အင်းဝန်းရွာက သိမ်တောင် သင်္ချိုင်းကုန်း

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ကျွန်တော်ဟာ ခရီးသွားရတာကို နှစ်သက်ပြီး ကိုယ်ရောက်ဖူးသမျှနေရာ တွေက ရှေးဟောင်းအဆောက်အအုံတွေနဲ့ သမိုင်းဝင်နေရာတွေကို ဝါသနာအရ လေ့လာနေတတ်သူတစ်ယောက် ဖြစ်ပါ တယ်။ အများအားဖြင့် မြန်မာပြည် အလယ်ပိုင်းက ရှေးဟောင်းနေရာတွေကို ပိုမို လေ့လာခွင့်ရတယ်။

တစ်လောတုန်း ကတော့ ကိစ္စလေးရှိတာနဲ့ ကိုယ့်ဒေသ ကိုယ့်ရပ်ရွာဆီ ပြန်ဖြစ်ပါတယ်။ ဒီတစ်ခါ အကြာကြီး နေဖြစ်တယ်ဆိုတော့ ကိုယ့်ဒေသက ရှေးဟောင်းနေရာတွေကို အချိန်ယူပြီး မွှေဖြစ်တာပါ။ ရောက်ပြီး သားနေရာတွေကို ထပ်ပြီးလေ့ လာဖြစ် တဲ့အပြင် အခုမှစရောက်ဖြစ်ခဲ့တဲ့ ရှေး ဟောင်းနေရာတွေလည်း ပါပါတယ်။အထူးသဖြင့် အင်းဝန်းရွာ သိမ် တောင်(သီဒွန်) သင်္ချိုင်းလိုနေရာတွေပေါ့။

ဒီခရီးစဉ်အတွင်း အခုမှ ပထမ အ ကြိမ်ရောက်ဖြစ်တဲ့ သိမ်တောင်သင်္ချိုင်း လိုနေရာတစ်ခုက ထားဝယ်ဒေသရဲ့ ရှေး ကျတဲ့ နေရာတစ်ခုဖြစ်နေလို့ အံ့ဩရပါ တယ်။ ဒီနေရာကို အခုမှရောက်ဖြစ်လို့ လည်း ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိ တယ်။ ဘာလို့ဆို ဒီသင်္ချိုင်းက ကျွန်တော် တို့ ဖြတ်သွားဖြတ်လာ ပြုနေတဲ့ လမ်းနံ ဘေးမှာ ရှိနေလို့ပါ။ ကျွန်တော် တို့ရွာ (မင်းရပ်ရွာ)နဲ့ကပ်လျက်ရှိနေပြီး သာယာ ကုန်း၊ အင်းဝန်းနဲ့ သဲပုံစတဲ့ရွာတွေက အသုံးပြုနေဆဲဖြစ်တဲ့ သင်္ချိုင်းကုန်း ဖြစ် ပါတယ်။ကိုယ်နဲ့ နီးနီးကပ်ကပ်ရှိနေပေမဲ့ အခုမှ ရောက်ရတဲ့ အကြောင်းရင်းက လည်း ရှိနေပါတယ်။

သိမ်တောင် သင်္ချိုင်းကုန်းရှိတဲ့နေရာ ဟာ အင်းဝန်း /သာယာကုန်းရွာနဲ့ မင်း ရပ်ရွာအကြားက လူသွားလူလာ ရှင်းတဲ့ တောတန်းလေးမှာ တည်ရှိနေတာပါ။ ထုံးစံအတိုင်းပဲပေါ့။ အဲဒီတောတန်းလမ်း ပြတ်နဲ့ပက်သက်တဲ့ သရဲတစ္ဆေဇာတ်လမ်း တွေကလည်း ခေတ်အဆက်ဆက်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကဆိုရင် အဲဒီဇာတ်လမ်းတွေဆို ကြောက်လည်းကြောက်၊ ကြိုက်လဲကြိုက် ပေါ့။ ကြားရဖန်များတော့ ကြောက်စိတ် တွေဝင်နေပြီး အဲဒီလမ်းပိုင်းကို ဖြတ် သွားဖြတ်လာ ပြုရင်တောင်မှ သိမ်တောင် သင်္ချိုင်းရှိရာဘက်ကို တော်ရုံနဲ့ မကြည့် ဖြစ်ဘူး။ လူကိုယ်တိုင် ရောက်ဖို့ဆိုရင် ဝေးရောပေါ့။
ဒါ ကျွန်တော်ငယ်ငယ်က ဖြစ်ရတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

