ခြေလေးချောင်းတော်လှန်ရေး (၁၀)

ယခင်အပတ်မှ အဆက်
ထိုအခါ ဦးသာခေါင်တို့လူစုက အောင်ပြီအောင်ပြီဟု အော်ပြီးလျှင် တိ ရစ္ဆာန်များအား ဖိ၍ လိုက်ကြသည်။ ဤ သို့လိုက်ခြင်းကား ဘော်ဖြူစီစဉ်ထား သည့်အတိုင်း ဖြစ်ခြင်းပင်တည်း။ ဦးသာ ခေါင်တို့လူစုသည် ခြံတွင်းသို့ အကုန် ရောက်သည်နှင့် တပြိုက်နက် တင်းကုပ် ထဲတွင် ပုန်း၍နေကြသော မြင်းများ၊ နွားများနှင့်ဝက်များသည် ဦးသာခေါင်တို့ နောက်ဆွယ်မှ ပေါ်လာကြသည်။ထိုအ ခိုက်တွင် ဘော်ဖြူက တိုက်ဖို့ရာ အမိန့် ပေးလိုက်သဖြင့် ဦးသာခေါင်တို့ လူစုအား ရှေ့နောက်ညှပ်၍ တိရစ္ဆာန်တို့ က တိုက်ကြသည်။

ဘော်ဖြူကိုယ်တိုင်က ဦးသာခေါင် ဆီကို ဝါးလုံးထိုးပြေး၍ ပက်သည်။ ဦး သာခေါင်က ဘော်ဖြူပြေးလာသည်ကို မြင်၍ သေနတ်ကို မောင်းတင်ပြီး ဆီး၍ ပစ်သည်။ သေနတ်ကျည်ဆံများသည် ဘော်ဖြူ၏ ကျောကို ရှပ်၍ မှန်သွား သဖြင့် ဘော်ဖြူမှာ သွေးချင်းချင်း နီးသွားပြီးလျှင် သိုးတကောင်ပွဲချင်းပြီး သေသွားသည်။ ဘော်ဖြူသည် သူ့ဒဏ် ရာကို ပမာန မပြုဘဲ ဦးသာခေါင် ခြေထောက်ကို ပြေး၍ ကိုယ်လုံးနှင့် တိုက်လှဲလိုက်သည်။ ဦးသာခေါင်မှာ နောက်ချေးပုံထဲသို့ ပစ်လဲ သွားပြီးလျှင် လက်ထဲမှ သေနတ်လွတ်ကျ သွားသည်။ ထိုအခိုက်တွင် ဂျိုကားက တအားပြေး၍ ဝှေ့လိုက်ရာ ဦးပေါက်ကျော်၏ တပည့် ခေါင်းကို ဝှေ့မိသဖြင့် မြေကြီးပေါ် အလျားမှောက်ထဲကျသွားသည်။ သူတို့ ဖက်က လူတယောက်လဲကျ သွားသည် ကို မြင်သောအခါ ဦးသာခေါင် တို့ဖက်မှ လူများသည် လက်ထဲက တုတ် များကို ချ၍ လေးငါးခြောက်ယောက်ထွက် ပြေးကြသည်။ ထိုအချိန်ကစ၍ ဦးသာ ခေါင်တို့ လူစုမှာ စိတ်ဓါတ်ပျက်ပြားပြီး လျှင် ကစဥ့်ကရဲ ထွက်ပြေးကြသည်။

