အုပ်ချုပ်ရေးမှူး ရောင်းခဲ့သည့် မြေ ကွက် ယခုအထိ မရဟုဆိုကာ တိုင်ကြား

0
392

ကျေးရွာအုပ်ချုပ်ရေးမှူးက ရောင်း ချခဲ့သည့် မြေကွက်များကို လက်ရှိအချိန် အထိ မရဟုဆိုကာ မြေကွက်မရသူ ၁၈ ဦးက ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြီးခဲ့သည့်ဒီဇင် ဘာလ ၂၂ ရက်က တိုင်ကြားထားကြောင်း တိုင်ကြားသူများထံမှ သိရသည်။
ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုး ကျေးရွာ၊ သောင်ဖြူကျေးရွာ (၂) ငါးအိမ်စု နေရာတွင် နေထိုင်စရာ အတည်တကျ မရှိသူများအတွက် တောရိုင်းမြေနေရာကို ဦးဝင်းမောင် (ယခင်အုပ်ချုပ်ရေးမှူး) လက်ထက်က မြေကွက်ဖော်ထုတ်ပြီး ရောင်းချပေး ခဲ့သော်လည်း လက်ရှိအချိန် အထိ မရရှိသေးဟု ၎င်းတို့က ပြောသည်။

“၂၀၁၃ ခုနှစ်ကတည်းက ဝယ် ထား တာ၊ အဲ့ချိန်က ဒီရေတော လက်ညှိုး ထိုးပြ ရောင်းတာဆိုတော့ အကွက် မသိ ရဘူး၊ ခုက တစ်ခြားလူတွေရပြီး ကိုယ်က မရလို့ တိုင်တာ၊ မြေမရလည်း ငွေပြန် ရရင် ကျေနပ်တယ်၊ တစ်ကွက်ကို ဘတ် တစ်သောင်းနှစ်ထောင်နဲ့ အဲဒီအချိန်က ဝယ်ခဲ့တာ”ဟု တိုင်ကြားရာတွင် ပါဝင် သည့် ရွှေပြည်သာရပ်ကွက်နေ ဒေါ်ကြူ က ပြောသည်။
၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ရွှေပြည်စိုးကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန် ယူခဲ့သည့် ဦးဝင်းမောင်ကမူ မြေကွက် များကို ရောင်းချခဲ့ခြင်း မဟုတ်ဘဲ မြေချ လက်မှတ် (အိမ်ဆောက်ခွင့်လက်မှတ်)များကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

၁၉၆၃ ခုနှစ် သီးစားချထားရေးအက် ဥပဒေအရ အဆိုပါကာလက ရပ်ကျေး အုပ်ချုပ်ရေးမှူးများသည် ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက် ဖြင့် မြေကွက်ဖော်ထုတ်ကာ မြေချပေး ခွင့်ရှိခဲ့သည်ဟု ဦးဝင်းမောင်က ပြောသည်။
အဆိုပါ ငါးအိမ်စုနေရာတွင် ပေ ၄၀ _ ၆၀ အကွက် ၄၀၀ ကျော်ခန့် ရှိပြီး ယင်းမြေကွက်များကို ၂၀၀၉ ခုနှစ်ကတည်းက မြေယာကော်မတီဖွဲ့၍ အကွက်ဖော်ခဲ့သည်ဟု ဦးဝင်းမောင်က ဆိုသည်။
“ကျွန်တော်တာဝန်မယူခင် ရပ်ကျေး အုပ်ချုပ်ရေးမှူးနှစ်ဆက်ကတည်းက ဖော်ခဲ့တာ၊ ကျွန်တော့်လက်ထက်မှာ တော့ မရောင်းခဲ့ဘူး၊ လမ်းဖော်ခ၊ တောရှင်း၊ တောခုတ်ခ ၃ သိန်း တော့ပေးရမယ်လို့ ပြောပြီး သူတို့ ကျေနပ်လို့ မြေချလက် မှတ်ပေးခဲ့တာ တော့ရှိတယ်”ဟု ၎င်းက ဆိုသည်။

ယင်းငွေများကိုလည်း ရပ်ကွက် အတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုခဲ့သည်ဟု ဦးဝင်းမောင်က ဆိုသည်။
တိုင်ကြားသူများ မြေကွက်မရသည့် အကြောင်းကို ၎င်းအနေဖြင့် တိတိကျကျ မသိနိုင်ဘဲ ၎င်းထံ အကျိုးအကြောင်း တိုက်ရိုက်လာပြောကြမှသာ ဖြေရှင်း ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
တိုင်ကြားစာနှင့် ပတ်သက်၍ တိုင်ကြားသူများနှင့် ရောင်းချခဲ့သည် ဆိုသူအား ဇန်နဝါရီ ၁၄ ရက်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ခေါ်ယူ မေးမြန်းစုံစမ်းခဲ့ကြောင်း သိရသည်။

“တိုင်ကြားသူရော၊ ရောင်းသူရော၊ သက်သေပါ မေးမြန်းနေဆဲမို့ လော လော ဆယ်အမှားအမှန်ဆုံးဖြတ်ပေး မရသေးဘူး၊ တိုင်ထားသူတွေဘက်က ငွေကြေးနဲ့ တိုင်ထားတဲ့အပေါ်လည်း အထောက်အထားတွေ တောင်းထား ဆဲပါ”ဟု ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမျိုးအောင်က ပြောသည်။