အလေး တင်းတောင်း အချိန် အတွယ် မမှန်က တိုင်ကြပါ

0
639

စပါးရောင်းဝယ်ခြင်း၊ ဈေးများတွင် အသားငါး ဝယ်ယူရောင်းချရာတွင် အလေးချိန် တင်းတောင်းနှင့် အချိန် အတွယ်များ သတ်မှတ်စံနှုန်း မပြည့်ပါ က တိုင်ကြားကြရန် တနင်္သာရီ တိုင်း ဒေသကြီးအစိုးရက တိုက်တွန်း လိုက်သည်။
စက်သုံးဆီဝယ်ယူခြင်း၊ စပါး ရောင်းချခြင်း၊ ဈေးများတွင် အသားငါး ဝယ်ယူခြင်း အစရှိသည့် ပစ္စည်းများ ဝယ်ယူရောင်းချရာတွင် အချိန်အတွယ် မှန်ကန်မှုမရှိခြင်းနှင့် ပစ္စည်းအတုများကို လိမ်လည်ရောင်းချပါက ခေါင်းငုံ့မခံဘဲ ရဲရဲဝံ့ဝံ့ တိုင်ကြားနိုင်ကြောင်း တိုင်းဒေ သကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်း ထွန်းက ဆိုသည်။
ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် စီမံ/ဘဏ္ဍာဝန်ကြီး အစရှိ သူများထံ တိုင်ကြားနိုင်ကြောင်း ၎င်းက ပြောသည်။
“ဒီဖက်က လူတွေက မတိုင်ကြ တော့ လောဘကြီးသူတွေအတွက် အခွင့် အလမ်းတစ်ခု ဖြစ်နေတယ်၊ မတရား ဘူးလို့ သိရရင် ခေါင်းငုံ့မခံသင့်ဘူး”ဟု တိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

နစ်နာကြောင်း တိုင်ကြားလာပါက စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး မမှန် မကန်လုပ်ကြောင်း စိစစ်တွေ့ရှိပါက ပထမအကြိမ်တွင် သတိပေးမည်ဖြစ်ပြီး နောက်တစ်ကြိမ်ကျူးလွန်ပါက သက် ဆိုင်ရာ ဥပဒေများဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းကပြော သည်။
သို့သော် လယ်သမားအပါအဝင် ပြည်သူအများစုကမူ ယင်းကိစ္စများနှင့် ပတ်သက်ပြီး မတိုင်ကြားလိုကြဟု ဆိုသည်။
“သွားတိုင်လဲဘာထူးမှာလဲ။ စိတ် ညစ်တာပဲ အဖတ်တင်မယ်။ မတော်တဆ ကိုယ့်ပါ ရန်ငြိုးထားတာ ခံနေရဦးမယ်။ တိုင်ဖြစ်မယ်မထင်ဘူး စိတ်ညစ်မခံချင် ဘူး” ဟု လောင်းလုံးမြို့နယ်မှ အသက် ၆၂ နှစ်အရွယ် လယ်သမားကြီးတစ်ဦးက ဆိုသည်။

လက်ရှိအချိန်သည် စပါးရိတ်သိမ်း ချိန်ဖြစ်ပြီး စပါးအရောင်းအဝယ်တွင် အသုံးပြုသည့် တင်းတောင်းမှန်ကန်မှုမရှိခြင်းကြောင့် များစွာနစ်နာရသည်ဟု လယ်သမားများက ပြောသည်။
စပါးဝယ်သူများက ၁၇ ပြည်၊ ၁၈ ပြည်ဆန့် တင်းတောင်းကြီးများဖြင့် လာ ရောက်ဝယ်ယူကြပြီး လယ်သမားအနေ ဖြင့် ငွေကြေးအခက်အခဲကြောင့် ၎င်းတို့ ယူလာသည့် တင်းတောင်းများဖြင့်ပင် ရောင်းချကြရသည်ဟု ၎င်းတို့က ဆိုသည်။
“လယ်သမားတွေမှာ ငွေကြေး ခက် ခဲလာတယ်ဆိုရင် သူတို့ပေးတဲ့အတိုင်း ခေါင်းထိုးခံလိုက်တယ်ပေါ့နော်။ အဲဒီ တင်းတောင်းကိစ္စလေးတစ်ခု မှန်ကန် အောင် လုပ်ပေးစေချင်တယ်”}ဟု လယ် ၁၅ ဧက ခန့်ပိုင်သည့် လောင်းလုံးမြို့နယ်၊ ရေဖြူကျေးရွာနေ ဦးမောင်ဝင်းက ဆိုသည်။