လူသားတွေ ပြေးမှန်းသိသောအခါ တိရစ္ဆာန်များက နောက်မှဖိ၍ လိုက်ကြ သည်။ ဦးသာခေါင်တို့ လူစုမှာ အဝှေ့ခံရသူခံရ အကန်ခံရသူခံရ အထိုး အဆိတ်ခံရသူခံရ အနင်းခံရသူခံရ ဖြစ်သည်။ တိရစ္ဆာန်တိုင်း တိရစ္ဆာန် တိုင်းက သူနည်းနှင့်သူ လူသားတို့အပါ် တွင် ရန်တုံ့ပြန်ကြသည်။ ခါတိုင်း ရှောင်ဖယ် ရှောင်ဖယ်လုပ်နေကြ မိတိုး ကတောင် သည်တခါမနေ။ မိတိုးက တင်းကုပ်ခေါင်းမိုးပေါ်မှ လူတယောက်၏ ကျောပေါ်သို့ ဖြုန်းကနဲ ခုန်ချပြီးလျှင် ဇက်ပိုးကို တအားဖိ၍ ကုပ်လိုက်သည်။ အကုပ်ခံရသူလည်း အမေအော်က ဘအော်ကာ တခါတည်း ထွက်ပြေးသည်။ ဦးသာခေါင်တို့လူစုသည် ပြေးပေါက်ရ သည်နှင့် တပြိုက်နက် စည်းရိုးပေါက်မှ တခါတည်းထွက်၍ ပြေးကြသည်။ ကွမ်း တရာညက်ခန့်အတွင်း၌ ဦးသာခေါင် တို့လူစုမှ လာလမ်းအတိုင်း အရှက်တကွဲ တပ်ခေါက်၍ ပြေးရသည်။ ထိုသို့ အပြေး တွင် ငန် ဘဲများက နောက်မှ တရှူးရှူး တရှားရှားအော်ကာ သလုံးသာများကို လိုက်၍ ဆိတ်လိုက်ကြသေးသည်။
ဦးသာခေါင်တို့ လူစုအနက် ဂျိုကား ၏ ချိုချက်ဖြင့်လဲ၍ ကျန်ရစ်ခဲ့သော လူ သားတယောက်မှ လွဲ၍ အကုန်ထွက်သွား ကြပြီ။ ဂျိုကားသည် မြေကြီးပေါ်တွင် စန့်စန့် ကြီး လဲကျန်ရစ်ခဲ့သော လူသားကို ခွါနှင့် ဟိုဖက်သည်ဖက်လှိမ့်၍ ကြည့် သည်။ ထိုလူသားမှာ လှုပ်ဖေါ်ရှက်ဖေါ် မရ။ ဂျိုကားသည် စိတ်မကောင်း။
“ဒီလူသားတော့ သေရှာပြီ။ ငါက တမင်သေအောင် လုပ်လိုက်တာတော့ မဟုတ်ပါဘူး။ ငါက တအားစွပ်ပြီ ဝှေ့လိုက် ယင် ဒီလို ဖြစ်သွားမှာဘဲလို့ မတွေးမိလို့ ဒီလိုဖြစ် သွားတာဘဲ။ ငါတမတင်လုပ်တာ မဟုတ်ဖူးလို့ ပြောယင်တောင် ယုံကြမှာ မဟုတ်ဖူးထင်တယ်”ဟု နောင်တဖြစ် သော လေသံနှင့် ဂျိုကားက ပြောသည်။

ထိုအခါ ဘော်ဖြူက “လွမ်းမနေ စမ်းပါနဲ့ ရဲဘော်ရယ်။ စစ်ကို စစ်လို သဘောထားစမ်းပါ။ လူသားမှန်ယင် အ သက်မရှိသူကလွဲပြီး တကောင်မှ ကောင်း တာ မဟုတ်ပါဘူး”ဟု ပြောသည်။ ဘော် ဖြူမှာ သေနတ်မှန်သေဒဏ်ရာဖြင့် သွေး တွေရဲနေသည်။ ဂျိုကားသည် မျက်ရည် တွေလည်လာပြီး “ငါဟာ ဘယ်သူ့ အ သက်ကိုမှ သတ်ချင်စိတ် မရှိပါဘူး။ ကုန်ကုန်ပြောရမယ်ဆိုယင် လူသား အသက်တောင် မသတ်ချင်ပါဘူး”ဟု ဝမ်းနည်းစွာ ပြောသည်။
ထိုအခိုက်တွင် “ဟဲ့ မယ်သီတ ကောင် မမြင်ပါလား”ဟု တိရစ္ဆာန် တ ကောင်က ပြောသည်။ မယ်သီ ပျောက်၍ နေသည်။ တိရစ္ဆာန်အားလုံး မျက်လုံး မျက်ဆန်ပြူး၍ သွားကြသည်။ မယ်သီမှာ ဒဏ်ရာဘဲ ရသွားသလား။ လူသားတွေ ကဘဲ့ ဖမ်းသွားကြသလားဟု အမျိုးမျိုး တွေးတောပူပန်ကြသည်။ နောက်ဆုံးတွင် မယ်သီကို သူ့ဇောင်းထဲမှာ သွား၍ တွေ့ကြသည်။ မယ်သီမှာ ကောက်ရိုး ကြားထဲတွင် ခေါင်းဝှက်၍ ပုန်းနေသည်။ မယ်သီသည် သေနတ သံကြားကတဲက ထွက်ပြေးပြီး ပုန်းနေ သည်။ မယ်သီကို ရှာ၍ ပြန်လာကြသောအခါ တုံးလုံး ကြီးလဲ ကျန်ရစ်ခဲ့သော လူသားသည် အူယားဖါးယားထ၍ ပြေးနှင့်ပြီ။ ဂျိုကား ၏ ချိုချက်မှာ မူးသွားရုံလောက်သာ ဖြစ်သဖြင့် ထိုလူသားထ၍ ပြေးနိုင်ခြင်း ဖြစ်သည်။

