ဥပဒေနှင့်အညီ ကြက်ပြန်မွေးရန် အစိုးရ ထုတ်ပြန်

0
420

ထားဝယ်တွင် အပြင်းစားကြက်ငှက် တုပ်ကွေးရောဂါ (H5N1) ဖြစ်ပွားခဲ့ပြီး နောက် ကြက်များ ပြန်လည်မွေးမြူ လိုပါက ဥပဒေနှင့်အညီ မွေးမြူရမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့က ထုတ်ပြန်ကြေညာ လိုက်သည်။
ကြက်မွေးမြူသူများအနေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့တို့၏ ညွှန်ကြားချက်များဖြင့် ဥပဒေ နှင့်အညီ မွေးမြူသွားရန် ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။

“လူနေအိမ်နဲ့ ဘယ်လောက် ဝေးရ မယ်ဆိုတာ စည်းကမ်းချက်တွေရှိတယ်၊ ခွင့်ပြုချက်ရရင် မွေးပေါ့၊ မရဘူးဆိုရင် လွတ်ကင်းတဲ့၊ ဥပဒေနဲ့ ညီညွတ်တဲ့ အခြားနေရာကိုရှာပေါ့”ဟု တိုင်းဒေသ ကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြော သည်။
ကြက်ငှက်တုပ်ကွေးထပ်မံ ဖြစ်ပွား လာပါက ပတ်ဝန်းကျင်လူနေရပ်ကွက် များသို့ မကူးစက်စေရန်နှင့် ဇီဝလုံခြုံ မှုရှိစေရန် လူနေရပ်ကွက်များအတွင်း မွေးမြူခွင့်ပြုမည်မဟုတ်ကြောင်း ထုတ် ပြန်ချက်တွင် ပါရှိသည်။

ထားဝယ်မြို့ရှိ ကြက်ခြံအချို့တွင် ဇူလိုင်လ ၂၃ ရက်က ကြက်ငှက်တုပ်ကွေး H5N1 တွေ့ရှိ အတည်ပြုနိုင်ခဲ့ပြီး ဩဂုတ်လ ၂၅ရက်တွင် ရောဂါ ကင်းစင်ပြီဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး ကြက်၊ ဘဲ၊ ကြက်ဥနှင့် ဘဲဥများကို ပြန်လည် ရောင်းချခွင့်ပြုခဲ့သည်။
H5N1 ကင်းရှင်းကြောင်း ကြေညာပြီး ရက်ပေါင်း ၉၀ မပြည့်မီ ပြီးခဲ့သည့် နိုဝင်ဘာလ အစောပိုင်းတွင် ရောဂါ ဖြစ်ပွားခဲ့သည့် ကြက်ခြံများမှ ကြမ်းခင်း၊ အသုံးအဆောင် ပစ္စည်းများ နှင့် အနီးဝန်းကျင်ရှိ ကြက်မှ နမူနာ ပစ္စည်းများကို ဓာတ်ခွဲစစ်ဆေးရာ ရောဂါကင်းရှင်းကြောင်း အဖြေထွက် လာသည်ဟု တိုင်းဒေသကြီး မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနထံမှ သိရ သည်။
တိမွေးကု ဌာနက ရောဂါကင်းရှင်း ပြီဖြစ်ကြောင်း နိုဝင်ဘာလနှောင်းပိုင်း တွင် တိုင်းအစိုးရအဖွဲ့ထံ တင်ပြခဲ့ပြီး နောက် အထက်ပါ အတိုင်း ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

ကြက်မွေးမြူရေးလုပ်ငန်း သီးသန့် လုပ်ကိုင်နိုင်မည့် မွေးမြူရေးဇုန်တစ်ခုကို ထားဝယ်မြို့မှ ၁၀ မိုင်ကျော်ကွာဝေးသည့် ပကာရီရွာအနီးတွင် အစိုးရက အကောင် အထည်ဖော်ရန် ကြိုးစားနေသည်။
အပြင်းစား ကြက်ငှက်တုပ်ကွေး ရောဂါ H5N1 ကို ထားဝယ်မြို့ရှိ ကြက်ခြံအချို့တွင် ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ် ၃ ရက်နေ့ အထိ ကြက်ကောင်ရေ နှစ်သောင်းကျော် နှင့် ဘဲကောင်ရေ တစ်ရာကျော်တို့ကို ရှင်းလင်းသုတ်သင်ခဲ့သည်။