ထားဝယ်ဈေးကွက်ရှိ ပဲပြားတွင် ဖော်မလင်တွေ့

0
510

ထားဝယ်မြို့ရှိ စည်ပင်သာယာ ဈေးကြီးနှင့် ကမ်းနားဈေးတို့တွင် ရောင်း ချနေသည့် ပဲပြားအချို့တွင် ဖော်မလင်ပါ ဝင်နေသည်ကိုတွေ့ရကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီ ထံမှ သိရသည်။ဖော်မလင်ဆိုသည်မှာ လူသေ အလောင်းများ တာရှည်ခံရန် အဓိက အသုံးပြုသည့် ဆေးတစ်မျိုးဖြစ်ပြီး အထက်ပါ ဈေးနှစ်ဈေးရှိ စားသောက် ကုန်ပစ္စည်း အချို့ကို ဓာတ်ခွဲစစ်ဆေးရာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စည်ပင်သာယာဈေးကြီးတွင် ရောင်းချနေသည့် အစားအသောက် နမူနာ ၂၀ ကို ဓာတ်ခွဲစစ်ဆေးရာ ပဲပြား ၁ မျိုး တွင် ဖော်မလင် တွေ့ရှိရခြင်းဖြစ် သည်။
ကမ်းနားဈေးတွင်မူ အစား အသောက်နှင့် အလှကုန် နမူနာ ၁၄ မျိုး ကို ဓာတ်ခွဲစစ်ဆေးရာ ပဲပြား၂ မျိုးတွင် ဖော်မလင် တွေ့ရပြီး ငါးပိ ၂ မျိုးတွင် ခွင့်မပြုဓာတုဆိုးဆေးRhodamine B ကို တွေ့ရှိရကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

ဖော်မလင်နှင့် Rhodamine B ပါသည့် အစားအစာကို စားသုံးပါက အစာအိမ် အူလမ်းကြောင်း ရောင်ရမ်း ကာ ပျို့အန်ခြင်း၊ မူးဝေ ခြင်းကဲ့သို့သော အစာအဆိပ်သင့်သည့် လက္ခဏာများ ဖြစ်နိုင်ကြောင်း တိုင်းဒေသကြီး အစား အသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ် ကဲရေး ကော်မတီ အတွင်းရေးမှူးက ဆိုသည်။

“ရေရှည်ဆိုရင် ကျောက်ကပ်နဲ့ အသည်းကို ဆိုးဆိုးရွားရွား ပျက်စီးနိုင် တယ်၊ ဒါကြောင့် လုံးဝ ခွင့်မပြုတာ” ဟု ကော်မတီအတွင်းရေးမှူး ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောသည်။ဖော်မလင်ပါသည့် ပဲပြားများနှင့်Rhodamine B ပါသည့် ငါးပိများကို သိမ်းဆည်းဖျက်ဆီးခြင်း၊ ရောင်းချ သူများကို အသိပညာပေးခြင်းနှင့် ခံဝန် ထိုးခိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ထပ်မံ ရောင်းချနေပါက အမျိုးသား အစား အသောက် ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ဈေးကွက်အတွင်း ရောင်းချနေသည့် ကွမ်းသီးခြောက်နှင့် ဓနိပွင့်ယို တို့တွင် ကန့်ပါဝင်နေသည်ကို တွေ့ရှိရပြီး ပမာဏ မည်မျှပါဝင်နေ သည်ကို သိရှိနိုင်ရန် နေပြည်တော်ရှိ FDA ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေး သွားမည်ဖြစ်ကြောင်း ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောသည်။
ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေကြသည့် ပဲပြား အများစုကို ရန်ကုန်မြို့မှ မှာယူရောင်းချကြကြောင်း ဈေးကွက်အတွင်းမှ သိရသည်။