အခုတော့ အဲဒီလို ကြောက်စိတ်မ ရှိတော့ပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာ အတား အဆီး တစ်ခုခုဖြစ်နေသလို ခံစားနေမိ သေးတာပါ။ ငယ်ငယ်က ကြောက်စိတ် ဟာ အခုချိန်ထိ ကျွန်တော့်စိတ်ကို လွမ်းမိုး နေဆဲ ဖြစ်တယ်ဆိုတာကို ကောင်းကောင်း ကြီး သိလိုက်ရပါတယ်။ ရှေးဟောင်း အဆောက်အအုံတွေကို စိတ်ဝင်စားပေမဲ့ လည်း အဲဒီကြောက်စိတ်ကြောင့် သိမ် တောင် သင်္ချိုင်းက ရှေးဟောင်းစေတီ တွေဆီကို တစ်ခါမှ မရောက်ဖြစ်ဘူး ဆို ပါတော့။ မရောက်ဖြစ်လို့လည်း ကိုယ့် ရပ်ရွာအနီးအနားမှာ ရှိနေတဲ့ ရှေးဟောင်း နေရာတစ်ခုကို အသိနောက်ကျခဲ့ရပြီပေါ့။

အခုတော့ ရောက်ခဲ့ပါပြီ။
ကိုယ်ဒေသ သမိုင်းကို တိတိကျကျ သိလိုတဲ့စိတ်၊ ပျက်စီးတိမ်မြုပ်နေတဲ့ ရှေးဟောင်းအဆောက်အအုံတွေကို လေ့ လာလိုတဲ့ စိတ်တွေကြောင့် အရင်က တစ်ခါမှ မရောက်ဖြစ်တဲ့ သိမ်တောင် သင်္ချိုင်းဆီ အရဲစွန့်ပြီး ရောက်ခဲ့ပါပြီ။အဲဒီနေ့က အင်းဝန်းရွာမှာ အသုဘ ကိစ္စရှိနေတာမို့ သိမ်တောင်သင်္ချိုင်းမှာ ရွာသားတွေ ရှိနေတာကို ကားလမ်းကနေ မြင်လိုက်ပါတယ်။ ဒါကြောင့် သိမ်တောင် ပေါ်က ဘုရားတွေနဲ့ စေတီတွေဆီ ဖြစ် အောင် သွားလိုက်တာပါ။ သင်္ချိုင်းကုန်း ပေါ်ရောက်တော့ ထင်ထားသလို မဟုတ် ဘဲ ရှင်းရှင်းလင်းလင်း ဖြစ်နေတာကို တွေ့ရပါတယ်။ အခုနောက်ပိုင်းမှာ မီးသဂြိုလ်တဲ့ အလေ့အထတွေများလာလို့ ထင်ပါရဲ့။ အုတ်ဂူတွေနဲ့ မြေပုံတွေ မတွေ့ ရတော့ဘူး။ သင်္ချိုင်းကုန်းပေါ်မှာ မီး သဂြိုလ်ဖို့ရှိတဲ့ အဆောက် အအုံတစ်ခုနဲ့ ဇရပ်ကြီး နှစ်ဆောင်ကိုပဲ တွေ့ရတော့ တာပါ။ ကုန်းရဲ့တောင် ဘက်မှာတော့ သိမ်ဟောင်းကြီးတွေကို တွေ့ရပါတယ်။ ဒီဘက်မှာတော့ ခြုံတွေ ဖုံးလို့ပါပဲ။ သိမ် ကြီးတွေတစ်ခုနဲ့ တစ်ခုကို ကူးဖို့အတွက် ခြုံတွေ တိုးရပါတယ်။ ဒီနေရာမှာ စေတီ နှစ်ဆူနဲ့ သိမ်ဟောင်း စုစုပေါင်း လေးသိမ် ရှိပါတယ်။ တချို့ သိမ်တွေကို သင့်သလို ပြန်ပြင်ထားတာ တွေ့ရပေမဲ့ ကျန်တဲ့ သိမ်တွေကြည့်ရတာ လူတွေဝင်ထွက်သွား လာပြီး သုတ်သင်ရှင်းလင်းထားတဲ့ လက်ရာ ခြေရာ မပေါ်ပါဘူး။ အနောက်ဘက်ကို မျက်နှာလှည့် ထားတဲ့ သိမ်ကြီးတစ်သိမ် ကိုတော့ နောက်ပိုင်းမှာ ချဲ့ဆောက်ထားပုံ ရပြီး တံခါးပိတ်သော့ခတ်ထားတာမို့ ဝင်ကြည့်ခွင့် မရခဲ့ပါဘူး။
innwon_history_2

