” မီးပျက် ” တရားခံ ရှာဖွေခြင်း

0
678

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်မီး မမှန်သည့်အပေါ် ထားဝယ်လူထု၏ သည်းခံနိုင်စွမ်း ပိုပို ပါးလာသည်။ ယခင်က “ဖြစ်တတ် ပျက်တတ်ပါတယ် လေ..” ဟူ၍ သက်ညှာ တွေးဆပေးခဲ့ကြ သူတို့ပင် လူမှုစီးပွား ထိခိုက်မှု ပိုပိုများ လာသောအခါ ရှေ့ထွက်လာ ကြသည်။ယင်းကိစ္စအဖြေရှာပေးရန် ပြည်ထောင်စုအဆင့်မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ဦးဝင်းထိန် (NLD ဗဟို)၊ ဦးဝင်းမြင့်(ပြည်သူ့ လွှတ်တော် ဥက္ကဌ)တို့ထံ တင်ပြတောင်းဆိုနိုင်ရေး စီစဉ် လာသည်။

” မဲဆန္ဒရှင် ပြည်သူတွေရဲ့ (လျှပ် စစ်မီး)အခက်အခဲကို ဖြေရှင်းပေးပါ ပေါ့။ အဓိကကတော့ ပြည်သူတွေ ပြည်သူ တွေ ရွေးထားတဲ့ အစိုးရရဲ့ပုံရိပ်တွေ ထိခိုက်နေပြီ၊ စိုးရိမ်ဖွယ်ဖြစ်လာပြီ။ တိုက်ခိုက်တာမဟုတ်ဘူး ကောင်းအောင် ပါ” ဟု လက်မှတ် စုဆောင်းရန် ပြင်ဆင် နေသူ ထားဝယ် လပြည့်မိတ္တူဆိုင် ပိုင်ရှင် ကိုစည်သူက ပြောသည်။

သူ၏ မိတ္တူဆိုင်မျိုးအပြင် လျှပ် စစ်အား တိုက်ရိုက်မှီခိုနေရသူတို့အတွက် မီးပျက်သဖြင့် ပစ္စည်းများ ပျက်စီးခြင်း၊ ရက်ချိန်းလွဲသဖြင့် ဖောက်သည်များနှင့် မိတ်ပျက်ရခြင်း၊ ဝင်ငွေထိခိုက်ခြင်း စသည့် လူမှုစီးပွားထိခိုက်မှုတို့ ကြုံ တွေ့နေရကြောင်း ကိုစည်သူက ပြော သည်။လက်ရှိ ထားဝယ်ခရိုင်အတွင်း မီးခဏခဏ ပျက်ရခြင်းမှာ ၆၆ ကေဗွီ လိုင်းပေါ်သို့ ဝါးပင်များ ပြိုလဲ ကျခြင်း၊ ရွာသားများ သစ်ပင်ခုတ်ရာမှ ယင်းကြိုး လိုင်းပေါ်ကျခြင်းများကြောင့်ဟု တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဒုအင်ဂျင်နီယာချုပ် ဦးအောင်ဇော်ဦး က ပြောသည်။

” ဝါးတွေက ဓာတ်အားလိုင်းဘေးမှာ ရှိနေတော့ ကိုင်းကျလာတယ်။ ဝါးပျံဆို ပျော့ပျော့လေး။ စီမံချက်နဲ့ လုပ်ရမယ်၊ တစ်ရက်နဲ့လည်း မပြီးဘူး နှစ်ရက်နဲ့ လည်း မပြီးဘူး လနဲ့ချီပြီး လုပ်ရမယ်၊ ခုလည်း လုပ်နေတယ်၊ အဲဒါဆိုရင်တော့ ဒီမီးပျက်မှု ပြဿနာ တော်တော် လျော့ သွားမယ်၊ ဒါပေမယ့် ငွေသုံးရမယ်၊ သိန်းထောင်နဲ့ချီပြီး သုံးရမယ်” ဟု ဦးအောင်ဇော်ဦးက ပြောသည်။

