ဆက်၍ ကြားလိုပါတယ်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်နေခဲ့သော နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့် ခွန်းပြီးနောက် အတွေးစတွေက အဘယ် နည်း။
လူတော်တော်များများ စိတ်ဝင်စား ကြတဲ့ မိန့်ခွန်းနားထောင်ပြီး နောက် တွေးဆစရာ သုံးခုကို ဆွေးနွေးလိုပါတယ်။
အဲဒါတွေကတော့ ပရိသတ်ရွေးချယ် မှု၊ မိန့်ခွန်းပါ စကားလုံး အသုံးအနှုန်း တွေနဲ့ အချက်အလက်များကိစ္စ ဖြစ်ပါ တယ်။

၁။ ပရိသတ်ရွေးချယ်မှု
မိန့်ခွန်းမပြောမီက မိန့်ခွန်းပြောမယ့် ဘာသာစကားနဲ့ ပတ်သက်ပြီး ပြည်သူ တွေကြားမှာ အချေအတင်တွေဖြစ်ကြ သေးတယ်။ အင်္ဂလိပ်လို ပြောသင့်တယ်။ မြန်မာလို ပြောသင့်တယ် အစသဖြင့်။
ကနဦးက နိုင်ငံတကာမှ သံတမန် တွေကို ဖိတ်ထားပြီး စကားပြောမှာ ဖြစ်လို့ အင်္ဂလိပ်လိုပြောမှာ ဖြစ်တယ်လို့ သိထားတယ်။ နောက်တော့ နိုင်ငံတော် အခြေပြမိန့်ခွန်းဆိုပြီး သတင်းစာတွေ မှာ ရေးသားလာကြတော့ ပိုပြီး ဇဝေဇဝါ ဖြစ်သွားကြတယ်။

ဒါကြောင့်လည်း နိုင်ငံတော်မိန့်ခွန်း ကို ဘိုလို ပြောရမလားဆိုပြီး ဝေဖန်ကြ တယ်တွေ ရှိပါတယ်။
ဒါပေမဲ့ တကယ်မိန့်ခွန်းပြောတဲ့ အချိန်မှာDiplomatic Briefing (သံတမန်တွေကို ရှင်းလင်းချက်)လို့သုံး လိုက်တော့ ရှင်းသွားပါတယ်။
ဒီမိန့်ခွန်းဟာ ကမ္ဘာကြီးကို ရှင်းပြ ဖို့ ရည်ရွယ်တယ်ဆိုတာ ပေါ်သွားတယ်။

နိုင်ငံတော် အခြေပြမိန့်ခွန်းဆိုခဲ့လို့ လားတော့ မသိ။ သက်ဆိုင်ရာ မြို့တွေ၊ မြို့တွေမှာ မိန့်ခွန်းကို တိုက်ရိုက် Live ထုတ်လွှင့်ပြတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံကြောင်း ပြကြတာ တွေ ရှိတယ်။
အချို့ကတော့ မြန်မာလိုကော၊ အင်္ဂလိပ်လိုကော ပြောဖို့ တိုက်တွန်း ကြတာတွေ ရှိပါတယ်။
ဒါပေမဲ့ ပရိသတ်တစ်မျိုးတည်းကိုပဲ ခိုင်ခိုင်မာမာ ရွေးသွားတာ တွေ့ရပါတယ်။ မိန့်ခွန်းကပေးတဲ့ သတင်းစကားက ဘယ်လိုမျိုးသော ပရိသတ်ကို ပစ်မှတ် ထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။

အရင်က တစ်ကမ္ဘာလုံးရဲ့ ချီးကျူး မှု ရရှိထားပြီးတော့ ဒီမိုကရေစီ မင်းသမီး ဖြစ်ပြီး ပြောတဲ့မိန့်ခွန်းတွေများပေမဲ့ အခုအခါမှာတော့ မတူတော့ပါဘူး။
သူမအပေါ် နိုင်ငံတကာက အုန်း အုန်းကျွက်ကျွက် ဝေဖန်ပြစ်တင် မှုတွေကို ပြန်ချေပရှင်းလင်းရတဲ့ မိန့်ခွန်း ဖြစ်သွား ပါတယ်။
The Voice Weekly ရဲ့ ပင်တိုင် ဆောင်းပါးရှင် ဇေယျသူကတော့”ဘ၀ ပြောင်း မိန့်ခွန်း”လို့ အမည်တပ်ပါတယ်။
မြန်မာအနေနှင့် ကမ္ဘာ့အသိုင်းအဝိုင်း ထဲမှာ နေတယ်ဆိုတော့ ဒီလိုမျိုး ကမ္ဘာ ကြီးကို ရှင်းပြရတာ၊ နိုင်ငံတကာ ပရိ သတ်တွေကို ခုခံချေပရတာတွေ အနည်း နဲ့အများ ရှိလာမှာပါပဲ။

