We Love Dawei ပွဲ မည်သူမဆို ဝင်နွဲနိုင်

0
458

ထားဝယ်ရိုးရာ၊ ထားဝယ်အလှနှင့် ထားဝယ်ဒေသအတွင်း နေထိုင်ကြသော လူမျိုးစုတို့၏ ယဉ်ကျေးမှုအမှတ် လက္ခဏာ တို့ကို ဖော်ကျူးပြသမည့်We love dawei (တို့ချစ်တဲ့ ထားဝယ်) ပွဲတော်ကို မည်သူမဆို ပါဝင်ဆင်နွဲနိုင် ကြောင်း ပွဲစီစဉ်သူများက ဖိတ်ခေါ်လိုက်သည်။
ပွဲတော်အား ဒီဇင်ဘာလ ၁ ရက် နေ့မှ ၃ ရက်နေ့အထိ ထားဝယ်ဒေသတွင်း ကျင်းပမည်ဖြစ်သည်။

“ဖိတ်စာကို ဖေ့စ်ဘုတ်တွေမှာရော ဂျာနယ်မှာရော ပုံစံ အမျိုးမျိုးနဲ့ ကြော်ငြာ ထားတယ်။ ဘယ်သူမဆို လာဖို့ ပါဝင် ကြဖို့ပါ”ဟု ပွဲဖြစ်မြောက်ရေး ညှိနှိုင်း ဆောင်ရွက်သူ ဦးအောင်လွင်က ပြောသည်။
ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရေဖြူ မြို့နယ် ကလုံးထာ ဘုန်းတော်ကြီး ကျောင်း ၌ ဆွမ်းကျွေးခြင်း၊ အလှူ မင်္ဂလာပြု လုပ်ခြင်း၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် မောင်းမကန်၊ မျှော်ရစ်၊ ဟိန္ဒား စသဖြင့် သောနေရာများ၌ ထိုင်းနှင့် မြန်မာအနု ပညာရှင်များ ပူးပေါင်းကာ ဒေသအမှတ် လက္ခဏာများအား ပန်းချီဆွဲခြင်း၊ ဓာတ်ပုံ ရိုက်ခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထားဝယ် ရွှေဝယ်သီရိ ကလေးကစားကွင်း ရေကန် အနီးတွင် နံနက် ၇ နာရီ ခွဲမှအစ ထားဝယ် ရိုးရာ ယဉ်ကျေးမှု အကများ၊ ရိုးရာဝတ်စုံ၊ ထားဝယ်နောက်ခံ ပန်းချီ၊ဓါတ်ပုံပြပွဲများ၊ ထားဝယ်ရိုးရာ စားစရာများ ဧည့်ခံခြင်း ကျွေးမွေးခြင်း၊ တည်ခင်းပြသရောင်းချ ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းအနုပညာရှင်များကလည်း မော်ဒန်အနုပညာသရုပ်ပြမှုများဖြင့် ပါဝင်ပူးပေါင်း ဖျော်ဖြေမည် ဖြစ်သည်။

ထားဝယ်ဒေသအတွင်း ရှိရင်းစွဲ သဘာဝအရင်းအမြစ်များ၊ ဒေသရိုးရာ နှင့် ဒေသအလှအပများကို အလှအပ များအား ဖော်ထုတ်ရန်နှင့် မပျက်စီး မပျောက်ပျက်ရေးအတွက် ကာကွယ် ထိန်းသိမ်းတတ်ကြစေရန် ဖော်ပြသည့် အနေဖြင့် ယခုပွဲအား ကျင်းပရန် စီစဉ် ခြင်းဖြစ်ကြောင်း ဦးအောင်လွင်က ပြောသည်။
တို့ချစ်တဲ့ထားဝယ် ပွဲတော်အား ထားဝယ်အခြေစိုက် အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ ထားဝယ်ဒေသခံ လုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံအခြေစိုက်Spirit Education Movement (SEM)နှင့်Community Art Project အဖွဲ့တို့ ပူပေါင်းလုပ်ဆောင်ကြခြင်း ဖြစ် သည်။

We Love Dawei ပွဲတော်အား ယခုနှစ် ဇန်နဝါရီလက ထိုင်းနိုင်ငံ ဘန်ကောက် အနုပညာနှင့် ယဉ်ကျေးမှု စင်တာတွင် ကျင်းပခဲ့ဖူးသည်။