ထိုင်း – မြန်မာဆက် ထားဝယ် – ထီးခီးလမ်း ပွင့်လင်းရာသီ အဆင့်မြှင့်မည်

0
503

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကို ဆက်သွယ်သွားလာနိုင်သည့် ထားဝယ်-ထီးခီးလမ်းကို လာမည့် ပွင့်လင်းရာသီ တွင် အဆင့်မြှင့် သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။
လမ်းအရှည်မိုင် ၉၉ မိုင်ခန့်ရှိသည့် အဆိုပါလမ်းပိုင်းကို အဆင့်မြှင့်တင်ရန် ထိုင်းနိုင်ငံမှ ချေးငွေကိုယူကာ လုပ်ဆောင် သွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဆို သည်။

“ပွင့်လင်းရာသီမှာလုပ်ဖို့ အခု ကတည်းက ကြိုတင်ပြင်ဆင်ထားရမှာ၊ သေချာသွားပါပြီ၊ လက်မှတ်တွေ ဘာ တွေလည်း ထိုးပြီးပါပြီ” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
လမ်းကို အဆင့်မြှင့်ရန်အတွက် မြန်မာနိုင်ငံက တင်ဒါခေါ်ရမည်ဖြစ်ပြီး လမ်းဒီဇိုင်းကိုလည်း မြန်မာပြည်ကပင် ဆွဲရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိလမ်းမှာ အီတာလျံ-ထိုင်း ကုမ္ပဏီက ဖောက်လုပ်ထားပြီး ပြုပြင်မှု မရှိသည့်အတွက် ဆိုးရွားစွာ ပျက်စီးနေ သည်။

လာမည့် ပွင့်လင်းရာသီတွင် ၂ လမ်းသွားကို လုပ်ငန်းစတင်ချိန်မှ လပေါင်း ၃၀ အတွင်း အပြီး လုပ်ဆောင် သွားမည်ဖြစ်ပြီး နောက်ပိုင်းမှသာ ၄ လမ်းသွား အဖြစ် အဆင့်မြှင့်သွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။
“ဒီလမ်းပြီးရင် ကုန်စည်စီးဆင်းမှု တွေ ပိုမြန်လာမယ်၊ ဒေသဖွံ့ဖြိုးရေး အတွက်ပါ အထောက်အကူပြုမယ်”ဟု တိုင်းဒေသကြီး ဝန်ကြီး ဦးဖြိုးဝင်းထွန်း က ပြောသည်။

လမ်းပုံစံ ဒီဇိုင်းကို နိုင်ငံတကာ အဝေးပြေးလမ်းပုံစံဖြစ်စေရန် ရှိပြီးသား ဒီဇိုင်းကို မွမ်းမံနိုင်ရန် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ အင်ဂျင်နီယာများက ကွင်း ဆင်းတိုင်းတာမှုများ လုပ်ဆောင်ပြီးဖြစ် ကြောင်း ၎င်းက ဆိုသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းမှ ထိုင်း နိုင်ငံနယ်စပ် ထီးခီးနယ်စပ်ဂိတ်အထိ လမ်းပိုင်းကို အဆင့်မြှင့်မည် ဖြစ်သည်။

လမ်းကောင်းလာပါက ခရီးသည် သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများ ပိုများလာနိုင်ပြီး လက်ရှိတွင် လမ်း အခြေအနေ ကြမ်းတမ်းလှသည့်အတွက် ကားကြံ့ခိုင်ရေး ပြုပြင်စရိတ်များ ပိုမို ကုန်ကျနေကြောင်း ထားဝယ်-ထီးခီးကို ပြေးဆွဲနေသည့် သီရိလှိုင်းယာဉ်လိုင်းမှ တာဝန်ခံ ဦးသန်းဇော်မိုးက ဆိုသည်။
“စားရိတ်စကတွေလည်း ပိုသက် သာလာပြီး သွားလာမှုတွေလည်း ပိုလွယ် ကူသွားလိမ့်မယ်လို့ ထင်တယ်”ဟု ဦးသန်း ဇော်မိုးက ပြောသည်။
ထိုင်းနိုင်ငံမှ ပေးအပ်မည့် ချေးငွေ ထိုင်းဘတ်ငွေ သန်းပေါင်း ၄၅၀၀ ဖြစ် ပြီး နှစ် ၃၀ ဖြစ်ကာ ပထမ ၁၀ နှစ်တွင် အတိုးမဲ့ဖြစ်ပြီး ကျန်သည့် နှစ် ၂၀ မှာ ၀.၁ ရာခိုင်နှုန်း ရှိမည်ဖြစ်ကြောင်း သိရ သည်။

ယခင် အစိုးရ လက်ထက်ကတည်း က ချေးငွေရယူရန် မူအားဖြင့် သဘော တူ ထားခဲ့သော်လည်း အစိုးရ အကူး အပြောင်းကြောင့် အချိန်ကြန့်ကြာနေခဲ့ပြီး ချေးငွေကို လက်ခံရန် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည် ဖြစ်သည်။