတင်း အချက်အလက်များအား ကျယ်ကျယ် ပြန့်ပြန့် မြန်မြန်ဆန်ဆန် ထုတ်ပြန်ပေး ရန် လိုအပ်ကြောင်း ထားဝယ်အထူးစီပွားရေးဇုန်နှင့်ပတ်သက်၍ သုတေသန ပြုခြင်း၊ သတင်းအချက်အလက်ရပိုင်ခွင့်၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကာကွယ် ကူညီပေးခြင်း စသည့်လှုပ်ရှားမှုများ ဆောင်ရွက်နေသော ထားဝယ်ဖွံ့ဖြိုးရေး အဖွဲ့(DDA)၏ ဒါရိုက်တာတစ်ဦးဖြစ် သူ ဦးသန့်ဇင်က ပြောသည်။

“အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိဘူး။ လူတွေကို သတင်းအချက် အလက် ပေးရမယ်လေ”ဟု ဦးသန့်ဇင်က ပြောသည်။
လက်ရှိ ရေးဆွဲနေသည့် စီမံကိန်း Master Plan အား ဒေသခံရွာသားများ၊ အဖွဲ့အစည်းများမှ မပြီးခင် ပြင်နိုင် ကြည့်နိုင် ပြန်လည်ဝေဖန်နိုင်သည့် အခွင့် အရေးမျိုး ရှိရမည်ဖြစ်ပြီး အချော သတ် အတည်ပြုပြီးမှ လာပြခြင်းမျိုး မဖြစ်သင့် ကြောင်း ဦးသန့်ဇင်က ပြောသည်။
“Master Plan ဆွဲလာပြီးတာနဲ့ ဒီအတိုင်း အကောင်အထည် ဖော်မယ် ဆိုရင်တော့ တကယ့် ပြည်သူကို ဗဟိုပြု တဲ့ ဖွံ့ဖြိုးရေးမျိုး ဖြစ်ရဲ့လားဆိုတာ စဉ်းစားစရာ ရှိတယ်လေ” ဟု ၎င်းက ဆိုသည်။

စီမံကိန်းကို တာဝန်ယူ အကောင်အ ထည်ဖော်သူများမှ တာဝန်ခံမှုရှိသည် ဆိုပါက လူထုရှင်းလင်းပွဲများကို ဒေသခံ အားလုံး ပါဝင်နိုင်အောင် ပွင့်လင်းစွာ လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြော သည်။
“စီမံကိန်းက ပွင့်လင်းမြင်သာမှု ရှိတယ်/မရှိဘူးဆိုတာ ဖိတ်တာသည် လူရွေးပြီးဖိတ်တာလား၊ မဟုတ်ဘူးဆို ကြိုက်တဲ့သူလာလို့ရလား၊ စိတ်ဝင်းစား တဲ့သူ မည်သူမဆို လာလို့ရလား”ဟု ဦးသန့်ဇင်က မေးခွန်းထုတ်သည်။
ထားဝယ်အထူးစီပွားရေးဇုန် Master Plan တွင် အနီးစပ်ဆုံး ပါဝင် လာနိုင်သည့် ရေဖြူမြို့နယ် မူးဒူးရွာမှ ရွာသားများအား ဇန်နဝါရီလ ၁၉ ရက် တွင် ကျင်းပသည့် လူထုရှင်းလင်း ပွဲသို့ ရွာသားများအား မဖိတ်ကြားခဲ့ဟု ယင်း ရွာသူ ဒေါ်စန်းကြည်က ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ယင်းပွဲရှိကြောင်း သတင်းပေးသဖြင့် သွားရောက်ခဲ့ရာ ၎င်း၏ရွာသားများကို မတွေ့ရဘဲ ရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးမကိုသာ တွေ့ရပြီး သူမ တွေ့ဆုံပွဲ မှ အပြန်တွင် ရွာသူရွာသားများက သတင်းဝိုင်းမေးကြကြောင်း ဒေါ်စန်း ကြည်က ပြောသည်။

“ရွာမှာ ဖိတ်တာ မရှိဘူး။ စမယ်ဆို တာနဲ့တောင် ရွာသားတွေ မခေါ်ဘဲ (မြေယာနှင့် အလုပ်အကိုင် အခွင့် အလမ်း) ပွဲစားတွေလောက်နဲ့ လုပ်သလို ဖြစ်နေ တယ်”ဟု ဒေါ်စန်းကြည်က ပြောသည်။
ယင်းပွဲကို ကော်မတီဘက်မှ ဒုတိယအကြိမ်လူထုကြားနာပွဲဟု အမည် တပ်ခဲ့ပြီး စီမံကိန်းနီးစပ်မှ မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဒေသခံ ၁၀၀ ဦးဝန်းကျင် တက်ရောက် ခဲ့သည်။

