သံလွင်မြစ်ကမ်းတလျှောက် အမှိုက်များ ရှင်းလင်းမည်

0
374

မော်လမြိုင်မြို့ကမ်းနားလမ်း သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ အမှိုက် များကို မွန်ပြည်နယ်အစိုးရ ဦးဆောင်မှု ဖြင့် မေလ နောက်ဆုံးပတ်တွင် ရှင်းလင်း ဆယ်ယူသွားမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။

မော်လမြိုင်မြို့၏ အမှိုက်ပြဿနာ ကို ယခုဘဏ္ဍာနှစ်အတွင်း အဓိက ဦးစား ပေး လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ဆောင် သွားမည်ဖြစ်ရာသံလွင်မြစ်ကမ်းရှိ အမှိုက်များကို ပထမဦးဆုံး အနေဖြင့် စတင်ရှင်းလင်းသွားမည် ဖြစ်သည်။ “သံလွင်မြစ်ကမ်းက အမှိုက်တွေက ကြာနေပြီးဖြစ်တဲ့ အမှိုက်တွေဆိုတော့ တစ်ရက်တည်းနဲ့ ရှင်းလို့ မရဘူး၊ လူ အားနဲ့လည်း ရှင်းလို့ မရဘူး၊ စက်နဲ့ပါ ကူရှင်းမှ ရမယ်” ဟု ဝန်ကြီးချုပ် ဒေါက် တာအေးဇံက ပြောသည်။

မြစ်ကမ်းတစ်လျှောက် အမှိုက်များ ရှင်းလင်းပြီးသွားပါက မြစ်ထဲသို့ အမှိုက် ဆက်ပစ်နေသူများကို ပထမအကြိမ်တွင် ပညာပေးပြီး ဒုတိယအကြိမ် တွေ့ရှိပါက အရေးယူမှု ပြုလုပ်သွားမည်ဟုလည်း ဝန်ကြီးချုပ်က ဆက်ပြောသည်။သံလွင်မြစ်ထဲသို့ အမှိုက်ပစ်ချခြင်း၊ အညစ်အကြေးများ စွန့်ပစ်ခြင်းတို့ကို မပြုလုပ်ကြရန် မေလ ၇ ရက်က ကျင်းပ ပြုလုပ်ခဲ့သည့် မော်လမြိုင်မြို့သူ / သား တို့နှင့် တွေ့ဆုံပွဲ၌ မွန်ပြည်နယ်ဝန်ကြီး ချုပ်က မြို့နေလူထုတွေကို မေတ္တာရပ်ခံ ထားခဲ့သည်။
“ချောင်းကော မြောင်းကောတဲ့ ကိစ္စက အဓိကက အမှိုက်ပစ်တာပေါ့ အမှိုက်ဘာလို့ ပစ်ရတာလဲ၊ အမှိုက်ကား မလာလို့ သို့မဟုတ် အမှိုက်ပစ်ရမယ့် နေရာ သတ်သတ်မှတ်မှတ် မသတ်မှတ် ပေးလို့” ဟု မော်လမြိုင်မြို့ခံ ဦးမျိုး ဝင်းက ပြောသည်။

မော်လမြိုင်မြို့တွင် ရပ်ကွက် ၂၉ ခုရှိပြီး ရပ်ကွက် ၂၃ ခုကိုသာ အမှိုက် သိမ်းဆည်းပေးနိုင်ကာ မြိုင်သာယာရပ် ကွက်နှင့် ဖားအောက်ရပ်ကွက် ၂ ခု ကလည်း ကိုယ်ပိုင်အမှိုက်သိမ်းဆည်း ခြင်း စနစ်ဖြင့် လုပ်ဆောင်နေရသည်ဟု မြို့နယ်စည်ပင်မှ သိရသည်။ မော်လမြိုင်တစ်မြို့လုံးတွင် တစ်နေ့ လျှင်အမှိုက်တန်ချိန် ၁၅၀ ခန့် ထွက်ရှိနေပြီး အမှိုက် တန်ချိန် ၆၀ ခန့် ကိုသာ သိမ်းဆည်း နိုင်သေးသည်။

အမှိုက်တန်ချိန် ၉၀ ခန့် သိမ်းဆည်း ရန် ကျန်ရှိနေသေးကြောင်း မြို့နေလူထု တို့နှင့် တွေ့ဆုံခဲ့စဉ်က ဝန်ကြီးချုပ်က ပြောသည်။
မြို့ပေါ် အမှိုက်ပြဿနာကို ဖြေ ရှင်းရန်အတွက် လိုအပ်နေသည့် အမှိုက် သိမ်းကားအသစ်များနှင့် အမှိုက်ပုံးများ ကိုလည်း ထပ်မံဖြည့်ဆည်းထားပြီးဖြစ် ကြောင်း ဝန်ကြီးချုပ်က ပြောသည်။