ယင်းကို ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဖြန့်ချိရေးအပိုင်း တာဝန်ယူ ထားသည့် ထားဝယ်အများပိုင် ကုမ္ပဏီ (DDPC)က တာဝန်ယူ လုပ်ဆောင်ရ မည်ဟု ၎င်း ပြောသည်။ DDPC တာဝန်မှာ ကန်ဘောက် ၆၆ ကေဗွီလိုင်းမှအစ ထားဝယ်ဓာတ်အား ခွဲရုံ၊ ထိုမှတစ်ဆင့် ထားဝယ်ခရိုင်တစ်ခု လုံး ဖြန့်ချိရန် ဖြစ်ပြီး DDPC အား ဝန်ထမ်းအင်အား ထပ်ဖြည့်ရန် တွန်း အားပေးနေကြောင်း ဦးအောင်ဇော်ဦးက ပြောသည်။

တနင်္သာရီအပတ်စဉ်က DDPC ကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူထံ အောက်တို ဘာ ၂၈ ရက် မွန်းတည့်ပိုင်း မှစပြီ အကြိမ်ကြိမ် ဖုန်းဆက်မေးမြန်းရာ တာဝန်ခံ ဖြစ်သူက ဖုန်းပြန်လည် ခေါ်ဆိုမည်ဟု ပြောဆိုခဲ့သော်လည်း ပြန်လည် ဆက်သွယ်မှု မရှိခဲ့ပေ။ဖုန်းထပ်မံခေါ်ဆိုသော်လည်း ဖုန်း မကိုင်တော့သဖြင့် ညနေ ၄ နာရီတွင် DDPC ကုမ္ပဏီရုံးသို့ သွားရောက် မေးမြန်းခဲ့ရာ တာဝန်ရှိသူ မအားလပ်ဟု ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေး အရာရှိ က ပြန်လည်ဖြေဆိုသည်။

ယင်းသို့ မီးပျက်လွန်းမှုအပေါ် အစိုးရမှ ကိုင်တွယ်ရာတွင် ဆုကြေး ဒဏ်ကြေး စနစ်ကျင်းသုံးကာ စာချုပ်ပါ စည်းမျဉ်းများအတိုင်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်ကြောင်း စင်ကာပူနိုင်ငံ Tuas လျှပ်စစ်ဓာတ်အားပေးစက်ရုံ အကြီး တန်းနည်းပညာပိုင်းဆိုင်ရာ အရာရှိ (Control and Instrumentation) ဦးထွေးစိုးဟန်က မှတ်ချက် ပေးသည်။

” ကျွန်တော်တို့ မီတာခအချိန်မီ မသွင်းတော့ မီးဖြတ်၊ ဒဏ်ကြေးကောက် တယ်။ တကယ်လို့ သူတို့ဘက်က ပျက်ကွက်မှု အတိုင်းအတာ တစ်ခုထိ ကျော်သွားရင် စာချုပ်ချုပ်ထားတဲ့ အစိုးရ ကို သက်ဆိုင်ရာ အဖွဲ့က ဘယ်လောက် လျော်ပေးမယ် ဆိုတာမျိုး။ ပြီးတော့မှ အစိုးရကနေ မီးသုံးပြည်သူတွေကို တစ်ခုခု ပြန်လုပ်ပေးတာမျိုး။ ဒါမှ သူတို့တွေ မပေါ့မဆဘဲ သေသေချာချာ လုပ်ပေး မှာ” ဟု ဦးထွေးစိုးဟန်က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ ယင်းသို့ လုပ်ဆောင်ခြင်းမျိုး မရှိသေးပေ။

