ခရိုင်အလိုက် မတူညီသည့် စီးပွားရေး အစီအမံ လုပ်မည်ဟုဆို

0
460

တနင်္သာရီတိုင်းစီးပွားရေးကဏ္ဍကို ခရိုင်အလိုက် မတူညီသည့် အစီအမံများ ဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇူလိုင်လ ၂၄ ရက်က ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ ၁ နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ တွင် မီဒီယာများ၏ မေးမြန်းချက်အပေါ် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေသ အနေအထားအရ ထားဝယ် ခရိုင်တွင် စိုက်ပျိုးရေးကို အခြေခံပြီး ခရီးသွားလုပ်ငန်းနှင့် တွဲကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်း ထွန်းက ဆိုသည်။
မြိတ်ခရိုင်တွင် ရေထွက်ကုန်ပစ္စည်း အဓိကထွက်သည့်ဒေသဖြစ်သည့် အတွက် ရေလုပ်ငန်းကို ဦးတည်ကာ ခရီးသွားလုပ်ငန်းနှင့် တွဲဖက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဝန်ကြီးဦးဖြိုးဝင်း ထွန်းက ပြောသည်။

“ကော့သောင်းမှာကျတော့ နယ် စပ်ဒေသလည်း ဖြစ်တယ်၊ ကုန်သွယ်မှု လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းကို ဦးစား ပေးဆောင်ရွက်မယ်ဆိုပြီး အစီအစဉ်တွေ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။
ခရိုင်အလိုက် စီးပွားရေး အစီအမံ များမှာ NLD စီးပွားရေးကော်မတီက ရေးဆွဲသည့် စီမံချက်များဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ဆိုသည်။

စီးပွားရေးနှင့်ပတ်သက်၍ အစီအမံ များ ချမှတ်နေရုံဖြင့် မပြီးဘဲ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြည်တွင်း ရင်းနှီးမြှုပ်နှံ သူများနှင့် တွေ့ဆုံဆွေးနွေးကာ လက်တွဲ လုပ်ဆောင် သင့်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆို သည်။
“မူဝါဒကို စာရွက်ထဲမှာပဲ ထားလို့ မရဘူး၊ ဒီကဏ္ဍတွေ ဖွံဖြိုးဖို့ စိတ်ဝင်စားမှု မြင့်တက်နေချိန်မှာ လုပ်သင့် တာတွေ အမြန်ဆုံး လုပ်သင့်တယ်” ဟု ဦးကျော် ကျော်ဦးက ပြောသည်။