အခုပြောခဲ့တဲ့ သိမ်ဟောင်းတွေထဲ က သိမ်ကြီးသုံးသိမ်မှာ ဆင်းဆုတော် အကြီးကြီးတွေ ရှိနေတာကို တအံ့တဩနဲ့ တွေ့မြင်ခဲ့ရပါတယ်။ ဆင်းတုတော်ကြီး တွေက တော်တော်ကို ကြီးမားတာပါ။ နံဘေးရွာက ရွာသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ ဒီသင်္ချိုင်းကုန်းပေါ်မှာ ဘုရားသိမ်တွေ ရှိတယ်ဆိုတာ သိထား ပေမယ့်လည်း အခုလောက်ကြီး ထည် ထည်ဝါဝါနဲ့ တည်ရှိနေလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ပါဘူး။ မြို့ပြဧရိယာနဲ့ ကင်းကွာနေတဲ့ ဒီလိုနေရာတွေက ဘုရား သိမ်တွေမှာ အခုလိုမျိုး ကြီးမားတဲ့ဆင်းတု တော်ကြီးတွေကို ဖူးတွေ့ရတာ တကယ် ကို အံ့ဩမိပါတယ်။ ဆင်းတုတော် တွေရဲ့ပုံစံက ရတနာပုံခေတ်ဟန်တွေပါ။ လွန်ခဲ့တဲ့အနှစ်တစ်ရာ ဝန်းကျင်လောက် က တည်ထားခဲ့ပုံရပါတယ်။

ဘုရားသိမ်တွေရဲ့ အတွင်းဘက်ကို ခြုံတိုးပြီး ဝင်လိုက်တဲ့အခါမှာတော့ ထုံး သင်္ကန်းနဲ့ စေတီနှစ်ဆူကို ဖူးတွေ့ရပါ တယ်။ စေတီနှစ်ဆူထဲက တောင်ဘက်ကျ ဆုံးစေတီဟာ ပိုရှေးကျပုံရပြီး မင်းရပ်ရွာ အရှေ့ကုန်းမှာ တည်ရှိနေတဲ့ ရှေးဟောင်း စေတီတစ်ဆူနဲ့ အချိုးအစားချင်း တူနေ တာကို သတိထားမိပါတယ်။ ဒီစေတီကို တောင်ကုန်းအောက်ကလည်း လှမ်းပြီး ဖူးတွေ့နေရစမြဲပါပဲ။ တကယ်တော့ ဒီသိမ်တောင်သင်္ချိုင်းကုန်းကို လာပြီး ခြုံတိုးရတာဟာ အဲဒီစေတီကို စိတ်ဝင်စား မိလို့ ဖြစ်ပါတယ်။ စေတီရဲ့ အချိုးအစားနဲ့ ပြင်ပပုံ ပန်းသဏ္ဍာန်ကို ထောက်ချင့်ပြီးဒီ ဒေသရဲ့ရှေးကျတဲ့ စေတီတစ်ဆူဆူများ ဖြစ်နေမလားဆိုတဲ့ အတွေးနဲ့ပါ။