ဒီလိုအချိန်မှာ ဘာသာစကားကျွမ်း ကျွမ်းကျင်ကျင်နဲ့ ပါးနပ်စွာ ရှင်းလင်း နိုင်တဲ့ ခေါင်းဆောင်တွေ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း ကိုပဲ အားကိုးနေလို့ မရပါ။
ဒီတော့ တိုင်းပြည်ကို မင်းလုပ်အုပ် ချုပ်ကြမယ့် ပါတီအသီးသီးက မျိုးဆက် သစ် နိုင်ငံရေးသမားတွေ ဒီလိုဘာသာ စကားကျွမ်းကျင်မှုနဲ့ ကမ္ဘာ့အရေး အရာတွေနှံ့စပ်ဖို့ ဘယ်လောက်များ အဆင်သင့်ဖြစ်ကြလဲ၊ ဘယ်လောက် အသင့်ဖြစ်အောင် လုပ်ကြသလဲ တွေးဆ စရာပါ။

၂။ အသုံးအနှုန်း စကားလုံးများ
ရခိုင်ကိစ္စဖြစ်နေတာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အပြစ်တင်လွှဲမချ သွား တာဟာ မိန့်ခွန်းထဲမှာ ထူးခြားတဲ့အချက် ဖြစ်ပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့တွေနဲ့ တပ်မတော် သားတွေ နယ်မြေရှင်လင်းရေး လုပ်နေတဲ့ နေရာမှာလည်း လမ်းညွှန် ကျင့်ဝတ်တွေ အတိုင်းလုပ်နေပါတယ် ဆိုပြီး ကာကွယ် ပြောဆိုသွားပါတယ်။

နိုင်ငံတကာ မီဒီယာတွေမှာ တပ်မ တော်နဲ့ ရဲတပ်ဖွဲ့တွေ မုဒိမ်းကျင့်မှု တွေ၊ သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ စွပ်စွဲ ပြောဆိုနေပေမဲ့၊ အရင်နှစ်ပိုင်း တွေက ဆန္ဒပြမှုတွေ ပဋိပက္ခတွေကို နှိမ်နင်းရာမှာ ဝေဖန်မှုတွေရှိခဲ့တဲ့ တပ်မတော်နဲ့ ရဲတပ် ဖွဲ့အပေါ် ရဲရဲဝံ့ဝံ့ပဲ ကာကွယ် ပြောဆိုသွား တာကို တွေ့ရပါတယ်။
နောက်ပြီးတော့ သူ့ကို တိုက်ခိုက် နေတဲ့ နိုင်ငံတကာ မီဒီယာတွေအကြောင်း ကို တစ်လုံးမှ မဟသွားဘဲ ရှင်းလင်း စရာ ရှိတာကို ရှင်းလင်းသွားတာ တွေ့ရပါ တယ်။

ဒါ့အပြင် လက်ရှိ အဆင့်ဆင့် သော အစိုးရအဖွဲ့ဝင်အချို့၊ အာဏာရ နိုင်ငံ ရေးသမားအချို့တွေ ပြောပြောလေ့ ရှိတဲ့ အရင်အစိုးရကြောင့်ဆိုတာမျိုး ပြစ်တင် ပြောဆိုတာမျိုး မတွေ့ရပါဘူး။ ကိုယ် တာဝန်ယူတဲ့အချိန်မှာ ဒီပြဿနာကို ရှင်းရမယ်ဆိုတာမျိုးကိုပဲ ပြောသွားတာ တွေ့ရပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံဟာ ရှုပ်ထွေး တယ်။ (အဲဒီနေရာမှာ တရားဝင်အသုံး အနှုန်းဖြစ်တဲ့Myanmar လို့ မသုံးဘဲ Burma လို့ သုံးသွားတာ သတိထား မိလိုက်တယ်၊ နှုတ်ကျိုးနေလို့လည်း ဖြစ်မှာပေါ့) နှစ်ပေါင်း ၇၀ ပြည်တွင်း ပဋိပက္ခ ဖြစ်နေတယ်။ (ဒီနေရာမှာလည်း Civil Warလို့ မသုံးဘဲInternal Conflictလို့ပဲ သုံးသွားပါတယ်) အစိုးရ အနေနဲ့တာဝန်ယူတာ ၁၈ လပဲ ရှိသေး တယ်။ အချိန်တိုတိုလေးပဲ ရှိသေးဆိုပြီး ရှင်းပြသွားပါတယ်။

