ထားဝယ်၊ အာဆီယံလမ်းမမှသည် ဖူနန်ရွန်သို.

0
522

“အမယ်လေး.. တစ်စစီ ပြုတ်ထွက် တော့မယ့် အတိုင်းပဲ”
မြန်မာတိုင်းမ်က စီးပွားရေးသတင်း ထောက်မလေးက အာဆီယံလမ်းမကြီး ပေါ် ကားစီးရင်း ထအော်တယ်။
အော်မယ်ဆိုလည်း အော်လောက် စရာ။ ပေါလိုက်တဲ့ ချိုင့်ခွက်။
အာဆီယံလမ်းမကြီးလို့ နာမည် ကြားလိုက်ရုံနဲ့ နိုင်ငံတကာကို ကူးလူး သွားလာနိုင်တဲ့ လမ်းမကြီးဆိုတာ အား လုံးအသိ။
* * *
နယ်စပ်ကုန်သွယ်ရေး အကြောင်းကို သတင်းလိုက်ဖို့ မြန်မာတိုင်းမ်က သတင်း ထောက်နဲ့အတူ ထီးခီးခရီးစဉ် စခဲ့တာပါ။ ထိုင်း-မြန်မာနယ်စပ်နားမှာ အကောင် အထည်ဖော်ဖို့တာစူနေတဲ့ မယ့်သမီးခီး စက်မှုဇုန်ရဲ့ မြေပြင်အခြေအနေကို လေ့ လာရင်းပေါ့။
ပုံမှန်ဆိုရင် ထားဝယ်-ထီးခီးခရီး စဉ်အတွက် လူတစ်ယောက်ကို ကျပ် နှစ် သောင်း။ စီးမိတဲ့ကားက ထီးခီးမှာ လူ ကြိုစရာရှိလို့ လမ်းကြုံတယ်ဆိုပြီး တစ် ယောက်ကို ကျပ် ၁၇,၀၀၀ နဲ့ အဆင်ပြေ သွားတယ်။

ထားဝယ်မြို့ အခွန်လွတ်ဈေး နံဘေး မှာရှိတဲ့ ထီးခီးကားဝင်းက မနက် ၈ နာရီ လောက်မှာ ကားစထွက်တယ်။ ခရီး သည်က ကျွန်တော်တို့ နှစ်ယောက်တည်း ရယ်။ ထားဝယ်က မိုင် ၄၀ နီးပါးရှိတဲ့ မေတ္တာမြို့အထိ ကတ္တရာလမ်းက အဖု အထစ် လုံးဝမရှိသလောက်။
မေတ္တာမြို့အဝင်ကနေ “ထီးခီးသို့” ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်လေးအတိုင်း ဝဲဘက်ကို ချိုးကွေ့လိုက်တာနဲ့ ကတ္တရာ လမ်းမဟုတ်တော့။ မုန့်လင်မယား (ထား ဝယ်အခေါ်- မုခွမ့်ဟှား)လုပ်သည့် အိုးလို မြေသားလမ်း။ Vigo ကားလေးအတွက် ချိုင့်ခွက်တွေကို ရှောင်ဖို့ အခွင့်အရေး မရှိ။

မေတ္တာတံတားကျော်ပြီး ချိုင့်ခွက် တွေကြား မိနစ် ၂၀ နီးပါး လူးလှိမ့် သွားရင်း “လားထော်” ဂိတ်ကို ရောက် တော့ ကားဆရာက ကားကို စက်ရပ်ပြီး စခန်းထဲ ပြေးဝင်သွားတယ်။ တိုင်းရင်း သားလက်နက်ကိုင်ဖြစ်တဲ့ ကရင်အမျိုး သားအစည်းအရုံး(KNU) တပ်ဖွဲ့ထိန်း ချုပ်နယ်မြေ။ ၅ မိနစ်လောက်ကြာတော့ ပြန်ထွက်လာပြီး ကားပေါ်တက် စက်နှိုး ဆက်မောင်းတော့မှ ကားဆရာကို အဲဒီ စခန်းမှာ ဘာတက်လုပ်ရတာလဲလို့ စပ်စု ရဲတယ်။
“ခရီးသည်တစ်ယောက်ကို ထိုင်းငွေ နဲ့ဆိုရင် ဘတ်တစ်ရာပေးရတယ်၊ မြန်မာ ငွေနဲ့ဆို ၃,၅၀၀ကျပ် ပေးပြီးမှ ဖြတ်လို့ရ တယ် ခင်ဗျား”လို့ မချိတင်ကဲ အသံနဲ့ ပြန်ဖြေတယ်။

