ရေသွယ်ယူခွင့် လာလျှောက်သူ နည်းနေသေးဟုဆို

0
401

ထားဝယ်မြို့ပေါ် ရေရှားရပ်ကွက် အချို့တွင် သောက်သုံးရေ သွယ်တန်း လိုက လျှောက်နိုင်ကြောင်း ကြေညာ ထားသော်လည်း လျှောက်ထားသူ နည်းပါနေသေးသည်ဟု ထားဝယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

သောက်သုံးရေ သွယ်တန်းလို ကြောင်း လျှောက်ထားသူ ဇွန်လ ၂၉ ရက်အထိ ၃၀ ဦးခန့်သာ ရှိနေသေးပြီး လာရောက်လျှောက်ထားကြရန် သက်ဆိုင် ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဆော်ဩပေးကြရန် ပြောဆိုထားကြောင်း မြို့နယ်စည်ပင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။
“အကြမ်းဖျင်းတော့ ဩဂုတ် လဆန်း လောက်မှာ စပေးဖြစ်မယ်ထင် တယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြော သည်။

ရေပေးဝေရေးနှင့် ပတ်သက်၍ စည်ပင်သာယာရေးအဖွဲ့က ရေပေးဝေ မည့်အချိန်၊ ဈေးနှုန်း စသည့် မည်သည့် အချက်အလက်ကိုမျှ ဆွေးနွေးတင်ပြ ရှင်းလင်းခြင်းမရှိကြောင်း ကြက်စားပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆိုသည်။
“စည်ပင်က ဒီရေပေးဝေရေး တာဝန်ခံ ကို သွားမေးတာ သူတို့ဘက်က ဘာမှကို အဆင်သင့် မဖြစ်သေးဘူးလို့ ပြောတယ်” ဟု ကြက်စားပြင်ရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးအောင်နိုင်ဦးက ပြောသည်။
ကြက်စားပြင်ရပ်ကွက်တွင် ပုဂ္ဂလိက ရေပေးဝေရေး လုပ်ငန်းများလည်း ရှိ သည်။

ကလိုရင်းခတ်ပြီးသည့် သောက်သုံး ရေ သွယ်တန်းမည်ဆိုပါက ရပ်ကွက် အတွင်းရှိ ပင်မရေပိုက်လိုင်းမှ မိမိအိမ် သွယ်တန်းမည့် ရေပိုက်တန်ဖိုး၊ ရေမီတာ အစရှိသည့် ကုန်ကျစရိတ်များကို အိမ် ရှင်ဖြစ်သူက ကျခံရမည် ဖြစ်ပြီး ရေတစ် ယူနစ်လျှင် ငွေကျပ် ၈၀၀ ဝန်းကျင်ခန့် ကျသင့်မည်ဖြစ်ကြောင်း စည်ပင်တာဝန် ရှိသူက ဆိုသည်။
ရေတစ်ယူနစ်သည် ၄ ပီပါခွဲခန့် နှင့် ညီမျှသည်။

မြို့ရေပေးဝေရေး အစီအစဉ်တွင် ကြက်စားပြင်ရပ်ကွက်၊ ဆန်းချီရပ်ကွက် အုပ်စုအတွင်းရှိ ဥဿရံတိုးချဲ့၊ တလိုင်း ထိန်ရပ်ကွက်အုပ်စု၊ မြို့သစ်၊ သင်္ဘောဆိပ် ရပ်ကွက်အတွင်းရှိ ထားဝယ်မြစ် တစ်လျှောက်ရှိ လူနေအိမ်များနှင့် ကျောက်မော်ရပ်ကွက်ရှိ လူနေအိမ် ၄၈၀ ခန့် ပါဝင်သည်။