စပါးစိုက်ရန် ချေးယူထားသည့် စိုက်ပျိုးစရိတ်ချေးငွေလည်း ပြန်ဆပ်ချိန် နီးလာပြီဖြစ်သည့်အတွက် လယ်သမား များမှာ တင်းတောင်းကြီးသည်ကို ရွေးချယ် ခွင့်မရှိဟုဆိုသည်။
“ချေးငွေ ဆပ်ရတော့မယ်ဆိုတာနဲ့ စပါးက လယ်သမားတွေ အားလုံး တစ် ပြိုင်းတည်း ရောင်းကြရတော့မယ်။ အဲချိန်ဆို ဝယ်သမားတွေက စပါးဈေး နှိမ်ကြတော့မယ်။ လယ်သမားတွေက ဒီစပါးကိုပဲ ထိုးရောင်းလိုက်ရတော့တာ ပဲ။ ပေးချင်သလောက်ပေး၊ တင်းတောင်း ကြီးချင်သလောက်ကြ”ဟု ဦးမောင်ဝင်း က ဆိုသည်။
စပါးဝယ်ယူတစ်ဦးကမူ လယ် သမားက ဈေးပိုရသူကိုသာ ရောင်းချခြင်း ကြောင့် အများနည်းတူ တင်းတောင်းကို ကြီးအောင်လုပ်ပြီး ဈေးအနည်းငယ်ပို ပေးကာ လိုက်လံဝယ်ယူနေရခြင်းဖြစ် သည်ဟု ဆိုသည်။

“ရောင်းတဲ့သူတွေက ဈေးပိုပေးတဲ့ သူ ကိုပဲရောင်းကြတာ။ တင်းတောင်း အရွယ်အစားကို မကြည့်တော့ဘူး ကျွန်မ တို့က ၁၆ ပြည်တင်းတောင်းနဲ့ ၄၀၀၀ နဲ့ဝယ်တယ်။ တစ်ခြား ဝယ်တဲ့သူ တစ်ယောက်က ၁၇ ပြည်တင်းတောင်းနဲ့ ၄၅၀၀ ပေးတယ်ဆို ပိုပေးတဲ့သူကိုပဲ ရောင်းလိုက်ကြတယ်။ အဲလိုဆိုရင် ကျွန်မ တို့မှာ စပါးမရတော့ဘူး” ဟု လောင်းလုံး မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်တစ်ဦး က ဆိုသည်။
မြိတ်မြို့နယ်တွင်လည်း အလေး ချိန်တင်းတောင်း မမှန်ဘဲ စပါးရောင်းချ နေရကြောင်း ဒေသခံ အချို့ထဲမှ သိရ သည်။ ပုံမှန်အားဖြင့် စပါးဝယ်ရောင်း ပြုလုပ်ပါက ရှစ်ပြည်ဝင် နှစ်တောင်းလျှင် တစ်တင်း ဖြစ်သော်လည်း အချို့ နေရာ များတွင် တင်းပြည့်မဟုတ်ဘဲ ဝယ်ယူမှု များရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။

“တခြားရွာမှာဆို တင်းပြည့် မဟုတ်ဘဲ ၁၇ ပြည်မှ တစ်တင်းရတဲ့ ပုံစံတွေနဲ့ ဝယ်တာတွေလည်းရှိတယ်။ အဲလိုဆို အရောင်းအဝယ်ပျက်ကုန်တယ်။ တိုင်ရတာတွေတော့ မသိဘူး။ တိုင်မယ် ဆိုလည်း ထိရောက်မယ်လို့ မထင်ပါဘူး။ မြိတ်အအနေထားနဲ့ တိုင်တာတွေလည်း မကြားဖူးဘူး”ဟု မြိတ်မြို့ ရှမ်းတောင်ရွာ နေ လယ် ၁၀ဧက ခန့်ပိုင်ဆိုင်သူ ဦးသိန်းလွင်က ပြောဆိုသည်။
အလေး၊ တင်းတောင်းကိစ္စကို ထိထိရောက်ရောက်ဖြစ်စေရန် အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ အဆင့် ဆင့်ကို ညွှန်ကြားချက်ထုတ်ပြီး စနစ် တကျ လုပ်ဆောင်သင့်သည်ဟု ထားဝယ် ခရိုင် ဆန်စပါးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနိုင်လွင်လတ်က ပြောသည်။