ကားဆရာရဲ့ လက်ထဲက စာရွက် လေးကို စပ်စပ်စုစုကြည့်လိုက်တော့ တိုင်းရင်းသားဘာသာစကားတွေနဲ့ ရေး ထားတာ ကားနံပတ်တစ်လုံးက လွဲလို့ ဘာမှနားမလည်။
ကားပေါ်ကနေ တနင်္သာရီမြစ်ကြီးကို ဝေ့ဝဲကြည့်မိတယ်။ မြစ်ထဲမှာတော့ ရွှေ ကျင်တဲ့ ဝါးဖောင် အဟောင်းတွေရဲ့ ဖျက် လက်စ ဖောင်တွေ၊ တဲတွေ ဟိုတစ်လုံး ဒီတစ်လုံး။ ဒီနေရာလေးတွေမှာ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းလုပ်လိုက်ရင် တော့ အောင်မြင်လိုက်မယ့် ဖြစ်ခြင်း။

လမ်းဘေးမှာ ဆောက်ထားတဲ့ အဆောက်အအုံ ၄ လုံးလောက်ရှိတဲ့ နေရာရောက်တော့ ကားကို ရပ်နားလိုက် ပြန်တယ်။ ပတ်ဝန်းကျင်ကို အကဲခတ် လိုက်တော့ အခြားကား ၅ စီးလည်း ရပ် ထားတယ်။ ကားဆရာတွေက အဆောက် အအုံတစ်ခုရဲ့ အရှေ့မှာဖွင့်ထားတဲ့ ကောင် တာစားပွဲလို နေရာကိုသွားပြီး ဘာပြော နေတယ်မသိ။

ကားကို ဆက်သွားခွင့်ပြုတော့ ကျွန်တော်လည်း ကားဆရာကို စပ်စု ကြည့်ပြန်တယ်။ အခုဖြတ်လာတဲ့ ဂိတ်က “လအော်” ဂိတ်တဲ့။ လားထော် ဂိတ်က ဖြတ်ပေးလိုက်တဲ့လက်မှတ်ကို “လအော်” ဂိတ်မှာပြပြီးမှ ဖြတ်သန်းခွင့်ပေးသည် တဲ့။
လမ်းတစ်လျှောက်လုံး ကြီးလိုက်တဲ့ ချိုင့်ခွက်တွေ အပြည့်။ Vigo ကားလေး အတွက် ချိုင့်ခွက်တွေကို ရှောင်ဖို့ အခွင့် အရေး မရှိသလို ကျွန်တော်တို့လည်း ဗန်းထဲက ဆီးသီးလို လူးလိမ့်လိုက်နေရုံမှ တစ်ပါး ရွေးချယ်စရာမရှိ။ လမ်းဘေးမှာ ရေမြောင်းမရှိတော့ ကျောက်စီလမ်းပေါ် မှာ ရေစီးဆင်းထားလို့ တစ်ပေနီးပါးနက် တဲ့ မြောင်းတွေပေါ်နေတယ်။

အာဆီယံလမ်းမကြီးပေါ်က ချိုင့် ခွက်တွေ ရေဝပ်ကျင်းတွေကို လှည့်ပတ် ရှောင်မောင်းရင်း တစ်ချီမှာတော့ ဘယ် လိုမှ မရှောင်နိုင်တော့။
“အမလေး ကွဲပါပြီ၊ ခေါင်းတောင် မူးသွားတာပဲ”
မြန်မာတိုင်းမ်သတင်းထောက်မ လေး ဒုတိယမ္ပိ အော် ညည်းပြန်တယ်။
ကားက ချိုင့်ခွက်ထဲ အကျမှာ ဟန် ချက်ပျက်ပြီး သူ့ခေါင်းနဲ့ ကားမှန်သွား တိုက်မိတာကိုး။
ကျွန်တော်လည်း မျက်နှာရှုံ့မဲ့ရင်း အံကြိတ်ပြီးသာ စီးနေရတာ။ ဘယ်ယိမ်း လိုက်၊ ညာယိမ်းလိုက်ဖြစ်နေတော့ လူက အရက်မသောက်ဘဲ မူးနောက် နောက် ဖြစ်လာတယ်။