လက်ရှိတွင် ထားဝယ်အထူးစီးပွား ရေးဇုန်နှင့် ထီးခီးနယ်စပ်လမ်းအား ပြန် လည်ပြင်ဆင်ခြင်းလုပ်ငန်း စတင်မည်ဟု သိထားပြီး လုပ်ငန်းမစတင်မီ လမ်း ကြောင့် နစ်နာသူတို့အတွက် လျော်ကြေး၊ နစ်နာကြေးကိစ္စများအား အရင်ရှင်း လင်းပြီးမှ လုပ်ငန်း စတင်စေလိုကြောင်း ရေဖြူမြို့နယ်၊ ပုဂေါစွန်းကျေးရွာအုပ်ချုပ် ရေးမှူးအဖြင့် အရွေးချယ်ခံထားရသူ ဦးရီစွမ်က ပြောသည်။
“ရှေ့က စသွားတဲ့ပုံစံကတော့ တော်တော်လေး စိုးရိမ်ရတယ်။ တိတိပပ ရှင်းရှင်းလင်းလင်း ဘာမှ မရှိသေးဘူး။ နောက်ထပ် အစိုးရလုပ်တဲ့အချိန်ကျတော့ လုပ်တဲ့အပေါ်မှာ မှုတည်ပြီးပဲ ကျွန်တော် တို့က တုန့်ပြန်ရမှာပဲ”ဟု ဦးရီစွမ်က ပြောသည်။
စီမံကိန်း ပြန်စမည်ကို လက်ခံသော် လည်း ထိခိုက်နစ်နာမှုများအတွက် လက်ရှိ အကောင်အထည်ဖော်သူများက အပြည့် အဝ တာဝန်ယူပေးရမည်ဟု ၎င်းက ဆို သည်။

စီမံကိန်းကြောင့် နစ်နာသူများက အထောက်အထားများဖြင့် ကော်မတီသို့ လည်းကောင်း၊ တိုင်းအစိုးရအဖွဲ့သို့ လည်းကောင်း တင်ပြနိုင်ပြီး လျှော်ကြေး ကိစ္စများအတွက် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်သော ကြားဝင် ညှိနှိုင်းပေးသည့် အဖွဲ့အစည်းများ၏ အကူအညီဖြင့် ထိခိုက်မှု အနည်းဆုံးဖြစ် အောင် ဆောင်ရွက်သွားမည်ဟု ထားဝယ် အထူးစီပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက် တာ မြင့်ဆန်းက ပြောသည်။

“အတိတ်မှာတော့ အမှားအယွင်း တွေပေါ့လေ။ အတိတ်ကိုတော့ ကျွန် တော်တို့ ပြန်မသွားတော့ဘူး။ ဒါပေမဲ့ သူတို့နစ်နာ နေတာကို အနည်းဆုံးဖြစ် အောင် ဘယ်လို ဆောင်ရွက်မလဲ၊ အရင်က နစ်နာခဲ့တာကိုလည်း အီတာလျံ -ထိုင်း ကုမ္ပဏီက ပူးပေါင်းပြီးတော့ ဘယ်လို ဖြေရှင်း မလဲဆိုတာ အဖြေရှာနေပါတယ်” ဟု ဒေါက်တာ မြင့်ဆန်းက ပြောသည်။
သပွတ်အူ စီမံကိန်းဟုပင် ပြောနိုင် သည့် ထားဝယ်စီမံကိန်းကို ၂၀၀၈ ခုနှစ်မှ စခဲ့ပြီး ဒေသခံတို့ ထိခိုက် နစ်နာ မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ စွာ ခဲ့ရသည်။

ယင်းနောက် ပြီးခဲ့သည့် နှစ်ပိုင်း ကစပြီး ကာလအတန်ကြာ ငြိမ်သက်ခဲ့ သည်။
ယခု ၁၀ နှစ်အကြာ ၂၀၁၈ ခုနှစ် တွင် ပြန်လည် အသက်ဝင်မည့် အရိပ် အယောင်များ တွေ့နေရပြီဖြစ်သည်။
“အတိတ်က လုပ်ခဲ့တာတွေ အများ ကြီး။ အတိတ်က လုပ်ရပ်တွေကို သင် ခန်းစာယူရမယ်၊ ဖြေရှင်းရမယ်။ အတိတ်ကို မျက်စိမှိတ်ပြီး ကျော်ဖြတ် မယ်ဆိုရင်တော့ စိတ်ဝင်စား စရာပဲ”ဟု ထားဝယ်အထူးစီးပွားရေဇုန် လေ့လာ စောင့်ကြည့်ရေးအဖွဲ့ဝင် ကိုသန့်ဇင်အောင် က ပြောသည်။

ထားဝယ်အထူးစီပွားရေးဇုန် စီမံ ခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) အဖြင့် တာဝန်ယူထားသည့် တနင်္သာရီ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဖြိုးဝင်းထွန်းကမူ ဇန်နဝါရီ ၁၉ ရက်တွင် ပြုလုပ်သည့် ဒေသခံများ နှင့် တွေ့ဆုံပွဲတွင် အောက်ပါအတိုင်း ကတိပြုခဲ့သည်။

“ဒီမှာ ထိုင်နေတဲ့လူတွေက ကျွန် တော်တို့ကို မဲပေးထားတာ၊ ဒီလူတွေ မနစ်နာအောင် လုပ်ပေးရမှာ ကျွန်တော် တို့မှာ တာဝန်ရှိတယ်၊ ဒီတော့ မစိုးရိမ် ပါနဲ့၊ လက်လွတ်စပယ်တော့ ကျွန်တော် တို့ မလုပ်ဘူး၊ ပစ်စလက်ခတ်လည်း မလုပ်ဘူး။ မျှမျှတတ လုပ်မယ်ဆိုတဲ့ အကြောင်း ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်”