သရက်ချောင်း အရေးပေါ်ကား ဖျက်ဆီးသူများ အရွယ်မရောက်သေး

0
417

သရက်ချောင်းမြို့ အခြေစိုက် မြတ်ပါရမီ ပရဟိတအသင်းပိုင် အရေး ပေါ်ကား ဖျက်ဆီးခဲ့သူများမှာ အသက် ၁၁ နှစ်နှင့် ၉ နှစ်အရွယ် အရွယ် မရောက် သေးသူ မောင်နှမနှစ်ဦး ဖြစ်နေကြောင်း အသင်းဥက္ကဋ္ဌ ဦးဝင်းလတ်ထံမှ သိရသည်။
မတ်လ၂၄ ရက်တွင် ကားထဲရှိ စီစီတီဗွီ ကင်မရာ၊ မော်နီတာနှင့် ကားသော့ ၁ ချောင်း၊ ငွေကျပ်ရှစ်သောင်းခွဲ  ပျောက် ဆုံးခဲ့ပြီး၊ အရေးပေါ် အောက်ဆီဂျင်ပေးသင့် မပေးသင့် တိုင်းသည့်ကိရိယာ၊ သွေးပေါင် တိုင်း ကိရိယာများ၊ အရေးပေါ်ဆေးဝါး များ ဖျက်ဆီးခံခဲ့ရသည်။
ယင်းနောက် မတ်လ ၃၁ ရက်တွင် ယင်းကလေးနှစ်ဦးအား ရုံးခန်းတွင်း ပစ္စည်းများ ယူနေစဉ် လက်ပူးလက်ကြပ် မိခဲ့သည်ဟု ဦးဝင်းလတ်က ပြောသည်။
ယင်း မောင်နှမ နှစ်ဦးမှာ ပရိဟိတ ရုံးနှင့် မလှမ်းမကမ်းတွင် နေထိုင်သူများ ဖြစ်ပြီး ရုံးတစ်ဝိုက်ဆော့ကစားရင်း ယခုကဲ့သို့ ခိုးယူဖျက်ဆီးမိကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။ပစ္စည်းအချို့ကို ပြန်ရခဲ့ပြီး ငွေများ ကိုမူ မိဘအားကောက်ရခဲ့သည်ဟု ပြောကာ အပ်နှံခဲ့သဖြင့် မိဘတို့မှ သုံးစွဲပြီးဖြစ်နေ ကြောင်း ဦးဝင်းလတ်ထံက ပြောသည်။
” သူ့ မိဘကတော့ ပြန်လျော်မယ် ပြောတယ်၊ ကလေးတွေဖြစ်နေတော့ နားလည်မှု ပေးလိုက်တယ်၊ သူတို့ ပညာ ရေးလည်း ရှိသေးတာကိုး” ဟု ၎င်းက ပြောသည်။