ပင်လယ်ပြာမှ ဇာတ်လမ်းတွဲများ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

” ဝုန်း” ကနဲ လှေဦးက ပင်လယ်ရေ ပြင်ကို အရိုက်..၊ တရားစာမှန်သမျှအ ကုန်ရွတ်ပြီး ဖြစ်သွားတယ်။မျှောထားတဲ့ ပိုက်ကို လူအားနဲ့ပြန် ဆွဲတင်နေတဲ့ ရေလုပ်သားတွေကတော့ အလုပ်မပျက်ပါပဲ။ ပိုက်ထဲမှာတော့ ပလာတူးတွေ တစ်ပုံပါ။ ကျွန်တော် ကတော့ လှေပိုင်ရှင်ဆီက “ပြန်ကြရ အောင်” ဆိုတဲ့ စကားကို မျှော်နေမိတယ်။

ပင်လယ်ပြာမှာ ဘာတွေများဖြစ် နေလဲသိချင်တာနဲ့ ပင်လယ်ထဲ ဆင်းခဲ့ ပါတယ်။ဧပြီလဆန်းပိုင်းတုန်းက လောင်းလုံး မြို့နယ် ပြင်ကြီးကျေးရွာမှာ တတိယ အကြိမ်မြောက် စာပေဟောပြောပွဲ ကျင်း ပတော့ ခေါင်းစဉ်က ” ပင်လယ်ပြာမှသည် တက္ကသိုလ်ဆီသို့” တဲ့။ ဘာလို့များ သဘော့ ဆိပ် – ပြင်ကြီးသားတွေ တက္ကသိုလ်ဆီ သွားချင်ကြလဲပေါ့။နေမပူခင် ခပ်စောစော သဘော့ဆိပ် အော်ကနေ လှေစထွက်တုန်းကတော့ ပင်လယ်ဟာ ဖျာတစ်ချပ်လို ဖြူးလို့။ စက်ရှိန်တင်ပြီး မောင်းလာလိုက်တာ ကမ်းနဲ့ အတော်ကွာခဲ့ပါပြီ။

လှေသားတွေက လှေပေါ်ပါလာတဲ့ မိရိုးဖလာမျှောပိုက်ကို ရေထဲ အစီအစဉ်တ ကျ ချပြီးချိန်မှာတော့ ပိုက်မျှောရင်း လှေပေါ်ပါလာတဲ့ ကိုတံငါကြီးတွေနဲ့ စကားစမြည်ပေါ့။ပင်လယ်က ကြည့်လိုက်ရင် ရှင်းနေ တာပဲ၊ ဒါပေမယ့် ပင်လယ်ကို မှီခိုနေ သူတွေအတွက်တော့ ပင်လယ်ထဲမှာရော ကုန်းပေါ်မှာပါ ပြဿနာပေါင်း သောင်း ခြောက်ထောင်မကဘူးလို့ လှေပိုင်ရှင်က ပြောပါတယ်။

