မြိတ်လျှပ်စစ် တစ်ယူနစ် ဈေးနှုန်း လျော့ကျလာတော့မလား

0
544

မြိတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ် အားလုပ်ငန်း ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီဇင်ဘာလ ၁၅ တွင် အိတ်ဖွင့်တင်ဒါ ခေါ်ယူလိုက်သည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့် ဖြူးရေးလုပ်ငန်း ၉ ခုရှိသည့် မြိတ်မြို့ တွင် လျှပ်စစ်လုပ်ငန်းကို တစ်ဦးတည်း လုပ်ကိုင်နိုင်သည့် လုပ်ငန်းရှင် ပေါ်လာ နိုင်စေရန်၊ လျှပ်စစ် ယူနစ်နှုန်းထား သက်သာလာစေရန်နှင့် လျှပ်စစ်ဗို့အား တည်ငြိမ်စွာ ထုတ်လုပ်နိုင်ရန် စသဖြင့် ရည်ရွယ်ခြင်းဖြစ်ကြောင်း တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။

“တင်ဒါခေါ်လိုက်တဲ့အတွက် မြိတ် တစ်မြို့လုံးကို ပေးနိုင်တဲ့ ကုမ္ပဏီ လုပ်ငန်းရှင်တွေ ရှိလာမယ်။ သူတို့က လက်ရှိနှုန်းထက် ဈေးနှုန်းနည်းအောင် ဗို့အားတည်တည်ငြိမ်ငြိမ်နဲ့ ထုတ်ပေး နိုင်အောင် ဒါတွေကို ဦးတည်ပြီး ဆောင်ရွက်နေတာ ဖြစ်တယ်”ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။
တင်ဒါဝင်ပြိုင်သည့် ကုမ္ပဏီများ အနက်မှ လျှပ်စစ် ယူနစ်ဈေး အနည်းဆုံး ပေးနိုင်သည့် ကုမ္ပဏီနှင့် ဒေသခံကုမ္ပဏီ များကို ဦးစားပေး ရွေးချယ်မည်ဖြစ်သော ကြောင့် လျှပ်စစ်ဈေးနှုန်းသည် လက်ရှိ နှုန်းထားထက် လျော့ကျလာမည်ဖြစ် ကြောင်း ဦးကြည်လှိုင်က ဆိုသည်။
သို့သော် နှုန်းထားမည်မျှ လျော့ကျ နိုင်သည်ကိုမူ လက်ရှိအချိန်တွင် မပြော နိုင်သေးဘဲ လျှောက်ထားလာမည့် လုပ် ငန်းရှင်များ၏ တင်ပြချက်များအပေါ် ဖြစ်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

အကယ်၍ တင်ဒါအောင်မြင်သူ သည် ဒီဇယ်ဖြင့်ထုတ်လုပ်မည်ဆိုပါက လက်ရှိနှုန်းထားတစ်ယူနှစ် ကျပ် ၃၅၀ ထက် များစွာ လျှော့ကျမည်မဟုတ်ဟု မြိတ်လျှပ်စစ်လုပ်ငန်းရှင်များက ဆိုသည်။
“နည်းပညာ (FO ဖြင့် လျှပ်စစ် ထုတ်လုပ်ခြင်း) ပြောင်းမှရမှာ။ ဒီဇယ်က တော့ ဘယ်သူလုပ်လုပ် ကျပ် ၃၀၀ အောက် မကျဘူး”ဟု ဖိုးသီးချို လျှပ်စစ်ဝန်ဆောင် မှုကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာဝင်းထိန်က ပြောသည်။
လက်ရှိမြိတ်တွင် ဒီဇယ်ဖြင့် လျှပ် စစ်ဓာတ်အားအများဆုံး ထုတ်လုပ်လျက် ရှိသည့် ဖိုးသီးချို ကုမ္ပဏီအနေဖြင့်မူ တင်ဒါကို ဝင်ဆွဲဖြစ်မဖြစ်ကို စဉ်းစားရဦး မည်ဖြစ်ပြီး ဆွဲဖြစ်ပါက ဒီဇယ်အရင်း အမြစ် ကိုသာ အသုံးပြုမည်ဟု ၎င်းက ဆိုသည်။

မြိတ်မြို့တွင် လက်ရှိလုပ်ကိုင်နေ သည့် လျှပ်စစ်ကုမ္ပဏီအချို့က တင်ဒါ ကိုဝင်မပြိုင်ဖြစ်ဟု ပြောဆိုကြပြီး အချို့ ကမူ ဝင်ပြိုင်မည်ဟု ဆိုသည်။
“တင်ဒါခေါ်ထားတာ သိပေမယ့် အင်အားမရှိတော့ ဝင်မပြိုင်ဘူး။ ဝင်ပြိုင် မယ်ဆိုရင် အနည်းဆုံး ဒီဇယ်အဆင့်နဲ့ ဝင်ပြိုင်လို့မရဘူး။ အနိမ့်ဆုံး FO အဆင့် လောက်မှ ပြိုင်မှရမယ်”ဟု ကန်ခေါင်း လျှပ်စစ်စွမ်းအားအကူ မီးလင်းရေး အဖွဲ့ ပိုင်ရှင် ကိုဘငယ်က ပြောသည်။
FO အရင်းအမြစ်ဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မည် ဆိုပါက လျှပ်စစ်နှုန်းထား ကျပ် ၃၀၀ ထက် လျှော့နည်းမည်ဖြစ်ပြီး ကျပ် ၂၅၀ မှ ၂၈၀ ကြားရှိ နိုင်သည်ဟု လျှပ်စစ် လုပ်ငန်းရှင်များက ပြောသည်။

