မြိတ်ကမ်းနားလမ်းတွင် အုပ်စုဖွဲ့ ရမ်းကားလူငယ်များကို ဖမ်းမိ

0
408

ယခုရက်ပိုင်းအတွင်း မြိတ်ကမ်း နားလမ်းတစ်လျှောက်တွင် အုပ်စုဖွဲ့ ရမ်း ကားနေသည့် လူငယ်များကို ဇူလိုင်လ ၃၁ ရက်က ဖမ်းဆီးရမိပြီဖြစ်ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အုပ်စုဖွဲ့ ရမ်းကားလူငယ်များသည် တုတ်၊ ဓားများ ကိုင်ဆောင်ထားကြောင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
လက်ရှိ ဖမ်းဆီးရမိသည့် လူငယ် များမှာ အသက် ၁၇ အရွယ် ၆ ဦး၊ ၁၉ နှစ်အရွယ် ၁ ဦး၊ ၂၄ နှစ်အရွယ် ၁ ဦး စုစုပေါင်း လူငယ် ၈ ဦးဖြစ်ကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။

ကမ်းနားလမ်းတွင် လူငယ်များ အုပ်စုဖြင့် ဆိုင်ကယ်များကို အများ ပြည်သူအနှောင့်အယှက် ဖြစ်အောင် ဆိုင်ကယ်အိတ်ဇောမပါဘဲအသံဆူညံ စွာမောင်းနှင်ခြင်းများ၊ လမ်းသွား လမ်း လာများကို အနှောင့်အယှက်ပေးခြင်း များအပြင် လုယက်မှုများလည်း မကြာ ခဏ ဖြစ်ပွားနေကြောင်း မြို့မရဲစခန်းမှ သိရသည်။

“ဒီအုပ်စုတွေက သောင်းကျန်း နေ တာကြာပြီ မိန်းကလေးတွေတောင် ပါ သေးတယ်။ လူငယ်တွေဆိုပေမယ့် အ သက် မပြည့်ရင် မပြည့်တဲ့အတိုင်း ထိထိ ရောက်ရောက် အရေးယူစေချင်တယ်။ ထိထိရောက်ရောက် အရေးမယူရင် ဒီ ထက် ပိုဆိုးလာမယ်။ ဖမ်းမမိသေးတဲ့ သူတွေကိုလဲ မိအောင်ဖမ်းပေး စေချင် တယ်”ဟု ကြံတောရပ်ကွက်၊ ဗန္ဓုလ လမ်း နေ အသက် ၄၀ ကျော် အမျိုးသား တစ်ဦးက ပြောသည်။

လူငယ်များအုပ်စုဖွဲ့ ရမ်းကားမှုများ ကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့် မှုမျးရှိနေပြီး နောက်ထပ်အလားတူ ကိစ္စမျိုး ထပ်မံ မဖြစ်ပွားစေရန် ထိရောက်စွာ အရေးယူပေးစေချင်ကြောင်း မြိတ်မြို့ ဒေသခံတစ်အချို့ထံမှ သိရသည်။
ဖမ်းဆီးရမိသည့် လူငယ်များအား ဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက် နေကြောင်း မြို့မရဲစခန်းမှ သိရသည်။