လှေအသစ်ဆောက်ဖို့ မပြောနဲ့၊ လှေဟောင်း ပြင်ဖို့တောင် သစ်ဝယ်ဖို့ ခက်နေပြီ။ အစိုးရက သစ်ပိတ်လိုက်တာ သစ်တောအတွက်တော့ ကောင်းချင် ကောင်းမယ်…ကျွန်ုပ်တို့ ရေလုပ်ငန်း အတွက်တော့ ပြဿနာပေါ့ဗျာတဲ့။ လှေတစ်စင်း ကမ်းကနေထွက်ဖို့ ဆိုတာ လွယ်တယ်မှတ်လို့။ လှေ၊ ပိုက်၊ စက် ကောင်းဖို့ လိုတယ်။ စက်အတွက်ကျ တော့ ဆီလိုပြန်ရော။ အကြွေးပေါ့ဗျာ။ အတိုးနဲ့ပေါ့။ပြီးရင် လူ (လှေသား)ပေါ့။ လူရှာ ရတာ အင်မတန်ခက်လာပြီ။
ကျွန်ုပ်တို့ဆီမှာက လူငှားရင်ဘာ စာချုပ်စာတမ်းမှ မရှိဘူး။ ဓလေ့အတိုင်း ပြောဆိုပြီး သဘောတူလိုက်တာပဲ။ လှေ သား အဆင်ပြေအောင်လို့ ပိုက်ဆံကြို ပေးရတယ်။ တစ်ယောက်ကို ၁၀ သိန်း၊ ၁၅ သိန်း ကြိုငွေထုတ်ပေးရတာ။ အခုပါလာတဲ့ လှေသားတွေလည်း ဒီလိုနဲ့ ခေါ်ထားရတာ။ ဒါတောင် အကြိုငွေ ပိုထုတ်ပေးတဲ့ လှေရှိရင် လိုက်သွားရော။ ကိုယ်ပေးထားတဲ့ ပိုက်ဆံပြန်ရတာရှိ သလို၊ ပြန်မရတာလည်း ရှိတယ်။ စာချုပ် စာတမ်းလည်းမရှိတော့ ဘယ်လိုတောင်း ရမလဲဗျာလို့ လှေပိုင်ရှင်က ပြောပါတယ်။

ကျွန်တော့်ကို စကားပြောရင်း လှေ ပိုင်ရှင်က ပင်လယ်ရေပြင်အနေအထားကို ကြည့်လိုက်၊ လေတိုက်တာ ခန့်မှန်းလိုက် လုပ်နေတယ်။
ကျွန်တော်တို့ ရိုးရာမျှောပိုက်တွေ ဆိုတာ တရားမျှတတဲ့ ငါးဖမ်းနည်းပဲ။ ဒီလိုဖမ်းတဲ့အခါ ကံရယ်၊ လေရယ်၊ ရေရယ်အပေါ်မှာ မူတည်တယ်ဗျ။ တိုက်တဲ့ လေရယ်၊ ရေစီးရယ် ကြည့်ပြီးပိုက်ကို ချတယ်။ ရေစီးနဲ့ပိုက်ကို မျှောတယ်။ ဒါကို ငါးဝင်တိုးရင် ယူတယ်။ မတိုးရင် မရဘူး။ ကံပေါ့။ ပိုက်ကွက်ကလည်း အကြီး တွေပါ။ ဒီလိုပဲ ဖမ်းလာတာ ကြာပါပြီတဲ့။

အနီးအနားနဲ့ ခပ်ဝေးဝေးမှာ အခြား မျှောပိုက်လှေတွေလည်း ရှိနေပါတယ်။ မြေလုသလို ရေမလုကြဘူးလားလို့ မေးတဲ့အခါ ရိုးရာဓလေ့အရ အရင်ထွက် တဲ့လှေက အရင်မျှောတာပဲ..၊ ဘာပြဿ နာမှ မရှိပါဘူး။ အခုနောက်ပိုင်း ရောက် မှသာ ကမ်းဝေးငါးဆွဲ လှေကြီးတွေဝင် ဆွဲတာ၊ မီးထွန်းလှေတွေ ရောက်လာတာ၊ အခြားငါးဖမ်းပိုက်တွေ သုံးတာတွေ ကြောင့် ပြဿနာတွေတက်လာတာ။ ငါးကရှားလာတော့ ရေပြင်လုတာတွေ ဖြစ်လာပြီတဲ့။
နေ့လယ်စာ ပင်လယ်ထမင်းဝိုင်း လေးက အဆင်ပြေသလိုပါပဲ။ အဓိက ကတော့ ငပိဖျော်နဲ့ တို့စရာ။ ငါးခြောက် ဖုတ်နဲ့ ငါးဟင်းပါ။ ဒါလည်း ဧည့်သည် ဖြစ်တဲ့ ကျွန်တော်လိုက်လာလို့ အကောင်း ဆုံးပြင်ထားပုံ ရပါတယ်။ ရေလုပ်သား တွေရဲ့ စားရေးအတွက် ဆန်၊ ဆီ၊ ဆား၊ ရေချို၊ ထင်းတွေကလည်း အရေးပါ တာပဲလို့ တွေးမိတယ်။

