ချောင်းထဲ အမှိုက်ပစ်က ဒဏ်ငွေသုံးသောင်း

0
400

မြိတ်မြို့ပေါ် ရပ်ကွက်ကြီးသုံးခု အကြားရှိ ဘုရားကိုင်ချောင်းအတွင်း အမှိုက်ပစ်ပါက ဒဏ်ငွေသုံးသောင်းကျပ် ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်းယင်း မြို့နယ်စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုထံမှ သိရသည်။

ဘုရားကိုင်ချောင်းတလျှောက် နောက်လယ် (၆) လမ်းတံတားမှ မြိတ် တောင် မီးသွေးဖောင်းချောင်းအထိ ရေစီး ရေလာ ကောင်းမွန်စေရန် မေလ ၁၀ ရက်မှစပြီးစက်ယန္တရားများဖြင့် အမှိုက် များကို တူးဖော်ဆယ်ယူနေကြောင်း စည်ပင်ကော်မတီမှ သိရသည်။” ချောင်းထဲအမှိုက်ပစ်ရင် ဒဏ်ငွေ သုံးသောင်း၊ မိလ္လာပိုက်တွေကို ချောင်းထဲ ကျူးကျော်ထိုးချရင်လဲ ဒဏ်ငွေ သုံး သောင်းရိုက်မယ် ဘယ်နားမှာပဲ ပစ်ချ ပစ်ချ တွေ့တာနဲ့ ဒဏ်ရိုက်မယ် ” ဟု ဦးမြတ်ကိုကိုက ပြောသည်။

ချောင်းရိုးတစ်လျှောက် အမှိုက်များ ဆယ်ယူပြီးပါက ဒဏ်ရိုက်ရန် စီစဉ် ထားခြင်း ဖြစ်သည်။အဆိုပါ ဘုရားကိုင် ချောင်းရိုး တစ်လျှောက်တွင် စည်းကမ်းမဲ့စွန်ပစ် ထားသော အမှိုက်များကြောင့် ရေမြောင်း များပိတ်ဆို့ကာ မိုးတွင်းကာလတွင် လမ်းမများပေါ်သို့ မကြာခဏ ရေလျှံ မှုများ ဖြစ်ပွားလျက်ရှိသည်။

” အဲဒီချောင်းကို ဘက်ဟိုး ၅ စီးနဲ့ တပြိုင်တည်းတူးမယ်၊ တူးနေရင်းနဲ့ တခြားပိတ်ဆို့နေတဲ့ ရေမြောင်းတွေကိုလဲ တစ်ခါတည်းတူး သွားမယ်” ဟု ဦးမြတ် ကိုကိုက ပြောပြသည်။

ဘုရားကိုင်ချောင်းရိုး တစ်လျှောက် အရှည် ပေတစ်သောင်းခန့်ရှိပြီး ယင်း ချောင်းတစ်လျှောက် ဘေးဝဲယာနှစ်ဖက် တွင် ကျောက်တန်းစီခြင်းလုပ်ငန်းကို ပြီးသည့်ဘဏ္ဍာနှစ်က စည်ပင်ဌာနမှ ဘတ်ဂျတ် သိန်း ၈၀၀၀ ကျော်အကုန်ကျခံ တည်ဆောက်ထားပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်မှ သိရသည်။