ကိုယ့်ကိုကိုယ် တည်ဆောက်ခြင်း

0
438

နိုင်ငံတစ်ခု၏ အသေးဆုံးယူနစ်ကို မိသားစုတစ်ခုနှင့် ခိုင်းနှိုင်းသည်ကို ကြားဖူးသည်။ ထိုထက်ပိုသေးသည့် ယူနစ်တစ်ခုရှိသည်။ ယင်းမှာ လူတစ်ဦးချင်း၊ တစ်ယောက်ချင်း။ နိုင်ငံတည်ဆောက်ရေးအကြောင်း ပြောပြီဆိုလျှင် လုံးဝ မချန်ထားအပ်သည်မှာ လူတစ်ဦးချင်းစီ၏ ကိုယ့်ကိုကိုယ် တည်ဆောက်ခြင်းကိစ္စ ဖြစ်သည်။

လူတစ်ဦးချင်းစီက ကိုယ့်ဘ၀ကိုယ်၊ ကိုယ်လျှောက်သည့် လမ်း၊ ကိုယ်ရွေး ချယ်သည့် သက်မွေးဝမ်းကျောင်းကို ကောင်းမွန်စွာ တည်ဆောက်လျှောက် လှမ်း မည်ဆိုလျှင် ကောင်းမွန်သည့် တိုင်းပြည်တည်ဆောက်ရာ ရောက်ပေသည်။ ဘ၀တွင် အလုပ်လုပ်သည့်အခါ ပျော်၍လုပ်ခြင်းနှင့် လို၍လုပ်ခြင်းဟု နှစ်မျိုးရှိပါသည်။
တခါတရံတွင် မိမိပျော်သော အလုပ်ကို မလုပ်နိုင်မီ ငွေကြေးလိုအပ်ချက်အတွက် အလုပ်လုပ်ရသည့် ကာလမျိုးလည်း ရှိပေမည်။

ထိုသို့သော ကာလမျိုးတွင်လည်း ကိုယ်တာဝန်ယူသည့် အလုပ်ကို အကောင်းဆုံးလုပ်ရန် လိုပေသည်။ ယင်းသည် အကောင်းဆုံးများကို လုပ်တတ်သည့် အလေ့အထကို ပျိုးထောင် ခြင်းဖြစ်သည်။ ယင်းအလေ့အထကို တည်ဆောက်နိုင်ပြီဆိုလျှင် မည်သည့်အလုပ်တွင် လုပ်ပါစေ အကောင်းဆုံးများကိုသာ လုပ်တော့မည် ဖြစ်သည်။

ယင်းသို့ အကောင်းဆုံးများကိုသာလုပ်သည့် သူများဖြင့် ဖွဲ့စည်းထားသည့် တိုင်းပြည်တစ်ပြည်သည် အကောင်းဆုံး တိုင်းပြည်ဖြစ်မည်မှာ မြေကြီး လက်ခတ်မလွဲ။