၂၀၁၇ ဇူလိုင်လ ၁ ရက်မှ လက်ရှိ အချိန်အထိ ရက်ပေါင်း ၁၂၀ အတွင်း လျှပ်စစ်မီးပြတ်တောက်မှုနှင့် ပက်သက် သည့် အသိပေး ထုတ်ပြန်မှုများကို DDPC လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်း Facebook စာမျက်နှာမှ အကြိမ်ပေါင်း ၄၀ ကျော် ထုတ်ပြန် ကြေညာခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ရုံး-ထားဝယ် Facebook စာမျက်နှာမှ အကြိမ် ၃၀ ခန့် ထုတ်ပြန်ကြေညာခဲ့သည်။ မီးပျက် မှုမှာ ယင်းထက် အကြိမ်ရေ များစွာ ပိုသည်။
မီးပျက်လွန်းသည့်အပေါ် လူထု၏ စိတ်ပျက်မှုမှာ လျှပ်စစ်မီတာခ ကျပ် ၁၀ လျော့ချတော့မည်ကိုပင် ဝမ်းမသာ နိုင်သည့်အခြေအနေ ဖြစ်နေသည်။
” ၁၀ လျှော့ချတဲ့အပေါ်မှာ သိပ်ပြီး ရင်မခုန်ဘူး၊ မီးပျက်လို့ ဖြစ်တဲ့ အခက် အခဲတွေ အဆင်ပြေအောင် လုပ်ပေးရင် ကျေနပ်ပါပြီ” ဟု ပြည်ထောင်စုသို့ စာတင်ရန် စီစဉ်နေသူ ကိုစည်သူက ပြောပါသည်။

လျှပ်စစ်မီးသုံးစွဲသူများက မီးပျက် ခြင်း၏ အဓိက တရားခံမှာ အစိုးရ၊ ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူတို့ ဖြစ်သည် ဟု မြင်သည်။
တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်ကမူ ကုမ္ပဏီများဘက်မှ တာဝန်ကျေသည် ဟု မပြောနိုင်သော်လည်း စာချုပ်ပါ အချက်အတော်များများအား ၎င်းတို့ ဘက်မှ ဖြည့်ဆည်း ဆောင်ရွက်ပေး နေပြီး လက်ရှိမီးပျက်မှုများမှာ ဝန် ဆောင်မှု ညံ့ဖျင်း၍ မဟုတ်ဘဲ လိုင်း ပေါ် သစ်ကိုင်းများ ကျိုးကျ၍သာ ဖြစ်ရ သည်ဟု ဆိုသည်။

” ဖိအားပေးတဲ့ ပုံစံမျိုးတော့ မရ ဘူးပေါ့၊ တဖြေးဖြေးတော့ တိုးတိုး တွန်းအားပေးသွားမှာပေါ့” ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။
လက်ရှိတွင် မီး ထပ်မပျက်ရန် အတွက် ထားဝယ်- ကံပေါက် ၆၆ ကေဗွီလိုင်းအနီး မလွတ်မလပ် ဖြစ် နေသည့် ဝါးပင်များကို ဒေသခံ ခြံပိုင် ရှင်များနှင့် ညှိနှိုင်းကာ ဝါးသတ်ဆေး များ အသုံးပြုကာ အောက်တိုဘာ ၂၈ ရက်မှစ ရှင်းလင်းသွားမည်ဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်တွင် မီးပိတ်ကာ ဆက်လက်ရှင်းလင်းသွားမည်ဟု ဝန်ကြီး က ပြောသည်။

လက်ရှိ အခြေအနေတွင် ကံပေါက် လျှပ်စစ်ဓာတ်အား ထုတ်စက်ရုံ မှအပ ကျန်သည့်အပိုင်းများတွင် နည်း ပညာ အရ အားနည်းချက်များ ရှိနေပြီး ယင်း အားနည်းချက်များကို ဖြေရှင်းရန်မှာ လည်း ခက်ခဲသည့် ကိစ္စမဟုတ် ဟု ဦးထွေးစိုးဟန်က ထောက်ပြသည်။

” ဘာကြောင့် မီး မကြာခဏ ပြတ် /ပျက်သလဲလို့ ပြောရရင် Operations and Maintenance (လုပ်ငန်း လည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှု) မှာ အားနည်းလို့။ သုံးသင့်တဲ့ လူအင်အား၊ ငွေအင်အား မသုံးလို့” ဟု ဦးထွေးစိုးဟန် က ပြောသည်။