စကား . . . စကား

0
605

ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ စကားအများကြီး ပြောကြရသည်။ မနက် အိပ်ယာထချိန်မှ ညအိပ်ယာဝင်ချိန် အထိ အိမ်မှာ၊ ရုံးမှာ၊ လမ်းမှာ၊ လက်ဖက်ရည် ဆိုင်မှာ လူတစ်ဦးနှင့် တစ်ဦးဆက်သွယ် ရန် ဘာသာစကားကို အသုံးပြုကြရ သည်။

” စကားစကား ပြောပါများ စကား ထဲက ဇာတိပြ” ဆိုသော ဆိုရိုးအတိုင်းပင် လူတစ်ယောက်ရဲ့ အသိဥာဏ်ပညာကြီး မကြီး၊ အတွေ့ အကြုံ ရင့်ကျက်မှုရှိ^မရှိ၊ စိတ်နှလုံးကောင်းထား / မထားကို ထိုသူ၏ ပြောစကားများဖြင့် အကဲဖြတ်နိုင်သည်။ တချို့သော သူများ၏ ပြောစကားများ က တစ်ခွန်းဆိုတစ်ခွန်း လွမ်းစရာအဖြစ် ကျန်ရစ်နေပေမယ့် တချို့သူများ၏ စကားက ရင်ကိုထိခိုက်နာကျင်စေပါ သည်။

၂၀၁၅ ဇူလိုင် ၂၇ ရက်မှာ ဆုံးသွား သည့် အိန္ဒိယနိုင်ငံ၏ ၁၁ဆက်မြောက် သမ္မတအဗ္ဗဒူကလမ် (Abdul Kalam) ဆိုလျှင် ထင်ရှားသည့်ပုဂ္ဂိုလ် ဖြစ်သည်။ ဟိန္ဒူအများဆုံးရှိသောနိုင်ငံမှာ လူနည်းစု ဖြစ်တဲ့ မွတ်ဆလင်လူမျိုး။ သမ္မတအိမ် တော်က ဆင်းတော့ လာတုန်းကအတိုင်း သေတ္တာနှစ်လုံး၊ တစ်လုံးကအဝတ်အစား နှင့် တစ်လုံးက သူ့ကိုယ်ပိုင်စာအုပ်တွေ။
သူ့ရဲ့ ကိုယ်ကျင့်တရားကသာ လွမ်းလောက်တာမဟုတ်။

” သမ္မတရာထူးက ကျုပ်ကိုပြောင်း လဲအောင် မလုပ်နိုင်ဘူး၊ ကျုပ်ကသာ သမ္မတရာထူးကို ပြောင်းလဲအောင်လုပ် မှာ” ဆိုတဲ့ သမ္မတ ဖြစ်စမှာ ပြောတဲ့ စကားက ကျွန်တော်တို့ကို လွမ်းသွား စေသည်။

လီကွမ်ယု (Lee Kuan Yew) ဟု ဆိုလျှင် စင်္ကာပူနိုင်ငံ၏ခေါင်းဆောင် အဖြစ် မသိသူရှားလှသည်။ ၁၉၅၉ ကနေ ၁၉၉၀ အထိ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ကာ ကျွန်းနိုင်ငံငယ်လေးကို တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ပို့ဆောင် ပေးခဲ့သူ။

၂၀၁၅ မှာ ဆုံးတော့ စင်္ကာပူနိုင်ငံ သားတွေ ဝမ်းနည်းငိုကြွေးနေတဲ့ ပုံရိပ်ကို ရုပ်မြင်သံကြားမှာမြင်ရတော့ တစ်ကမ္ဘာ လုံးသို့ကူးစက် ဝမ်းနည်းစေသည်။ သူ သည် ခေါင်းဆောင်မှုစွမ်းရည်သာ ကျွမ်း ကျင်သည်မဟုတ်။ စကားအရာတွင် လည်း ကျွမ်းကျင်ကာ အနုပညာ မြောက် လှသည်။
အင်္ဂလိပ်လက်အောက်၊ ဂျပန်လက် အောက်၊ မလေးလက်အောက်မှ လွတ် လပ်သောစင်္ကာပူနိုင်ငံကို ထူထောင် ခဲ့ရပုံကို ” ကျုပ်က နိုင်ငံတော် သီချင်း လေးပုဒ်ဆိုခဲ့သူ” တဲ့။