နောက်ပြီးတော့ တိုက်ခိုက်မှုတွေ စတင်တဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင် ရေးတပ် (ArakanRohingya Salvation Army) အမည်ရ အကြမ်းဖက် အုပ်စုကို လည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင် တာမျိုးလုပ်တာ မတွေ့ရပါဘူး။ ဩဂုတ်လ ၂၅ရက်နေ့ ညပိုင်းက ရဲစခန်းတွေ တိုက်ခိုက်ခံရတဲ့အကြောင်း ရှင်းပြတဲ့ အချိန်မှာပဲ အဲဒီတပ် အကြောင်းတစ် ကြိမ်သာ ထည့်ပြောသွားပါတယ်။
အဲဒီတစ်ကြိမ်က လွဲလို့ ရိုဟင်ဂျာ လို့ သုံးပြီး ပြောသွားတာလည်း မတွေ့ ရပါ။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူ တွေကို လက်ခံမယ်လို့လည်း မပြော သလို၊ လက်မခံဘူးလို့လဲ မပြောပါဘူး။ (စစ်အစိုးရလက်ထက်) ၁၉၉၃ ခုနှစ်တုန်း က နှစ်နိုင်ငံချုပ်ဆိုခဲ့တဲ့ စာချုပ်အတိုင်းပဲ စိစစ်လက်ခံသွားမယ်လို့ ပြောသွား ပါတယ်။
ချုပ်ပြောရရင် မိန့်ခွန်းမှာ နိုင်ငံ တကာ အသိုင်းအဝိုင်းကို ရှင်းပြဖို့ ဦးတည်တာ တွေ့ရပြီး မည်သည့် အစု အဖွဲ့တွေကိုမှ အပြစ်တင်တာ၊ ဝေဖန်တာ မျိုး ပြင်းပြင်းထန်ထန် မလုပ်သွားခဲ့ ပါဘူး။
ကိုယ့် အလုပ်ကိုပဲ ကိုယ်လုပ်သွား တာကို တွေ့ရပါတယ်။

၃။ အချက်အလက်များ ကိစ္စ
ဒီလိုမျိုး နိုင်ငံတကာက အုတ်အော် သောင်းတင်း ဝေဖန်နေချိန်မှာ ခုခံချေပ ရှင်းပြရင် အချက်အလက် ခိုင်မာမှုက အတော့ကို အရေးပါ ပါတယ်။
နိုင်ငံတကာ သတင်းတွေမှာတော့ ရိုဟင်ဂျာ လေးသိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားရ တယ်လို့ ကုလသမဂ္ဂကို ကိုးကားပြီး ရေးထားတာ တွေ့ရပါတယ်။

ပုံမှန်အားဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင်မှာ မွတ် ဆလင် ရှစ်သိန်းလောက်ရှိတယ်လို့ ပြောကြပါ တယ်။ ဆိုတော့ လေးသိန်းက ထွက် ပြေးတယ်ဆိုတော့ တစ်ဝက်နီးနီး လောက်က ထွက်ပြေးသွားတဲ့ သဘော ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း မှာ မွတ်စလင် အများအပြား (Many Muslims) ထွက်ပြေးတယ်လို့ပဲ သုံး ထားပါတယ်။ ဘယ်လောက်လဲ ဆိုတာ တိတိကျကျ မပြောသွားပါဘူး။