ထီးခီးကုန်သွယ်ရေးဂိတ်နဲ့ ၃ မိုင် လောက်အလို “အလယ်စတို” ရောက် တော့ ဆင်းနေခဲ့တယ်။ လမ်းမကြီးကနေ လမ်းခွဲလေး အတိုင်း ၄ ဖာလုံလောက် သွားရတဲ့ SUN & Rainbow ကုမ္ပဏီကို ဝင်တယ်။ အဖော်သတင်းထောက် ကြို တင် ချိတ်ထားတာပါ။ ကုမ္ပဏီရုံးမှာ တာဝန်ရှိသူကို စက်မှုဇုန်နဲ့ ပတ်သက်တဲ့ အင်တာဗျူးကို တစ်နာရီနီးပါးလောက် လုပ်ကြတယ်။
စက်မှုဇုန် ဖော်ဆောင်မယ့် ဧရိယာ ပါဝင်နေတယ်ဆိုတဲ့ ကတ္တရာခီးရွာလေး မှာ ခဏဝင်နား မေးမြန်းစပ်စုကြသေး တယ်။ အင်တာဗျူးပြီးတော့ ကုမ္ပဏီကား နဲ့ ထီးခီး လိုက်ပို့တယ်။ ထီးခီးရောက် တော့ ညနေ ၄နာရီနီးပါးဖြစ်နေပြီ။

ထီးခီးနယ်စပ်စခန်းလေးမှာ အစိုးရ ဌာနဆိုင်ရာရုံး (ပူးပေါင်းအဖွဲ့)တွေနဲ့ ယာယီ အခြေချနေထိုင်ပြီး ထမင်းဆိုင်၊ ငွေလဲလုပ်ငန်း စတဲ့ဆိုင်တွေအပြင် ယာ ယီအိမ်လေးတွေ စုစုပေါင်း အလုံး ၁၀၀ နီးပါးရှိတယ်။ ထားဝယ်ဘက်ကို သွားတဲ့ လမ်းပိုင်းမကောင်းလို့ ရောင်းဝယ်ဖောက် ကားမှုတွေက အရင်လို အဆင်မပြေတော့ ဘူးတဲ့။ အနေအထားက ခြောက်ကပ်ကပ်။

ထိုင်းဘက်က ကန်ချနာဘူရီမြို့ ထဲက ဟိုတယ်တစ်ခုမှာ ဝင်အိပ်ဖို့ စီစဉ် ထားတော့ ထီးခီးနယ်စပ်ကနေ ကားခက အသွားအပြန် ထိုင်းဘတ်ငွေ ၃,၁၀၀ တဲ့။ မြန်မာငွေနဲ့တွက်လိုက်ရင်ကျပ် ၁သိန်း ၂ သောင်းကျော်။ ဒါတောင်မှ ဟိုတယ်ခ မပါသေး။ ဒါနဲ့ ထိုင်းနိုင်ငံထဲ မဝင်ဘဲ ထီးခီးနယ်စပ်မှာပဲ ညအိပ်မယ်ဆိုပြီး ထီးခီးကဟိုတယ် အခန်းဈေးနှုန်းကို စုံစမ်းလိုက်တော့ တစ်ခန်းကို ဘတ် ၁,၅၀၀ (ခြောက်သောင်းကျပ်)ဆိုတော့ မထူးတော့။ လိုအပ်ရင် ပြန်လာအိပ်ပါ ပြောထားတဲ့ ကုမ္ပဏီအခြေစိုက်ရုံးမှာပဲ ညပြန်အိပ်လိုက်တယ်။