မြိတ်ဒေသ လျှပ်စစ်အတွက် မြိတ် မြို့နယ်၊ စက်မှုဇုံအရပ်တွင် FO လောင်စာဖြင့် ၃၀ မဂ္ဂါဝပ် လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း စီမံကိန်းကို BOT စနစ် ဖြင့် အကောင်အထည် ဖော်နိုင်ရေး ဖြစ် မြောက်နိုင်စွမ်းရှိမရှိ အကြို စူးစမ်းလေ့ လာမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုမှတ်တမ်း လက်မှတ်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ရေးထိုးခဲ့သည်။

အဆိုပါ နားလည်မှုစာချွန်လွှာ လက်မှတ်ကို အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်မည့် အရှေ့တောင် အထွေထွေ စွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီ လီမိတက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အကြား ရေးထိုးခဲ့ခြင်း ဖြစ်သည်။
သို့သော် အရှေ့တောင် အထွေထွေ စွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် နှင့်MoU ထိုးခြင်းသည် လက်ရှိ တင်ဒါခေါ်ယူခြင်းနှင့် သက်ဆိုင်မှုမရှိဟု ဝန်ကြီးက ဆိုသည်။
MoU ထိုးခြင်းမှာ ဖြစ်မြောက် နိုင်စွမ်း လေ့လာရန်အတွက် သာဖြစ် သည်ဟု ဦးကြည်လှိုင်က ပြောသည်။
အရှေ့တောင် အထွေထွေစွမ်းအင် နှင့်လျှပ်စစ်ကုမ္ပဏီလီမိတက် အနေဖြင့် လည်း တင်ဒါတွင် ဝင်ပြိုင်မည် မပြိုင် မည်ကို ယတိပြတ်ပြောဆိုခြင်း မရှိပေ။
“တင်ဒါဝင်ပြိုင်ဖို့ ရှိပါလိမ့်မယ်။ ဒါပေမယ့် တင်ဒါပြိုင်တာထက်Network Plan(လျှပ်စစ်ကွန်ရက် အစီအစဉ်)လုပ်ဖို့က ပိုအရေးကြီးပါတယ်”ဟု ကုမ္ပဏီ ဌာနေကိုယ်စားလှယ် ဦအေးဟန်က ပြောသည်။

အရှေ့တောင် အထွေထွေစွမ်းအင် နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် အပြင် FO ဖြင့် ပေးရန် ကုမ္ပဏီအချို့ကလည်း ပြင်ဆင်နေသည် ဟု မြိတ်လျှပ်စစ်လုပ် ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။
FO အရင်းအမြစ်ဖြင့် တူရကီနိုင်ငံ က လျှပ်စစ်သင်္ဘောကို အသုံးပြု၍ လျှပ်စစ်တင်ဒါကို ဝင်ရောက် ယှဉ်ပြိုင် ရန်အတွက် မြိတ်အခြေစိုက် ကုမ္ပဏီ တစ်ခုက စီစဉ်နေသည်ဟု မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာက ပြောသည်။

သို့သော် မည်သည့်ကုမ္ပဏီက လုပ် ကိုင်မည်ဆိုသည်ကို တနင်္သာရီအပတ်စဉ် မှ အတည်မပြုနိုင်သေးပေ။
မည်သို့ဆိုစေ တင်ဒါအောင်မြင် သူသည် FO အရင်းအမြစ်ဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မည်ဆိုပါက လျှပ်စစ်ဈေးနှုန်းမှာ တစ်ယူနစ် ကျပ် ၃၀၀ အောက် လျော့ကျလာမည်ဖြစ်သည်။
လက်ရှိတွင် လျှပ်စစ်ကို ချွေတာ သုံးစွဲနေရသဖြင့် ဈေးနှုန်းကျလေ ကောင်းလေ ဖြစ်သည်ဟု ပြင်းငယ် ကျောင်းလမ်းရှိ ကားဘော်ဒီ လုပ်ငန်း လုပ်ကိုင်သည့် ကိုခင်မောင်ဦးက ပြောသည်။
“တစ်ယူနစ်ကို၂၀၀ -၂၅၀ လောက် နဲ့ပေးမယ့် ကုမ္ပဏီမျိုး လာလုပ်ပေးနိုင် ရင်တော့ အားလုံးအဆင် ပြေသွားမယ်။ အလုပ်လုပ်ရတာလည်း တွင်ကျယ်လာ မယ်။ အိမ်မှာလည်း ရေခဲသေတ္ထာတို့ အဝတ်လျှော်စက်တို့ရော သုံးလာနိုင် မယ်”ဟု ၎င်းက ဆိုသည်။

မြိတ်မြို့နယ်အတွက် လျှပ်စစ် ထုတ်လုပ်ရေး တင်ဒါပေးပြီးပါက လျှပ် စစ်ဖြန့်ဖြူးရေးတင်ဒါအတွက် ထပ်မံ တင်ဒါခေါ်ယူမည် ဖြစ်ကြောင်း တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
လက်ရှိ မြိတ်မြို့နယ်တွင် လျှပ်စစ် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေးလုပ် ငန်း ၉ ခုက ဒီဇယ်အသုံးပြုကာ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးလျှက် ရှိပြီး ဒီဇယ် ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွက် လျှပ်စစ် တစ်ယူနစ်ဈေးနှုန်းမှာ ကျပ် ၃၅၀ ဖြစ်သည်။
ယခုတင်ဒါခေါ်ယူခြင်းသည် မြိတ် မြို့နယ်အတွက်သာဖြစ်ပြီး မြိတ်ခရိုင် တစ်ခုလုံးအတွက်ဆိုပါက ဓာတ်အား လိုင်းများအတွက် အသေးစိတ်စစ်ဆေး တွက်ချက်ရဦးမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။