ပါဝါအိတ်ဇောရောင်းက ဆိုင်ပိတ်ရမည်

0
443

ဆိုင်ကယ်အရောင်းဆိုင်များနှင့် ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင်များ တွင် အသံဆူညံစွာ ထွက်စေသည့် ပါဝါ အိတ်ဇောများ ရောင်းချနေကြောင်း စစ်ဆေး တွေ့ရှိပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူတော့မည်ဖြစ်ကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

 
ဆိုင်ကယ်များတွင် ပါဝါအိတ်ဇော တပ်ကာ အသံဆူညံစွာ မောင်းနှင်နေမှု များကြောင့် အများပြည်သူ အထိတ် တလန့်ဖြစ်ခြင်းနှင့် ယာဉ်တိုက်မှုကဲ့သို့ အခြားမလိုလားအပ်သည့် ပြဿနာများ မဖြစ်စေရန်အတွက် ရောင်းချသည့် ဆိုင် များကို စစ်ဆေးဖမ်းဆီး သွားမည်ဖြစ်ပြီး တွေ့ရှိပါက ထိထိရောက်ရောက် အရေး ယူသွားမည်ဖြစ်ကြောင်းအဆိုပါ စည်ပင် တာဝန်ရှိသူက ဆိုသည်။
မြို့နယ်အတွင်းရှိ ဆိုင်ကယ်အရောင်း ဆိုင်များနှင့် အပိုပစ္စည်း အရောင်းဆိုင် များကို မတ်လ ၃၀ ရက်က ပါဝါအိတ် ဇောများ မရောင်းချကြရန် သတိပေးစာ ထုတ်ထားကြောင်း ၎င်းကပြောသည်။

 
” စစ်လို့တွေ့ရင်တော့ ထိထိရောက် ရောက် အရေးယူသွားမယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ယင်းအပြင် တပ်ဆင်အသုံးပြုနေ သည့် ပါဝါအိတ်ဇောတပ် ဆိုင်ကယ်များ ကို ပြီးခဲ့သည့် မတ်လ ၂၂ ရက်က စကာ စီမံချက်အနေဖြင့် ညဘက်များတွင် အရေးယူဖမ်းဆီးနေကြောင်း အမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ)မှ တပ်ဖွဲ့စုမှူးက ပြောသည်။
” ပါဝါအိတ်ဇော တပ်စီးတဲ့သူတွေ က ညဘက်တွေမှာ စီးတာများလို့ ည ဘက်မှာ ဖမ်းတာ၊ တောက်လျှောက် ဖမ်း သွားမှာပါ” ဟု တပ်ဖွဲ့စုမှူး ဒုရဲမှူး စိုးလွင် က ဆိုသည်။

 
လက်ရှိအချိန်အထိ ပါဝါအိတ်ဇော တပ် ဆိုင်ကယ် ၂၆ စီးဖမ်းဆီးထားပြီး ဖမ်းမိသည့် ပါဝါအိတ်ဇောတပ် ဆိုင် ကယ်များကို တရားရုံးတွင် ဒဏ်ငွေဆောင် ပြီးမှသာ ပါဝါအိတ်ဇောပိုက်ကို ပြန်လဲ ခိုင်းပြီး ဆိုင်ကယ်ပြန်ပေးကြောင်း ၎င်းက ပြောသည်။
” အရောင်းဆိုင်တွေအပြင် ဘော်ဒီရုံ တွေကိုလည်း စိစစ်သင့်တယ်၊ ဘော်ဒီရုံ ကလုပ်တဲ့ ပါဝါအိတ်ဇောတွေက အသံပို ဆူတယ်” ဟု ထားဝယ်မြို့ ဘုမ္မော် ရပ်ကွက်နေ ဦးဇော်ဝင်းက ဆိုသည်။

 
ပါဝါအိတ်ဇောရောင်းချသည့် ဆိုင် များတပ်ဆင်စီးနင်းနေသည့် ဆိုင်ကယ် များကို ဖမ်းဆီးအရေးယူရာတွင် ရှေရှည် ထိထိရောက်ရောက် လုပ်ဆောင်သွား ရန်လိုပြီး ဟန်ပြသဘောမျိုး မဖြစ်သင့် ကြောင်း ဦးဇော်ဝင်းက ပြောသည်။ထားဝယ်မြို့နယ်အတွင်း ဆိုင် ကယ်အရောင်းဆိုင် ၁၁ ဆိုင်နှင့် ဆိုင် ကယ်အပိုပစ္စည်းအရောင်းဆိုင် ၁၃ ရှိပြီး ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက စည်ပင်ဥပဒေအရ ဒဏ်ငွေ ကျပ် ၂ သောင်းမှ ကျပ် ၂ သိန်းအထိဖြစ်စေ၊ ဆိုင်လိုင်စင်ပိတ်သိမ်းသည့်အထိဖြစ်စေ အရေးယူနိုင်ကြောင်း မြို့နယ်စည်ပင်ထံမှ သိရသည်။