မနက်မှာတော့ ဒေသခံတွေရဲ့ ရာသီ ပေါ်သီးနှံစိုက်ခင်း တောင်ယာတွေဆီကို KNU က ဗိုလ်ကြီးတစ်ယောက် အကူ အညီနဲ့ရောက်သွားပြီး သတင်းရယူခဲ့ တယ်။ ထီးခီးနယ်စပ်ကို ကုမ္ပဏီကကားနဲ့ နောက်တစ်ကြိမ် ထပ်သွားကြတယ်။ နယ်စပ်ကုန်သွယ်ရေး အခြေအနေတွေ အင်တာဗျူးလုပ်ပြီး နာရီကြည့်လိုက်တော့ မွန်းလွဲ ၁ နာရီရှိနေပြီ။
နယ်စပ်ရောက်ပြီးမှတော့ ထိုင်းနိုင် ငံထဲ ရောက်အောင်သွားမယ်ဆိုပြီး ထီးခီး စခန်းက နယ်စပ်ရုံးမှာ ၆ ညအိပ် ၇ ရက် နေလို့ရတဲ့ ယာယီနယ်စပ်ဖြတ် ကျော်ခွင့် လက်မှတ်ကို မြန်မာငွေ ကျပ်တစ် ထောင် နဲ့လုပ်ပြီး သွားမယ်လုပ်တော့ သွားစရာ ကား၊ ဆိုင်ကယ်က မရှိ။

ဒါနဲ့ ထားဝယ်မှာကတည်းက ရင်း နှီးနေတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ဆိုင် ကယ်ကို ငှားပြီး ထိုင်းဘက်ဝင်ဖို့ ဆုံး ဖြတ်လိုက်တယ်။
စုပေါင်းရုံးနားမှာရှိတဲ့ ငွေလဲလှယ် တဲ့ဆိုင်မှာ မြန်မာငွေနဲ့ ထိုင်းဘတ်ငွေလဲ တယ်။ ထိုင်းဘတ် ၁,၅၀၀ အတွက် မြန် မာငွေ ခြောက်သောင်းပေးရတယ်။ ထား ဝယ်မြို့ ထီးခီးကားဝင်းမှာလည်း ဒီ ဈေးပဲဆို တော့ မဆိုးဘူးပေါ့လေ။
“ညနေကျလို့မှ ပြန်မလာရင် ထိုင်း နိုင်ငံက အချုပ်ထဲမှာ လာတွေ့ပေးနော်”လို့ မိတ်ဆွေကို စနောက်ပြီး မြန်မာ တိုင်းမ်သတင်းထောက်နဲ့ နှစ်ယောက် သား နယ်စပ်ကို ဆိုင်ကယ်နဲ့ စဖြတ်ချိန် က မွန်းလွဲ ၂ နာရီနီးပါး။

နယ်စပ်မျဉ်းနဲ့ ကပ်လျက်ရှိနေတဲ့ ဂိတ်က ရဲတပ်ဖွဲ့ရဲ့လုံခြုံရေးဂိတ်၊ ဒီဂိတ် နဲ့ ပေ ၂၀၀ ဝန်းကျင် အကွာ လောက်မှာ က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ KNU ရဲ့ ဂိတ်၊ KNU ဂိတ်ကနေ ပေ ၁,၀၀၀ ဝန်းကျင် လောက်မှာတော့ စောစောက နယ်စပ်ယာယီဖြတ်သန်းခွင့် လက်မှတ်လုပ်တဲ့ စုပေါင်းရုံး။
ထိုင်းနိုင်ငံဘက်ခြမ်းကို စဝင်ပြီဆို တာနဲ့ ၄ လမ်းသွား နိုင်လွန်ကတ္တရာ လမ်းမကြီးက စောင့်ကြိုနေလေရဲ့။ ဆိုင် ကယ်ကို ညာကပ်မောင်းနေတဲ့ တိုင်းပြည် မှာနေတဲ့သူက ရုတ်တရက်ကြီး ဘယ်ကပ် မောင်းရတော့ တော်တော်လေး ကသိက အောက် ဖြစ်မိတယ်။