ထင်တဲ့အတိုင်း ဖြစ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ရှေးကျလောက်တယ်လို့ ထင်ထား တဲ့စေတီမှာ အရှေ့ဘက်လှည့်တစ်ဝဂူတစ်ခုပါရှိပြီး အဲဒီဂူထဲမှာပဲ အင်္ဂတေ ဆင်းတုတော်တစ်ဆူကို ဖူးတွေ့ရပါ တယ်။ ဆင်းတုတော်ကို တွေ့လိုက် တာနဲ့ ဘယ်ခေတ်လက်ရာဖြစ်လောက် တယ်ဆိုတာ မှန်းကြည့်လို့ ရပါတယ်။အဲဒီဆင်းတုတော်ဟာ ဒီသိမ်တောင် သင်္ချိုင်းကုန်းက ရှေးအကျဆုံး ဆင်းတု တော်ဖြစ်သလို ထားဝယ်ဒေသရဲ့ ရှေး အကျဆုံး ဆင်းတုတော်တွေထဲက တစ်ဆူ အပါအဝင်ဖြစ်တယ်လို့လည်း သတ်မှတ် ရမှာပါ။ အခု ကျွန်တော်ဖူးတွေ့ရတဲ့ ဆင်းတုတော်မှာ မူလရှေးလက်ရာ အစုံ အလင် မကျန်တော့ပါဘူး။

ဆင်းတုတော် ရဲ့ မျက်လုံးတော်နဲ့ နှုတ်ခမ်းတော်တို့ကို ပြင်ဆင်ထားတာ ထင်ရှားပါတယ်။ ဒီကြားထဲ ဆေးရောင်တွေ လွန်လွန်ကဲကဲ ရေးခြယ် ထားသေးတာဆိုတော့ ဆင်းတု တော်ရဲ့ မူလဟန်ကွယ်ပျောက်ပြီး ရှေး ဟောင်း တန်ဖိုးကျဆင်းနေတဲ့ ဆင်းတု တော် တစ်ဆူအဖြစ်နဲ့ပဲ ဖူးတွေ့ရတော့တာ ပါ။
ဒါမျိုးတွေက မြင်တွေ့နေကျမို့ အထူးအဆန်း ဖြစ်မနေတော့ပါဘူး။ ပြုပြင် ခဲ့တဲ့ ဒေသခံ လက်ရာရှင်ရဲ့ လက်စွမ်း လက်စ အကောင်းအဆိုးနဲ့ ရှေးဟောင်း ပစ္စည်းအပေါ်ထားရှိတဲ့ သူတို့ရဲ့ အသိတ ရားပေါ် မူတည်ပြီး ရှေးဟောင်းဘုရားတွေ ပုံစံပျက်ကြရပါတယ်။ တကယ်စိတ် မကောင်းစရာပါ။ ဒါပေမဲ့လည်း ဆင်းတု တော်မှာ ထင်ထင်ရှားရှား ကျန်နေသေး တဲ့ မဏိတော်၊ ပိန္နဲဆူးပါတဲ့ ဦးခေါင်းတော် နဲ့ သင်္ကန်းတော်အနေထားတွေက မူလ ခေတ်လက်ရာတွေကို ထင်ထင်ရှားရှား လှစ်ပြနေသေးတာမို့ စိတ်သက်ရာ ရမိ ပါတယ်။

