ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းအတွက် စမ်းလှမ်းကျေးရွာကို ကနဦး ရွေးချယ်

0
428

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) အတွက် လောင်းလုံးမြို့နယ် အတွင်းရှိ စမ်းလှမ်းကျေးရွာကို ကနဦး ရွေးချယ်ထားကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ပင်လယ်ကမ်းစပ်တွင် တည်ရှိသည့် စမ်းလှမ်းကျေးရွာတွင် CBT လုပ်နိုင်ရန် စက်တင်ဘာလ ၃၀ ရက်နေ့က ဟိုတယ်^ ခရီးဌာန တာဝန်ရှိ သူများနှင့်ခရိုင် ခရီး သွားလုပ်ငန်းရှင်အသင်းတို့က ယင်း ကျေးရွာကို သွားရောက်ကာ မြေနေရာ ရှာခဲ့ပြီး ရပ် / ကျေးတာဝန်ရှိသူများကို ရှင်းပြခဲ့ကြောင်း ခရိုင်ခရီးသွား လုပ်ငန်း ရှင်များ အသင်း ဥက္ကဋ္ဌက ဒေါ်မိုးမိုးသူက ပြောသည်။

ခရိုင်ခရီးသွားလုပ်ငန်းရှင်များ အသင်းက ဦးဆောင်လုပ်ကိုင်ရန် စဉ်း စားထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏကို တွက်ချက်နေဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါရွာတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း လုပ်ကိုင်နိုင်ရန် တိုင်း အစိုးရ ခွင့်ပြုချက်လိုအပ်ပြီးဌာနမှ တင်ပြ သွားမည်ဟု သိရကြောင်း ဒေါ်မိုးမိုးသူက ဆိုသည်။

“အစိုးရအဖွဲ့က ခွင့်ပြုမယ်ဆိုရင် ဒီနှစ်ပွင့်လင်းရာသီထဲမှာ လုပ်နိုင်ဖို့ မှန်း ထားတယ်” ဟု ဒေါ်မိုးမိုးသူက ဆိုသည်။
ယင်းကဲ့သို့ ခရီးသွားလုပ်ငန်းလုပ် ကိုင်မည်ဆိုပါက ဒေသ ဖွံ့ဖြို့လာမည် ဖြစ်သည့်အတွက် ကြိုဆိုမည်ဖြစ်ပြီး တတ်နိုင်သမျှ လက်တွဲကူညီသွားမည်ဟု စမ်းလှမ်းရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ကြီးက ပြောသည်။

“ရပ်ရွာအကျိုးရှိမယ့် လုပ်ငန်း ဆိုတော့ တတ်နိုင်သမျှတော့ ကူသွားမယ်၊ ဆွေးနွေးတာတော့ ဆွေးနွေးရဦးမယ်”ဟု ဦးအောင်ကြီးက ဆိုသည်။
ထားဝယ်ဒေသတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်မည် ဆိုပါက ဒေသတွင်း ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပြီး အောင်မြင်မှုရရန် အစိုးရ၏ ထောက်ပံ့ ကူညီမှုများ လိုအပ်ကြောင်း ထားဝယ်မြို့ ပေါ်မှ ခရီးသွား လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းမှာ ဒေသခံများ၏ ဓလေ့စရိုက်များကို ကျေးရွာအတွင်းနေထိုင်၍ လေ့လာခြင်း၊ လေ့လာ လည်ပတ်ရန်နေရာများ စီစဉ် ပေးခြင်းနှင့် အစားအသောက်များ စီစဉ် ပေးခြင်းတို့ ပြုလုပ်ပေးကာ ခရီးသွား လုပ်ငန်းများမှ ဧည့်သည်များကို ပို့ဆောင်ပေးသည့် လုပ်ငန်းဖြစ်သည်။
အဆိုပါလုပ်ငန်းမှ ရရှိသည့် အကျိုး အမြတ်အချို့ကို ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေးနှင့်အခြား ဖွံ့ဖြိုးရေး လုပ် ငန်းများတွင် ပြန်လည် အသုံးပြုကြောင်း သိရသည်။