မီးခိုးဝနေတဲ့ ရေနွေးအိုးထဲက ရေနွေးကို အုန်းခွက်ထဲ ထည့်သောက် ရတာ အရသာတစ်မျိုး ရှိလှပါတယ်။ ငါးခြောက်ကို ရေနွေးနဲ့မြည်းရင်း ကောင်း လှချည်လားဗျာဆိုတော့ ဝိုင်းရယ် ကြတယ်။ ပင်လယ်ခြောက်လေ၊ ကုန်း ခြောက်မဟုတ်ဘူးတဲ့။ ပင်လယ်ခြောက်ဆိုတာက ပင်လယ် မှာမိတဲ့ငါး ပင်လယ်မှာပဲ အခြောက်ခွဲ၊ လှေပေါ်မှာပဲ ခြောက်အောင်လှန်းထား တဲ့ငါး။ ပင်လယ်မှာက နေပူကလည်းရ၊ ဆားငွေ့နဲ့လှမ်းသလိုဖြစ်နေတယ်။ ခြင်၊ ယင် အနံ့အသက် အညစ်အကြေးကင်း တယ်၊ ကျွန်ုပ်တို့တော့ ပင်လယ်ခြောက် ပဲ စားတယ်လို့ ပြောပါတယ်။ ကုန်းခြောက်ဆိုတာက ပင်လယ်က မိလာတဲ့ငါးကို ကမ်းရောက်မှ အခြောက် ခွဲပြီး ငါးလှန်းကြပ်စင်ပေါ် လှန်းကြတာ။ မိုးဆိုရင်တော့ မီးနဲ့ အပူပေးကြတယ်တဲ့။ အသိတစ်ခု တိုးရပါတယ်။

လှေပေါ်မှာ ရေလုပ်သားတွေဟာ ကိုယ့်တာဝန်ကိုကိုယ် လုပ်နေကြတယ်။ ငါးပုံး ပြင်တဲ့သူကပြင်၊ ရေခဲထည့်တဲ့ သူက ထည့်နဲ့ အလုပ်ရှုပ် နေပါတယ်။ အသက်ကြီးကြီး ရေလုပ်သားတစ် ယောက်က လှေနံရံဟိုဘက်ကပ်လိုက်၊ ဒီဘက်ကပ်လိုက်နဲ့ လုပ်နေပါတယ်။ သူလုပ်နေတာကို ကြည့်ပြီး အခြားလှေ သားတွေလည်း ငြိမ်သွားတယ်။ ကျွန်တော်လည်း ရင်ထဲထိတ်သွားပြီး လှေပဲ့နင်းကို ဘာဖြစ်တာလဲဗျလို့ မေး တော့ ငါးအော်သံ နားထောင်နေတာတဲ့။
ဟုတ်ရဲ့လားလို့ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်တဲ့အခါ ဘာသံမှမကြားရ ဘူး။ လှေသားတွေကဝိုင်းရယ် ကြပါ တယ်။ ဪ..ကျွမ်းကျင်ရာ လိမ္မာကြ တာဗျာ။
ပိုက်ဆွဲဖို့ လုပ်ရင်းမှာပဲ..လေ ပေါက်လာပါတယ်။ လှိုင်းထလာပြီး လှေကကြွနေပါပြီ။

