မနက်ခင်းငါးဈေးမှ အနံ့ဆိုး မခံနိုင်၍ ပြောင်းရွှေ့စေလို

0
400

မြိတ်မြို့ မြိတ်တောင်နယ်မြေ ရေနံမြေရပ် တောလှေဆိပ်ရှိ မနက်ခင်း ငါးဈေး အနံဆိုးများကို ခံစားနေရသည့် အတွက် ယင်းဈေးကို ပြောင်းရွှေ့စေလို ကြောင်း ယင်းရပ်ကွက်နေသူတချို့က ပြောသည်။
ငါးဈေးအတွင်း ငါးခြင်းနှင့် ငါးပုံး များမှ ကျသော(ရေဆိုး) အညစ်အကြေး များကြောင့် ပတ်ဝန်းကျင်ရှိ နေအိမ်များ ကျန်းမာရေး ထိခိုက်မှုရှိနေကြောင်း ၎င်း တို့က ပြောသည်။

“မိုးရာသီဆိုရင် တော်သေးတယ်။ နွေရာသီဆိုရင်တော့ အဲဒီငါးအရည်တွေ တစ်နေ့လုံး နံနေတာ နေလို့ မနိုင်ဘူး”ဟု ငါးဈေးအနီးနေထိုင်သူ ဦးထွန်းထွန်း ဦးက ပြောသည်။
ထို့ပြင် ဈေးအတွင်း ဆိုင်ကယ်များ မှ အသံကျယ်လောင်စွာ ဝင်ထွက်သွား လာနေပြီး အော်ဟစ် ဆူညံမှုများကြောင့် အိပ်ရေးပျက်ခြင်းနှင့် အနံ့ဆိုးများကြောင့် ခေါင်းမူး ခေါင်းဝေမူများကိုလည်း ကြုံ နေရကြောင်း ယင်းရပ်ကွက်သား တချို့ က ပြောသည်။

“နေ့တစ်နေ့လုံး အလုပ်လုပ်ပြီး ညဆိုကောင်းကောင်း အိပ်ချင်တယ်။ ဆူညံသံတွေကြောင့် အိပ်မရဘူး။ ကြာ လာတော့ ကျန်းမာရေးက ထိခိုက်လာနေ ပြီ”ဟု ငါးဈေးအနီး နေထိုင်သည့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။
အခြားသင့်တော်သည့် နေရာတစ်ခု ခုသို့ ငါးဈေးအား ပြောင်းရွှေ့ပေးနိုင်ရန် ဇန်နဝါရီ ၁၃ ရက်က ပုလဲရတနာခန်းမ တွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား တင်ပြခဲ့ကြောင်း ဦးထွန်းထွန်းဦးက ပြောပြသည်။
ငါးဈေး ပြောင်းရွှေ့ခြင်း ကိစ္စအတွက် သင့်တော်မည့် နေရာ ရှာဖွေနေ ကြောင်း နေရာအခက်အခဲတချို့လည်း ရှိနေကြောင်း မြိတ်မြို့နယ်စည်ပင် သာ ယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပြသည်။

“မြေက ဧကဝက်လောက် လိုတယ်။ လောလောဆယ်။ ရှာနေတုန်းပဲ ရှိသေး တယ်။ ရရင်တော့ ချက်ချင်းဆောင်ရွက်ပေး သွားမယ်”ဟု ဦးမြတ်ကိုကိုက ပြောသည်။
လက်ရှိနေရာသည် လှေဆိပ်နှင့် နီးသဖြင့် အဆင်ပြေနေပြီး မဖြစ်မနေ ရွှေ့ပြောင်းရမည်ဆိုပါက လှေဆိပ်နှင့်နီး သည့်နေရာနှင့် အမျိုးသမီးများ သွားလာ ရေးလုံခြုံမှုရှိသော နေရာသာဖြစ်ချင်ကြောင်း ဈေးရောင်းချသူများက ပြောပြသည်။

သားငါးများကို လူနေအိမ်ရှေ့များ တွင် မရောင်းချဘဲ ဂိုဒေါင် ပရဝဏ် အတွင်းသာ ရောင်းချရန် လိုအပ်ပါက ဂိုဒေါင်ဖျက်ပြီး နေရာပေးမည်ကို ဈေး တာဝန်ခံက ပြောဆိုခဲ့သော်လည်း ဈေး သည်များအနေဖြင့် လိုက်နာခြင်း မရှိ ကြောင်း ငါးရောင်းဝယ်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ ငါးဈေးသည် ယခင်က မြို့သစ်ဈေး အနောက်ဘက်လမ်းတွင် ရောင်းချကြပြီး လက်ရှိနေရာသို့ ပြောင်း ရွှေရောင်းချနေသည်မှာ ၃ နှစ်နီးပါး ရှိနေပြီဖြစ်ကာ နေ့စဉ် ည ၁၂ နာရီမှ နံနက် ၂ နာရီအထိ ရောင်းချလျက်ရှိကြ ကြောင်း ယင်းဈေးမှ သိရသည်။ ယင်း ငါးဈေးမှ သားငါးများကို ဝယ်ယူကြပြီး မြိတ်မြို့ပေါ်ရှိ ဈေးများနှင့် နယ်ကျေး ရွာများသို့ ပြန်လည် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း ယင်းဈေးမှ သိရသည်။