ဒါပေမဲ့ မိန့်ခွန်း အခြားနေရာမှာ တော့ မွတ်စလင် တစ်ဝက်ကျော်ကျော်က ထွက်မပြေးပါဘူးလို့ ပြောသွားပါတယ်။
ဒီတော့ ဒီလေးသိန်းဆိုတဲ့ ကိန်း ဂဏန်းကိုတနည်းနည်းနဲ့ ဝန်ခံလိုက်သလို များ ဖြစ်သွားလားဆိုပြီး တွေးဆမိတယ်။
(တော်ကြာတော့မှ လူကယ်ပြန် ဝန်ကြီးက လေးသိန်းဆိုတာ မဖြစ်နိုင် ဘူးဆိုတယ်)
အစိုးရတစ်ရပ်အနေနဲ့ တစ်ဖက်က ပြောနေတဲ့ ကိန်းဂဏန်းကို ခုခံချေပဖို့ ကိန်းဂဏန်း တိတိပပရထားရင် ပိုကောင်း ပါတယ်။

လူလေးသိန်းလောက် ဒီလောက် အချိန် တိုတွင်းမှာ ရွှေ့ပြောင်းထွက်ပြေး သွားဖို့ဆိုတာ မလွယ်ကြောပါ။ ထား ဝယ် တစ်ခရိုင်လုံးမှာမှ လူလေးသိန်းပဲ ရှိပါတယ်။ ထားဝယ်မြို့ပေါ် လူဦးရေ က တစ်သိန်းပါ။ ဆိုတော့ ကုလသမဂ္ဂရဲ့ ပြောဆိုချက်အရဆိုရင် ထားဝယ်မြို့ပေါ် လူဦးရေရဲ့ လေးဆလောက် လဝက် လောက်အတွင်းမှာ အိုးပစ်အိမ်ပစ် ထွက်ပြေးသွားတယ်ဆိုတဲ့ သဘောဖြစ် နေပါတယ်။
ဒီကိန်းဂဏန်းဟာ အတော့ကို သံသယဖြစ်စရာ ကောင်းပါတယ်။

ဝမ်းနည်းစရာကောင်းတာက ဒီ ကိန်းဂဏန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုး ရဘက်မှာ ပြန်လည်စစ်ဆေး ခုခံနိုင်တဲ့ အနေအထား မရှိသေးတာပါ။
နောက်တစ်ခုက စက်တင်ဘာ ၅ ရက်နေ့ကနေစပြီး မောင်တောမှာ ပဋိ ပက္ခတွေ မရှိတော့ဘူးလို့ ဒေါ်အောင် ဆန်းစုကြည်က မိန့်ခွန်းမှာ ပြောသွား ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ သတင်းထောက် တွေ စက်တင်ဘာ ၇ ရက်နေ့ အစိုးရ ခရီးစဉ်နဲ့ သွားတဲ့အချိန်မှာ မောင်တောမှာ မွတ်စလင် အိမ်တွေ မီးလောင်တာတွေ ရှိသေးတယ် ဆိုပြီး ဓာတ်ပုံနဲ့တကွသတင်းဖော်ပြချက်တွေ ရှိပါတယ်။

နောက်ပြီး စက်တင်ဘာ ၁၄ မှာ လည်း မြန်မာဘက်ခြမ်းမှာ မီးခိုးတွေ အူနေတာ တွေ့တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ် ဘက်က ရိုက်ထားတဲ့ပုံတွေနဲ့ BBCသတင်းမှာ ဖော်ပြထားတာ တွေ့ပါတယ်။
ဒါတွေသာ တကယ်အမှန်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် တစ်ကမ္ဘာလုံးကို ပြောသွားတဲ့ မိန့်ခွန်းမှာ ထောက်ပြစရာ ကြီးတစ်ခု ဖြစ်သွားပါပြီ။ တကယ်လည်း အဲဒါကို ဆောင်းပါးလုပ်ပြီး အသေးစိတ် ဝေဖန်တဲ့ နိုင်ငံတကာ သတင်းတွေ ရှိ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အား လုံးကို အသေးစိတ်သိနိုင်မှာ မဟုတ် လေတော့ ဒီအချက်အလက်ကို ပေးတဲ့ အစိုးရဌာနတွေကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ ဒီအချက် အလက်မှား တစ်ခုကြောင့် မိန့်ခွန်းက အခြားအရေး ကြီးတဲ့ အချက်အလက်တွေကိုလည်း ယုံကြည်မှု ကျဆင်းစေပါတယ်။