ဗိုလ်ချုပ်ကြီးကောလင်းပါဝယ်လ် (Colin Powell) ဟုဆိုလျှင် ကူဝိတ် စစ်ပွဲ (သို့မဟုတ်) ပင်လယ်ကွေ့စစ်ပွဲကို ဦးဆောင် တိုက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး တစ် ယောက်ဖြစ်ကြောင်း ထင်ရှားလှသူ ဖြစ် သည်။ ဆက်ဒမ်ဟူစိန် သမ္မတဖြစ်စဉ် အီရတ်က အိမ်နီးချင်း ကူဝိတ်နိုင်ငံကို ကျူးကျော်သောအခါ အမေရိကန်တို့ ပါဝင် လာရသော စစ်ပွဲဖြစ်သည်။ စစ်ပွဲ စပြီး မကြာမီမှာပဲ သတင်းသမား တစ် ယောက် ဗိုလ်ချုပ်ကြီးကို အင်တာဗျူး လုပ်ပါသည်။ စစ်ပွဲမှာ ဘယ်သူ့ဘက်က အရင်ကျဆုံးပါသလဲ မေးခွန်းကို ပြန်ဖြေ လိုက်ပုံများ “စစ်ပွဲတစ်ပွဲမှာအရင်ဆုံး ကျဆုံးတာ အမှန်တရားပါ” တဲ့။ သေနတ် ကိုင်ထားတဲ့စစ် ဗိုလ်ချုပ်တစ်ဦးရဲ့ ပါး စပ်ကထွက်လာတဲ့စကား ပညာတွေပြည့်ဝ နေသည်။ စကားအရာကျွမ်းကျင် သူမို့ သမ္မတဂျော့ ဒဗလျူဘုရ် (George W Bush ) လက်ထက်တွင် နိုင်ငံခြားရေး ဝန်ကြီး ခန့်အပ်ခဲ့သည်။

အစ္စရေးနိုင်ငံဟုဆိုလိုက်လျှင် စက်မှု၊ စိုက်ပျိုးရေး၊ သိပ္ပံနည်းပညာ စသည်ဖြင့် ဘက်စုံက ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် သိကြသည်။ ၎င်းအပြင် ရန်သူတော် အာရပ်တွေကြားမှာ ဂျူးနိုင်ငံလေးကို ကျားကုတ်ကျားခဲရပ် တည်နေရတဲ့နိုင်ငံ။ အစ္စရေးတို့သည် နိုင်ငံတည်မြဲရေးအတွက် တိုက်ပွဲပေါင်း များစွာ တိုက်ခိုက်နေခဲ့ရသည်။ ထို့ ကြောင့် စစ်မတိုက်ချင်တော့ဘူး၊ ငြိမ်း ငြိမ်းချမ်းချမ်း နေချင် ကြောင်းကို ဝန်ကြီးချုပ် ရှီမွန်ပိရက်စ် (Shimon Peares) က ” မုဆိုးရာသီ ကုန်ပြီ၊ ၂၁ ရာစုအဝင်မှာ လေးနဲ့မြှား မလိုပါ” တဲ့၊ လှလိုက်တဲ့စကား၊ ကြားရတဲ့သူကို နား ဝင်ချိုစေသည်။

လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဆိုလျှင်လည်း စကား အရာတွင် ကျွမ်းကျင်လှသူ ဖြစ်သည်။ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ် နာခံခဲ့တာကို မေးတော့” ကျွန်မယုံကြည် လို့ လုပ်ခဲ့တဲ့အလုပ်အတွက် နစ်နာတယ် လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး” တဲ့။ ထို့ ကြောင့်လည်း ပြည်သူတွေသူမရဲ့ ဦး ဆောင်မှုမှာ ညီညီညွတ်ညွတ် လိုက်ပါ ခဲ့ကြခြင်း ဖြစ်သည်။

ပြောလိုက်သော စကားများသည် လွမ်းစရာ မဟုတ်လျှင်တောင် နာစရာ မဖြစ်ရန် လိုသည်။
စော်ကားလိုက်သလို မဖြစ်ရန် လိုသည်။ဝန်ကြီးချုပ်တစ်ယောက်က

” ကံဆိုးလို့ ဝန်ကြီးချုပ်ဖြစ်နေ တာပါ”
” ပြည်သူတွေ ကျွန်မတို့အစိုးရကို မကူညီဘဲ အပြစ်ပဲပြောနေကြတယ် ” ဟူသော စကားများသည် လွမ်းကျန်စရာ စကားများ မဟုတ်တာ သေချားသည်။
” ကျွန်မတို့ အစိုးရအဖွဲ့ကတော့ အစိုးရ အလုပ် မလုပ်တတ်ပါဘူး” ဟူ သော မဲဆန္ဒ ရှင်ပြည်သူများကို စိတ်ပျက် အားငယ်စေ သောစကားမျိုး မဖြစ်ဖို့လို သည်။

” မြိတ်ဒေသမှာတစ် ယောက်နဲ့တစ် ယောက် အဆင်မပြေမှုတွေ မညီညွတ်မှု တွေများတဲ့ကြောင့်မို့ ထားဝယ်သား တစ်ယောက်ကပဲ ဆင်ဖြူပြင် (ထားဝယ် ဒေသ)မှာ ငါးလေလံ ဈေးဆောက်ဖို့ အတွက် မြေဧက ၂၀၀ အခုတော့ ဗဟို လယ် /ဆည် အထိတောင် ရောက်နေ ပါပြီ။” ဟူသော ဒေသတစ်ခုနှင့် တစ်ခုမှာ ရှိတဲ့ ပြည်သူတွေအကြား စိတ်ဝမ်းကွဲ စေမည့် စကားမျိုးမဖြစ်ဖို့ လိုသည်။

ယနေ့ပြောလိုက်သော စကားများ သည် နောင်အခါ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်သွားတတ်သည်။ လွမ်းကျန်စရာ စကားလေးများသာ ကြားချင်မိပါသည်။