စေတီရဲ့ တစ်ဝဂူထဲမှာ တွေ့ရတဲ့ ဆင်းတုတော်ဟာ အမရပူရခေတ်လက်ရာ ဆင်းတုတော်တစ်ဆူ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ထားဝယ်ဒေသရဲ့ ရှေး အကျဆုံး ဆင်းတုတော်တွေထဲမှာ ပါဝင် နေပြီး ဒီလိုဆင်းတုတော်မျိုးကို ဒေသ အတွင်းမှာလည်း အတန်အသင့် ပေါများ စွာဖူး တွေ့ရတတ်ပါတယ်။ သိရသ လောက် ထားဝယ်မြစ် အနောက်ဘက်ခြမ်း ဒေသမှာ ဒီလိုဆင်းတုတော်မျိုးကိုအခု တွေ့ရတဲ့ အင်းဝန်းရွာ သိမ်တောင်အပြင် မင်းရပ်ရွာ၊ ကမြောကြီးရွာ (ဆင်းတု ပျောက်ဆုံး)၊ ခမောင်းတောင်ရွာနဲ့ ရပ်ခံ တောင်တို့မှာ တွေ့ရှိရပါတယ်။ မြစ်အရှေ့ ဘက်ခြမ်း မှာဆိုရင်တော့ ထားဝယ်မြို့ ပေါ်က ရှင်ဥဩဘုရားကြီး၊ ကြက်သံဒိုင်း စေတီတိုက်ထဲက အဓိကဆင်းတုတော် ကြီး၊ ရဟန္တာသိမ်ထဲ ဆင်းတုတော်များနဲ့ ပသျှူးကြောက်ဘုရား ဆင်းတုတော်ကြီး တို့ဟာ အခုတွေ့ရတဲ့ ဆင်းတုတော်နဲ့ ခေတ်လက်ရာတူ တယ်လို့ ဆိုနိုင်ပါ တယ်။ နောက်ပြီး ထားဝယ်မြစ်အနောက် ဘက်ကမ်းတစ်လျှောက်က မင်းရပ်ရွာ အရှေ့ဘက် ကုန်း၊ အင်းဝန်းရွာ သိမ် တောင်ကုန်း၊ ကမြောကြီးကုန်းနဲ့ ရပ်ခံ တောင်ကုန်းတွေမှာ ခေတ်လက်ရာတူ ဒီလိုဆင်းတုတော်တွေ တွေ့နေရတာဟာ တကယ်ကို ထူးခြားနေတာပါ။ အဲဒါနဲ့ ပတ်သက်တဲ့ သမိုင်းခြေရာတွေကို လေ့လာ ပြီး ဆက်လက် သုတေသနပြုသင့်တယ်လို့ ထင်ပါတယ်။

လက်ရှိအနေထားကိုအခြေပြုပြီး ပတ်ဝန်း ကျင်တစ်ခုလုံးကို ငုံကြည့်ရရင် ဒီစေတီ တွေနဲ့ ဘုရားသိမ်တွေရဲ့ သမိုင်းကြောင်း ဟာ ကွင်းဆက်ပြတ်သလို ဖြစ်နေလောက် ပါတယ်။ ဒေသအနေထားအရ ကျေးရွာ သင်္ချိုင်းကုန်းတစ်ခုမှာ ဘယ်အလှူရှင် ကမှ အခုလိုမျိုး ခမ်းနားထည်ဝါတဲ့ ဘုရား သိမ်တွေ လာရောက် တည်ထား ကိုးကွယ်ခဲ့မှာ မဟုတ်ပါဘူး။ ဒါဆိုရင် လည်း အဖြေက ရှင်းပါတယ်။

ဒီဘုရားသိမ်တွေဟာ လက်ရှိ သင်္ချိုင်း ကုန်း မဖြစ်လာခင်က ဒီကုန်းပေါ်မှာ တည်ရှိနေတာ ဖြစ်မှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာဝန်းကျင်က ဒီဘုရား သိမ်တွေကို လှူဒါန်းခဲ့တဲ့ အလှူရှင် အနေနဲ့က သူ့ရဲ့ကောင်းမှုကုသိုလ်တွေကို မြင့်မြတ်တဲ့နေရာမှာသာ တည်ထား ကိုး ကွယ်ခဲ့မယ်လို့ ထင်ပါတယ်။ သင်္ချိုင်း ဖြစ်နေပြီးသား နေရာတစ်ခုမှာ ဘုရား သိမ်တည်ထားကိုးကွယ်ခဲ့မှာ မဟုတ် သလို အဲဒီအချိန်က ဒီကုန်းဟာလည်း အခုလိုမျိုး သင်္ချိုင်းကုန်းတစ်ခုဖြစ်နေမှာ မဟုတ်ပါဘူး။
ကုန်းပေါ်က တောင်ဘက်အစွန်ဆုံး စေတီရဲ့ တစ်ဝဂူထဲက ဆင်းတုတော်ကို ကြည့်ရခြင်းအားဖြင့် လွန်ခဲ့တဲ့ အနှစ် နှစ်ရာဝန်းကျင်လောက်ကပဲ ဒီနေရာဟာ စေတီကုန်းတစ်ခုအဖြစ်နဲ့ တည်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ဒီကုန်းမှာ အနည်းဆုံးစေ တီတစ်ဆူ တည်ရှိနေမှာဖြစ်ပြီး အနီး အနား ပတ်ဝန်းကျင်က အလေးအမြတ် ပြုရာ နေရာအဖြစ်နဲ့ တည်ရှိနေမှာပါ။ ဒါကြောင့်လည်း နောက်ပိုင်း အလှူရှင် ဖြစ်ကြတဲ့ ဘုရားသိမ်ဒကာတွေကလည်း သူတို့အလေးအမြတ်ပြုရာ ဘုရားကုန်း ပေါ်မှာ နောက်ထပ် သိမ်တွေ ဆောက် လှူခဲ့တာ ဖြစ်နိုင်ပါတယ်။ အဲဒီတုန်း အချိန်တွေကဆိုရင် ဒီတောင်ကုန်းက အတော်ပဲ သာသာယာယာရှိ လိမ့်မယ်လို့ ထင်ရပါတယ်။ စေတီတွေ၊ ဘုရား သိမ် တွေနဲ့မို့ ဘုရားဖူးသူတွေနဲ့ ဥပုသ် သီတင်းသီလဆောက် တည်သူတွေ စည် ကားနေမှာပါ။ ဘုရားသိမ်တွေရှိနေတဲ့ တောင်ကုန်းမို့ သိမ်တောင်(သီဒွန်)ဆိုပြီး ဒေသခံတွေခေါ်ဆို ခဲ့တာဟာ အဲဒီချိန်က တည်းက စခဲ့တယ်လို့ ထင်ရပါတယ်။

