အိမ်သုံးမီတာ ပြတ်လပ်နေသဖြင့် မီတာအသစ် တပ်ဆင်ပေးရန် ကြန့်ကြာနေရဟုဆို

0
440

အိမ်သုံးမီတာများ လျှပ်စစ်ဌာန ရုံးချုပ်တွင် ပစ္စည်းပြတ်လပ်နေသည့် အတွက် တပ်ဆင်ပေးရန် ကြန့်ကြာ နေရခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။
အိမ်သုံးမီတာအသစ် လျှောက်ထား သူ ၂၀၀ ဦးခန့်ရှိပြီး ပြီးခဲ့သည့် ဇွန်လ ခန့်ကတည်းက အိမ်သုံးမီတာများ ပစ္စည်းပြတ်လပ်နေသည့်အတွက် မီတာ အသစ် တပ်ဆင်ပေးနိုင်ခြင်းမရှိကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာက ဆို သည်။

လက်ရှိတွင် မီတာ အသစ်များ ရောက်ရှိလာပြီဖြစ်သည့်အတွက် အစောဆုံးလျှောက်ထားသူများကို တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးအေး မင်းသန်းက ပြောသည်။
“အစောဆုံး လျှောက်သူကို အရင် ချပေးမယ်၊ နောက်မှ လျှောက်သူတွေ ကိုတော့ နောက်မှ ဖြည်းဖြည်းချင်း ရမယ်”ဟု ဦးအေးမင်းသန်းက ဆို သည်။
လက်ရှိတွင် အိမ်သုံးမီတာများကို မြန်မာနိုင်ငံမှ ထုတ်လုပ်နေပြီး လျှပ်စစ် ဌာန အသိအမှတ်မပြုသည့် အခြားမီတာ များကို ဝယ်ယူတပ်ဆင်ခွင့် မရှိပေ။

ယင်းကဲ့သို့ ပစ္စည်းပြတ်လပ်ခြင်း မျိုးကို လက်မခံနိုင်ကြောင်း အိမ်သုံး မီတာလျှောက်ထားသူတစ်ဦး ဖြစ်သည့် ထားဝယ်မြို့နေ ဦးနိုင်လွင်လတ်က ပြောသည်။
“မီတာအလုံးရေ များပြီး မီးအား မနိုင်လို့ ခေတ္တရပ်ထားတယ်ဆိုတာမျိုးက နားထောင်ကောင်းသေးတယ်၊ အခုက မီတာ မရှိလို့ ဆိုတာကတော့ မဖြစ်သင့် ဘူးလေ”ဟု ဦးနိုင်လွင်လတ်က ဆို သည်။

မှတ်ပုံတင်ကြေး၊ မီတာတန်ဖိုး၊ အာမခံစပေါ်ငွေ အစရှိသည့် မီတာ အသစ် လျှောက်ထားမှုအတွက် ငွေကျပ် ကိုးသောင်း ပေးသွင်းရပြီး မီးတိုင်မှ ကြိုးဆွဲခ၊ အိမ်တွင်းကြိုးရိုက်ခများကို သီးခြား ပေးဆောင်ရကြောင်း မြို့နယ် လျှပ်စစ် အင်ဂျင်နီယာက ပြောသည်။
ထားဝယ်မြို့နယ်တွင် ကုမ္ပဏီ မီတာ(ဖိုးသီးချို) အလုံးရေ ၁၄၀၀၀ ကျော်နှင့် ဌာနမီတာ ရှစ်ထောင်ကျော် ရှိကြောင်း အထက်ပါဌာနထံမှ သိရ သည်။