“အဲဒီလိုမျိုးတိုင်ပါလို့ပဲ ပြောရုံပြော နေတာက ရန်တိုက်ပေးနေသလို ဖြစ်နေ တယ်” ဟု ဦးနိုင်လွင်လတ်က ဆိုသည်။
ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်း ရှင်များအသင်းအနေနှင့်လည်း တင်း တောင်း မှန်ကန်မှုရှိစေရန် ယခင်အစိုးရ လက်ထက်ကတည်းက ကြပ်မတ်လုပ်ဆောင်မှုများရှိခဲ့သော်လည်း အရေးယူ ခွင့်ရှိသည့် အစိုးရက အရေးမယူသည့် အတွက် လုပ်ငန်းမအောင်မြင်ခဲ့ဟု ဆိုသည်။
တင်းတောင်းနည်းတူ ဈေးတွင် အသုံးပြုသည့် ပိဿာချိန်၊ အလေးချိန် မမှန်မှုများလည်းရှိသည်ဟု အိမ်ထောင် ရှင် အမျိုးသမီးများက ဆိုသည်။
“ချိန်ခွင်တွေက မှန်တယ်လို့ မထင် ဘူး။ ကိုယ်က မစားဘဲလည်း မရဘူးဆို တော့ သွားဝယ်နေရတာပဲလေ” ဟု ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်နေ မဇာဇာက ပြောသည်။
ဈေးတွင် အချိန်အတွယ်မမှန်ခြင်း ကြောင့် ရောင်းသူများက သိသိသာသာ အမြတ်ရနိုင်သော်လည်း ဈေးဝယ်သူ တစ်ဦးချင်းမှာမူ များစွာမထိခိုက်သည့် အတွက် မတိုင်ကြားလိုဟု ဈေးဝယ်သူ များက ဆိုသည်။

“မမှန်ဘူးထင်ရင်နောက် ဒီဆိုင် မဝယ်တော့ဘူး။ ဖြေရှင်းမနေဘူး၊ စကား များရန်ဖြစ်နေရဦးမယ်” ဟု ကော့သောင်း မြို့ ရွှေဟင်္သာရပ်ကွက်မှ မီးမီးက ဆိုသည်။
စည်ပင်ဈေးများတွင် သမာဓိချိန် ခွင် ထားရှိပေးထားပြီး ယင်းချိန်ခွင်တွင် အလေးချိန်မှန်/မမှန် ချိန်တွယ်နိုင်ပြီး အရောင်းအဝယ်လုပ်ရာတွင် အမြတ် သာယူသင့်သော်လည်း အလေးခိုးခြင်းမှာ မဖြစ်သင့်ကြောင်း ဝန်ကြီး ဦးဖြိုးဝင်း ထွန်းက ဆိုသည်။
တင်းတောင်း ကဲသို့ စံနှုန်းနှင့် လွဲနေမှုများ အပါအဝင် အစားအသောက်၊ ဝန်ဆောင်မှု အစရှိသည့် စားသုံးသူများ နစ်နာသည့် ကိစ္စရပ်များကို လာရောက် တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ တိုင်းဦးစီးမှူး ဦးကျော်စိုးရီက ဆိုသည်။

ထားဝယ်မြို့တွင် လက်ရှိ စားသုံး သူ သတင်းပြန်ကြားရေးနှင့် တိုင်ကြား မှု လက်ခံဆောင်ရွက်ရေးဌာန(CICC)ကို ဖွင့်လှစ်ထားပြီး မြိတ်မြို့နှင့် ကော့သောင်းမြို့တို့တွင် ခရိုင်အုပ်ချုပ် ရေးမှူးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ များ ဖွဲ့စည်းထားကြောင်း ၎င်းက ပြောသည်။
တိုင်ကြားလာပါက စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဖြင့် စေ့စပ် ညှိနှိုင်းပေးမည်ဖြစ်ပြီး ပြေလည်မှု မရှိပါ က စားသုံးသူရေးရာဥပဒေအရ အရေး ယူသွားမည်ဖြစ်ကြောင်း ဦးကျော်စိုးရီက ဆိုသည်။

“အစားအသောက်ကိုပဲ တိုင်လို့ ရတာမဟုတ်ဘူး၊ အချိန်အတွယ် မမှန် တာ၊ ဝန်ဆောင်မှုတွေပါ တိုင်နိုင်တယ်”ဟု ဒုတိုင်းဦးစီးမှူး ဦးကျော်စိုးရီက ပြောသည်။
တနင်္သာရီတိုင်းတွင် အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီး၏ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များကို မလိုက်နာပါက အရေးယူမည့်ထုတ်ပြန်ချက်များစွာရှိ သော်လည်း ထိထိရောက်ရောက် အရေး ယူကြပ်မတ်မှု အားနည်းသည်ဟု ပြောဆိုဝေဖန်မှုများရှိနေသည်။