နောက်ပိုင်းမှာ သိမ်တောင်ဟာ သာယာကုန်း၊ သဲပုံ၊ အင်းဝန်း စတဲ့ရွာ သုံးရွာရဲ့ သင်္ချိုင်းကုန်းဖြစ်လာခဲ့တယ် ဆိုပါတော့။ သင်္ချိုင်းကုန်းဖြစ်သွားပြီဆို ရင် လူသူ မနီးကြတော့ဘူးပေါ့။ အဲဒီမှာရှိ နေတဲ့စေတီတွေနဲ့ ဘုရားသိမ်တွေဆီကို လူသွားလူလာ ကင်းရှင်းသွားပြီး တစစ နဲ့ တိမ်ကောသွားတာ ဖြစ်နိင်ပါတယ်။အခုချိန်မှာလည်း နှစ်စဉ်နှစ်တိုင်း တန် ဆောင်မုန်းလပြည့်ကျော် နှစ်ရက်နေ့မှာ ပြုလုပ်လေ့ရှိတဲ့ တရားပွဲချိန်ကလွဲလို့ လူသွားလူလာ မတွေ့ဖူးပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒါတွေကို ကျွန်တော်တို့ အချိန်မီ ပြန်လည် ထိန်း သိမ်းရမှာ ဖြစ်ပါတယ်။ သင်္ချိုင်းကုန်း က ဘုရားတွေဆိုပြီး လူသူမနီးဘဲ ဒီ အတိုင်းပြစ် မထားသင့်တော့ပါဘူး။ နောက်ပိုင်း သုတေသနပညာရှင်များ ရောက်လာခဲ့ရင်လည်း ဒီနေရာက ရှေး ဟောင်းစေတီနဲ့ ဆင်းတုတော်တွေအကြောင်း သတင်းပေးညွှန်ပြရမှာ ဖြစ်ပါတယ်။

ရပ်ရွာအနေနဲ့ကိုယ့်ရပ် ကိုယ့်ရွာက စေတီတွေမို့ ပြန်ပြုပြင်တယ်ဆိုတဲ့ သာမန် အသိ စိတ်ထက် ပိုမိုလေးနက်တဲ့ ရည်ရွယ် ချက် တွေထားရှိပြီး ထိန်းသိမ်းစောင့် ရှောက်ရမှာပါ။ သာမန်ပြုပြင်လိုတဲ့ အသိစိတ်တစ်ခုတည်းနဲ့သာဆိုရင် ရှေး ဟောင်း လက်ရာတွေ ပျောက်ပျက်နိုင် တာမို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ်ကို ထိန်းသိမ်းလိုတဲ့ စိတ်လေးကိုပါ စွဲကိုင်ထားမှ အဆင်ပြေမှာ ဖြစ်ပါတယ်။