မြိတ်တွင် ဂွေးကောင်ရှားလာ

0
532

ငပိများပြုလုပ်ရာတွင် အဓိကကုန် ကြမ်းဖြစ်သည့် ဂွေးကောင်များ ဖမ်းဆီး ရရှိမှု နည်းပါးလာနေပြီဖြစ်ကြောင်း ယင်းလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
မြစ်အတွင်း လှေများ သွားလာမှု များပြားခြင်း၊ သဲသောင်ထွန်းလာခြင်းနှင့် သဲစုပ်လှေများကြောင့် ဂွေးကောင်များ သည် ပြီးခဲ့သည့် ၁၀ နှစ်နီးပါးခန့်မှစပြီး တစ်ဖြည်းဖြည်း ရှားပါးလာရခြင်းဖြစ် ကြောင်း ငါးပိလုပ်ငန်းလုပ်ကိုင်သူတို့မှ သိရသည်။

ဂွေးကောင်များကို ဝါးဖောင်များ ဖြင့် ဖမ်းဆီးလေ့ရှိပြီး ရရှိသည့် ဂွေး ကောင်များကို ငါးပိပြုလုပ်ကြသည်။
ပြီးခဲ့သည့် ၆ နှစ်ဝန်းကျင်ခန့်က တစ်ဖျား (၈ ရက်)ဖမ်းရင် ငါးပိပိဿာ ချိန် ၇၀၀ ခန့်အထိရရှိခဲ့ပြီး ယခုနှစ်တွင် တစ်ဖျား(၈ ရက်) ဖမ်းလျှင် ပိဿာချိန် တစ်ဆယ်ကျော် နှစ်ဆယ်နီးပါးသာ ရရှိကြောင်း မြိတ်မြို့ ကမ်းသာယာ ကျေးရွာ နေ ဦးညွန့်ဆန်းက ပြောပြသည်။

“အရင်က ဂွေးခံဖောင်လေးတစ်ခု ရှိရင် မိသားစုစားလောက်ပေမဲ့ ခုက မရတော့ဘူး။ မိသားစုတစ်ခုကို နှစ် ဖောင်သုံးဖောင်လောက်လုပ်မှ လည်ပတ် နိုင်တော့တယ်”ဟု ဦးညွန့်ဆန်းက ဆို သည်။
ဂွေးကောင်များ ဖမ်းဆီးရရှိမှုနည်း ပါးသည့်အတွက် ငါးပိလည်း အထွက် နည်းလာသည်။

“မနှစ်ကဆို ငါးပိ ပိဿာချိန် တစ်ထောင်ကျော်လောက်ရတာ ဒီနှစ်မှာ ရာဂဏန်းပဲရသေးတယ်”ဟု ကျွန်းစု မြို့နယ် ပဲ့တိုင်ရွာနေ ဦးသိန်းဝင်းက ပြောသည်။
လက်ရှိတွင် ကျွန်းစုမြို့ပင်လယ် ကျေးရွာတို့တွင် ငါးပိ တစ်ပိသာလျှင် ကျပ် ၂၀၀၀ မှ ကျပ် ၂၅၀၀ မြိတ်ဈေး ကွက်တွင် ကျပ် ၃၅၀၀ မှ ကျပ် ၄၀၀၀ အထိ ဈေးနှုန်းရှိကြောင်း ယင်းဈေးကွက် အသိုင်းအဝိုင်းမှ သိရသည်။