၎ လမ်းသွား လမ်းမကြီးကလည်း ဖြောင့်ဖြူးလိုက်တာမှ မြန်မာပြည်က ရန် ကုန်-နေပြည်တော် အဝေးပြေးလမ်းမ ကြီးပေါ်ရောက်နေသလိုလို။
ရှေ့ ပေ ၁၀၀ လောက်မှာ ထိုင်းဘက်က Black Army(အနက်ရောင်တပ်ဖွဲ့)လို့ နာမည်ကြီးတဲ့ ပထမဆုံးနယ်ခြားစောင့် ဖွဲ့ဂိတ်။ နယ်စပ်ယာယီဖြတ်သန်းခွင့် လက်မှတ်ပြတော့ ခြေဟန်လက်ဟန်နဲ့ လုပ်ပြတယ်။ “ရတယ်၊ သွားပါ”ဆိုတဲ့ သဘော။
နောက်တစ်မိုင်လောက်မှာ ထိုင်း ဖက်က ပြည်ဝင်ခွင့်လုပ်တဲ့ လ၀က၊ ရဲတွေရှိတဲ့ စခန်းတစ်ခု၊ နယ်စပ်ယာယီ ဖြတ်သန်းခွင့်လက်မှတ်ပြ၊ ထိုင်းငွေဘတ် ၂၀ ပေးပြီး ဆက်သွားပေါ့။

နယ်စပ်ရွာလေးဖြစ်တဲ့ ဖူနမ်ရွန်ရွာ လေးကို ရောက်တယ်။ ဒီရွာလေးက ထိုင်း-မြန်မာချစ်ကြည်ရေး ကုန်စည်ပြပွဲ တွေ လုပ်နေကျ ရွာလေး။ ဘာမှတော့ စည်စည်ကားကားမရှိ။ ထူးခြားတာ တစ် ခုတွေ့ခဲ့ရတာက မြန်မာဘာသာနဲ့ရေးထား တဲ့ မဟာချိုင်-ထားဝယ်(ထီးခီး)ဆိုတဲ့Busကားတွေကို အဲဒီရွာလေးမှာ တွေ့ရ တာပါ။
အဲဒီရွာလေးမှာရှိတဲ့Mini Market အသေးလေးတစ်ခုမှာ လိုချင်တာဝယ်၊ ထမင်းစားပြီး မြန်မာပြည်ကို ပြန်လာ တော့ ညနေ ၄ နာရီဝန်းကျင်ရှိနေပြီ။ ထီးခီးကနေ ထားဝယ်ပြန်ထွက်မယ့် ကား ရှိဦးမလားလို့ စိတ်ပူမိတယ်။ ပုံမှန်ဆို ဒီအချိန်ထားဝယ် သွားတဲ့ လိုင်းကားတွေ မထွက်ကြတော့ဘူးလေ။

ကံကောင်းထောက်မစွာ ထားဝယ် ခရိုင် ကုန်သည်အသင်းက မိတ်ဆွေတစ် ယောက်ရဲ့ကားနဲ့ထားဝယ်ပြန်ဖို့ လမ်း ကြုံတယ်။ ညနေ ၅ နာရီဝန်းကျင်မှာ ထီးခီးကနေစထွက်တော့ အမှောင်ဘက်ကို ကူးနေပြီ။
ခရိုင်ကုန်သည်အသင်းက မိတ်ဆွေဖြစ်သူက “ဆင်းသေ”ချိုင့်ဆိုတာ ကြားဖူးလားလို့ မေးလာ သည်။ မကြားဖူးကြောင်းပြောတော့ “လမ်းပေါ်က ချိုင့်ခွက်ကြီးလွန်းလို့ ဆင်တစ်ကောင်ဝင်နေတာ တောင် မမြင်ရတာကိုပြောတာ”တဲ့။ မှတ်သားထိုက်ပါတယ်။

ထီးခီး-ထားဝယ် အာဆီယံလမ်းမကြီးတစ် လျှောက် လမ်းဘေးဝဲယာမှာ သစ်ပင်သစ်တောတွေ စိမ်းစိမ်းစိုစိုနဲ့ တကယ့်တောတောင် သဘာဝကို ခံစားရတယ်။
ဒါပေမယ့်၊ ဒါပေမယ့်..မျောက် ချောပင်လို့ခေါ်တဲ့ သုံးမရတဲ့ သစ်ပင်ကြီးတွေကလွဲပြီး အခြား သစ်မာပင်ဆိုတာ မတွေ့ရတော့။