အတူလိုက်လာတဲ့ နယ်ခံ နောင် တော်ကြီး ထဝီး(ထားဝယ် ၈၈ ငြိမ်း/ပွင့် ကိုစိုးအောင်)ကတော့ အေးအေးလူလူ။ လေလာရင် ငါးမြူးတယ်ဆိုပဲ။ ပင်လယ် က အပြောင်းအလဲ မြန်တယ်.. လူတွေ လောက်တော့ မဟုတ်ပါဘူး.. သူပြောင်း လဲတော့မယ်ဆိုတာ ကြိုပြောပါတယ်… ကျွန်တော်တို့က သတိထားဖို့ပဲလိုတာ… ပင်လယ်ထဲမှာ လုပ်စားတိုင်းသေရရင်… တံငါဘယ် ရှိမလဲဗျာ… လှိုင်းကြီးလှေ အောက်ဆိုတာကိုး… လို့ ကျွန်တော် ရဲ့စိုးရိမ်စိတ်ကို နှစ်သိမ့်လိုတဲ့ အနေနဲ့ ပြောပါတယ်။

ပိုက်ဆွဲကြပါပြီ။ လှိုင်းရယ်လေ ရယ်နဲ့လိုက်ပြီး စက်ကို ကူမောင်းလိုက်၊ ရေစီးမှာမျှောလိုက်နဲ့ပါ။လှေပိုင်ရှင်ကအစ အားလုံး အလုပ် ရှုပ်နေပါတယ်။ ပိုက်ကို လူ ၅ ယောက် အားနဲ့ ဆွဲတင်နေတာပါ။ ဆွဲလိုက်နား လိုက်ပေါ့။ ရေထဲမှာရှိတဲ့ ပိုက်အလေး ချိန်ရယ်၊ မိထားတဲ့ငါး အလေးချိန်၊ ငါးရုန်းအားတွေကို ရင်ဆိုင်ပြီး ဆွဲတင် နေကြတာပါ။ လှေသားတွေ ပင်ပန်း သလောက် ကျွန်တော်ကတော့ ပိုက်ထဲ ပါလာတဲ့ ငါးတွေကြည့်ရင်း လှိုင်းထလို့ စိုးရိမ်နေတဲ့ စိတ်တောင် ဘယ်ရောက်မှန်း မသိတော့ဘူး။

” ပလာတူးတွေ” လို့ အံ့အံ့ဩဩ ပြောမိတော့ ပလာတူးကများတာ..အခြားငါးတွေလည်း ပါသေးတယ်။ ပလာတူးက နှစ်လုံးပေါက်ရတဲ့ငါး။ မိတဲ့ငါးက ဖမ်းတဲ့ပိုက်နဲ့လည်း ဆိုင် တယ်။ အခုပိုက်က ရေပေါ်ပိုက်။ လေးသုံး မူး ခေါ်တယ်တဲ့။ ပိုက်တစ်ကွက် အကျယ် ၄ လက်မသာသာရှိတဲ့ မျှောပိုက်ပေါ့။
တစ်နှစ်လုံး ဘယ်ငါးတွေရလဲလို့ မေးတဲ့အခါ အခုမိတဲ့ ပလာတူး၊ ပလာလန်း၊ ငါးမည်းလုံး၊ ခေါင်းပွ၊ ခွေးလျှာ၊ ဒေါင်းချင်း၊ ငါးပလွေ၊ ငါးတံခွန်၊ ငါးချဉ်ပေါင်၊ ငါးဓါးလွယ်၊ ဖိုးထွန်းမဲ၊ ဗွီးဇင်းခေါ် ကွန်းရှပ် တွေမိတယ်။ ပိုက်အပေါ် မူတည် ပြီး ငါးကတော့ မိတယ်။ သဘော့ဆိပ်တို့ ပြင်ကြီး တဝိုက်မှာရှိတဲ့ ရိုးရာမျှောပိုက် လှေတွေမှာတော့ ဒီငါးတွေအဓိက မိတယ် လို့ ဖြေပါတယ်။