နောက်တစ်ခု သတိထားမိတာက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့သူ အားလုံး ခွဲခြားဆက်ဆံမှု၊ ကျန်းမာရေးစောင့် ရှောက်မှုကို တန်းတူရရှိတယ် ဆိုတာပါပဲ။
ဒါဟာလည်း သံသယဖြစ်စရာ ကောင်းပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင်တွေဟာ အခြား နေရာတွေကို လွတ်လွတ်လပ်လပ်သွား လို့ မရပါဘူး။
ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံ စာမှာလည်း ဒီအတိုင်း ဖော်ပြထားပါ တယ်။
ဥပမာ ပြည်နယ် အဆင့် ဆေးရုံ ဖြစ်တဲ့ စစ်တွေဆေးရုံကို ဆေးလာကုဖို့ ဆိုရင်သူများတွေထက် ခက်ခဲတာကို တွေ့ရပါတယ်။
ဒါကြောင့် ဒီအချက်ကလည်း မိန့်ခွန်းရဲ့ တိကျမှု အရည်အသွေးကျဆင်း စေပါတယ်။ ဘယ်အရာပဲ ဖြစ်ဖြစ် အောက်ကလူတွေ ပြောတိုင်း အလွယ် ယုံပြီး ပြောဆိုတာဟာ အရမ်းအန္တရာယ် များ ပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် အဆင့်ဆင့်သော အစိုးရခေါင်းဆောင် တွေ သတိထားရမယ့် အချက်ပါ။
ဒါတွေကတော့ ဒေါ်အောင်ဆန်းစု ကြည်သမိုင်းမှာ ထူးခြားတဲ့ ခုခံချေပ ပြောဆိုရတဲ့ မိန့်ခွန်းကို နားထောင်ပြီးတဲ့ နောက်ရလာတဲ့ တွေးဆချက် သုံးရပ်ပါ။
အစိုးရ တာဝန်ယူပြီး တစ်နှစ်ခွဲ အကြာထိ လူထုကို တိုက်ရိုက် မိန့်ခွန်း ပြောတာ မရှိသလောက် ဖြစ်နေရာ နေထွက် ပြောလာတာပါ။
ဒါပေမဲ့ မြန်မာလူထုကို တိုက် ရိုက်ပြောတာမျိုး မဟုတ်သေးပါဘူး။ နိုင်ငံတကာ မိသားစုဝင်တွေကို အင်္ဂလိပ် ဘာသာနဲ့ ပြောတာမျိုးပါ။

မြန်မာလူထု အများစုဟာ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့မိန့် ခွန်း ကို ဘာသာစကားကြောင့် နားမလည် နိုင်ပေမဲ့ သူမကို ထောက်ခံတဲ့အနေနဲ့ မျှော်လင့်တကြီး နားထောင်ကြတာ တွေ့ ရပါတယ်။
ဒါဟာ ဘာကိုပြနေသလဲဆိုရင် လူထုဟာ ကိုယ့်ခေါင်းဆောင်ရင်ထဲမှာဘာရှိနေတယ်၊ အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်နေတယ်၊ တိုင်းပြည် အနာဂတ်ကို ဘယ်လို တည်ဆောက် နေတယ်ဆိုတာ သိလိုစိတ် ပြင်းပြတာ နေတာ ကို တွေ့ရပါတယ်။

ဒါကြောင့် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ အပါအဝင် သက်ဆိုင်ရာ အဆင့်ဆင့်သော အစိုးရ ခေါင်းဆောင် တွေဟာ လူထုနဲ့ အမြဲထိတွေ့ ဆက်ဆံ ဖို့ လိုပါတယ်။ တိုက်ရိုက် စကားပြောဖို့ လိုပါတယ်။
ဒါမှပဲ တိုင်းပြည် ဘယ်နားရောက် နေတယ်၊ ဘယ်လောက်ထိ ရည်မှန်း ချက်ထားထားတယ်ဆိုတာ သိနိုင်မှာပါ။
ဒါမှလည်း တိုင်းသူပြည်သားတွေက စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး စတာ တွေမှာ တစ်ဦးချင်းစီက ပြင်ဆင်နိုင် မှာပါ။
ဘယ်လိုပါဝင်မလဲ သိနိုင်မှာပါ။ ဒါကြောင့် အဆင့်ဆင့်သော နိုင်ငံ ခေါင်း ဆောင်တွေဆီက ဒီလိုမျိုး မိန့်ခွန်းတွေ ဆက်၍ ဆက်၍ ကြားလိုပါကြောင်း။