တိရစ္ဆာန်များသည် အပျော်ကြီး ပျော်ကြပြီးလျှင် ဆူညံ့စွာ ပြန်၍စုကြ သည်။ တိုက်ပွဲ၌ သူက ဘယ်လိုတိုက်ခဲ့ သည်။ ငါက ဘယ်လိုတိုက်ခဲ့သည်ဆိုသော ကိုယ်တွေ့အကြောင်းများကိုလည်း သံ ကုန်တင်၍ အလုအယက်ပြန်ပြောကြ သည်။ ထို့နောက် ရှောင်တခင်အောင်ပွဲ ကျင်းပကြသည်။ တိရစ္ဆာန်တို့သည် အ လံတိုင်၌ “ခွါနှင့် ဂျို ” အလံကို တင်ပြီး လင် ဒို့တိရစ္ဆာန်သီချင်းကို အကြိမ်များစွာ ဆို၍ အလေးပြုကြသည်။ ထို့နောက် တိုက်ပွဲ၌ ကျဆုံးသော သိုး၏အလောင်း ကို စစ်အခမ်းအနားနှင့် တဂြိုဟ်ကြ သည်။ ကျဆုံးသူသိုး၏ သင်းချိုင်းတွင် လွမ်းသူ့ပန်းခွေချပြီး နောက်အထိမ်းအ မှတ် အလို့ငှါ ကျားလျှင်ပင် တပင်စိုက် ထားကြသည်။ သိုး၏အလောင်းကို မမြုပ်ခင် ဘော်ဖြူက အသုဘမိန့်ခွန်းပြော ပြီးနောက် တိရစ္ဆာန်များအား အခြေလေး ချောင်းကွင်းကို အရေးအကြောင်းရှိက အသက်နှင့်လဲ၍ ကာကွယ်ကြရန် တိုက် တွန်းစကားပြောသည်။

ထိုနောက် တိရစ္ဆာန်တို့သည် ဘော် ဖြူနှင့် ဂျိုကာတို့အား “တိရစ္ဆာန်ဇာနည် ပထမတန်း” ဘွဲ့တံဆိပ်ကို တညီတညွတ် တည်း အပ်နှင်းကြသည်။ တံဆိပ်မှာ ကြေးခလောက်အပျက်တခုကို လုပ်ထား သေတံဆိပ်ဖြစ်၍ တနင်္ဂနွေနေ့ အခြား အလုပ်အားလပ်သေ နေ့တိုင်းတွင် တပ်ဆင် ရန်ဖြစ်သည်။ ကျဆုံးသော သိုးရဲဘော် ကိုလည်း”တိရစ္ဆာန်ဇာနည် ဒုတိယတန်း” ဘွဲ့တံဆိပ်ဖြင့် ခြီးမြှင့်လိုက်ကြသည်။
ထိုနောက် တော်လှန်ရေး သမိုင်းထိုး သည့်အခါတွင် သူတို့ပထမ အောင်လိုက် သော တိုက်ပွဲကို ဘယ်လိုနာမည်ပေးဖို့ အကြောင်းနှင့် ပတ်သက်၍လည်း အကြီး အကျယ်ဆွေးနွေးကြသည်။ နောက်ဆုံး တွင် နွားတင်းကုပ်မှ ချောင်း၍ တိုက် သော တိုက်ပွဲ ဖြစ်သည့်အတွက် နွားတင်း ကုပ်တိုက်ပွဲဟု ခေါ်ရန် အားလုံးသဘော တူကြသည်။ တိုက်ပွဲအပြီးတွင် ဦးသာ ခေါင်၏ သေနတ်ကို ရွှံ့ထဲမှ ပြန်၍ရကြ သည်။ ဦးသာခေါင်အိမ်ထဲ၌ ယမ်းတောင့် များလည်း တွေ့ကြသည်။ ထိုကြောင့် သေနတ်ကို အလံတိုင်ရှေ့၌ အမြောက်သ ဖွယ် တပ်ဆင်ပြီးလျှင် နှစ်တိုင်းနှစ် တိုင်းတော်လှန်ရေးနေ့၌ တကြိမ်နွား တင်းကုပ်တိုက်ပွဲနေ့၌ တကြိမ် ပစ်ဖေါက် ရန် သဘောတူ ဆုံးဖြတ်ကြသည်။

ဆက်လက်ဖော်ပြပါမည်။

Related Posts