ထားဝယ်-ထီးခီးလမ်းကို ယာဉ်လိုင်းအသင်းက အသေးစားပြင်မည်

0
445

ဆိုးရွားစွာ ပျက်စီးနေသည့် ထားဝယ်-ထီးခီးလမ်းပိုင်းကို အသေးစား ပြုပြင်မည်ဖြစ်ကြောင်း ထားဝယ်-ထီးခီး မော်တော်ယာဉ်အသင်းထံမှ သိရသည်။
ထားဝယ်-ထီးခီးလမ်းတွင် မေတ္တာ မြို့မှ ထီးခီးအထိ လမ်းပိုင်းနေရာ အများစု တွင် ပျက်စီးနေသည့်အတွက် ယာဉ်လိုင်း ပိုင်ရှင်များ၏ စုပေါင်း ထည့် ဝင်ငွေဖြင့် ပြုပြင်မည်ဖြစ်ပြီး ITD ကုမ္ပဏီမှ စက်ယန္တရားများ ကူညီမည် ဖြစ်ကြောင်း အထက်ပါယာဉ်အသင်းထံမှ သိရသည်။

လမ်းပြုပြင်ရန် ထားဝယ်-ထီးခီး ပြေးဆွဲနေသည့် မော်တော်ယာဉ်များထံမှ အလှူခံမည်ဖြစ်ပြီး ဒီဇင်ဘာလတွင် လုပ်ငန်းစနိုင်ရန် လျာထားကြောင်း အသင်း ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းသစ်က ပြောသည်။
“အလှူငွေကို ဘယ်လောက်အထိ ထည့်ဝင်မယ်လို့ သတ်သတ်မှတ်မှတ် တော့ ပြောလို့တော့ မရဘူး၊ ကားသမား တွေနဲ့ ပြန်ပြီးတော့ ညှိနှိုင်းပြီးတော့ အလှူခံ ရမှာပေါ့”ဟု ဦးထွန်းသစ်က ဆိုသည်။

တိုင်းအစိုးရကလည်း အဆိုပါ လမ်းပိုင်းကို ပြုပြင်ခွင့်ပြုခဲ့ပြီး လမ်းဦးစီး ဌာနနှင့် ညှိနှိုင်းလုပ်ဆောင်ရန် အကြောင်း ကြားထားသည်။
အဆိုပါလမ်းပိုင်းမှာ ဆိုးရွားစွာ ပျက်စီးနေသည့်အတွက် အချိန် ၃ နာရီခွဲ ခန့်သာ မောင်းရသည့် ခရီးကို အချိန် ၆ နာရီခွဲခန့်ထိ အချိန်ယူသွားလာနေ ရသည်ဟု ထားဝယ်-ထီးခီး ပြေးဆွဲနေ သည့် ထားဝယ်လမင်းဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

” ဒီလမ်းက (ချိုင့်ခွက်များကြောင့်) စောင်းပြီးသွားရတာ အန္တရာယ် တော် တော်များတယ်၊ သွားရတာ တော်တော် အဖြစ်ဆိုးတယ်”ဟု ထားဝယ်-ထီးခီး ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦး ဖြစ်သူ ဦးသင်္ကြန်စိုးက ပြောသည်။
နိုင်ငံခြားသား ခရီးသွားများလည်း ထီးခီးလမ်းမှတစ်ဆင့် ထားဝယ်ဒေသသို့ လာရောက်လည်ပတ်မှု များပြားခဲ့ သော် လည်း လက်ရှိတွင် လမ်းပျက်စီးနေ သောကြောင့် လာရောက်လည်ပတ်မှု နည်းပါးသွားကြောင်း ထီးခီးယာဉ်လိုင်း တာဝန်ရှိသူများက ဆိုသည်။

ထီးခီးလမ်းကို အဆင့်မြှင့်ရန်အတွက် ထိုင်းနိုင်ငံ ချေးငွေယူရန် အောက်တိုဘာ လအတွင်း ပြည်ထောင်စုအစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ဖူးသည်။
အဆိုပါလမ်းကို ၂ လမ်းသွား AC (နိုင်လွန်ကတ္တရာ) ခင်းမည်ဖြစ်ပြီး တည် ဆောက်ရေးကာလမှာ လပေါင်း ၃၀ (၂ နှစ်ခွဲခန့်) ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။