လေကလည်း ပြင်းလာသလို မိုးဖွဲ လေးတွေလည်း ကျလာပါပြီ။” ဝုန်း” ကနဲ လှေဦးက ပင်လယ်ရေ ပြင်ကို အရိုက်..၊ တရားစာမှန်သမျှအ ကုန်ရွတ်ပြီး ဖြစ်သွားတယ်။ ရေလုပ်သား တွေကတော့ အလုပ်မပျက်။ ကျွန်တော့် မျက်နှာကို ကြည့်ပြီး လှေပိုင်ရှင်က တစ်ချက်ပြုံးလို့ “ပြန်ကြရအောင်” တဲ့။ ပိုက်တင်လို့ ပြီးပြီကိုး..။ရင်ထဲက ကျိတ်ပြီး ဝမ်းသာမိ တယ်။

စက်လှေမောင်းနေတဲ့ အသက်၂၀ လောက် လူငယ်လေးကို လှမ်းကြည့် တော့ စက်ကို လက်နဲ့ထိန်း၊ ပဲ့ကိုခြေနဲ့ ထိန်းရင်း မောင်းနေပါတယ်။ တစ်ခါ တစ်လေ စက်ရောပဲ့ပါလွှတ်ပြီး အနား မှာထားတဲ့ ကွမ်းယာပါးစပ်ထဲဝါးလိုက်…သီချင်း ညည်းလိုက်နဲ့ မောင်းနေပါတယ်။သဘော့ဆိပ်အော် ကမ်းရောက်တဲ့ အခါ အတော်မှောင်နေပါပြီ။ မိုးကလည်း ရွာနေတာကိုး။ လှေသားတွေက ကမ်းမှာ လာစောင့်နေတဲ့ အမျိုးသမီးထုကို နှုတ်ဆက် နောက်ပြောင်နေပါတယ်။ လှေပေါ်က မဆင်းမီ နှုတ်ဆက်ဖို့ နောက်ပြန်ကြည့်လိုက်တဲ့ အခါ လှေပိုင် ရှင်နဲ့ ရေလုပ်သားတွေရဲ့ မျက်လုံးတွေ ထဲမှာ ဇာတ်လမ်းပေါင်းများစွာရှိနေ သေးတာကို ဖတ်လိုက်မိပါတယ်။

သဘော့ဆိပ်ကမ်းခြေက ဈေးဆိုင် ရှင် ကိုကျော်လွင်ရဲ့ “ပင်လယ်က ကြည့် လိုက်ရင် ရှင်းတယ်..၊ လှေတစ်စင်းနဲ့ ထွက်လိုက်တော့မှ ပြဿနာပေါင်း သောင်းခြောက်ထောင်” ဆိုတဲ့စကားက ရင်ကို ပူစေပါတယ်။ နောင်တော်ကြီး ” ထဝီး” ကတော့ သတ္တိရှိရင် နောက်တစ်ခေါက်လိုက်ခဲ့ လေလို့ စိန်ခေါ်နေပါတယ်။

ဒါတောင် ပင်လယ်ထဲက ပြဿနာ ပဲ ရှိသေးတယ်။ ကမ်းက ပြဿနာ မပါ သေးဘူးလို့ ရယ်ကျဲကျဲနဲ့ တွန်းပို့လုပ်ပါ တယ်။ကိုးရီးယားတို့၊ အိန္ဒိယတို့က ဇာတ်လမ်းတွဲထက် ပိုရှည်တဲ့ ထားဝယ် ရေလုပ်ငန်းဇာတ်လမ်းတွဲ ရိုက်တာပေါ့ ဗျာလို့ ပြန်ပြောမိတယ်။မိုးနဲ့လေနဲ့ မှောင်မှောင်မည်းနေတဲ့ ပင်လယ်ဆီကို ငေးကြည့်လိုက်တော့လည်း ရေးစရာဇာတ်လမ်းတွဲက များစွာရယ်..။