ဗိုလ်ချူပ်အောင်ဆန်း တံတားအမည် ကိစ္စ မွန်လူထု တစ်ရပ်လုံး ကန့်ကွက် ဆန္ဒပြမည်

0
509

မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) ကို ဆက်သွယ်ထားသည့် သံလွင်တံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းံတားအမည် ပြောင်းလဲသတ်မှတ်ခဲ့သည်ကို မွန်အမျိုးသားထုကြီး တစ်ရပ်လုံးက ကန့်ကွက်ဆန္ဒပြသွားမည် ဖြစ်သည်။

ယင်းဆန္ဒပြပွဲကို မတ်လ ၁၄ ရက်တွင် မော်လမြိုင်မြို့တွင် ပြုလုပ်မည်ဟု သံလွင်တံတား(ချောင်းဆုံ) အမည်ပြောင်းလဲခြင်း ဆိုင်ရာ အမျိုးသားအသွင်ဆန္ဒထုတ်ဖော်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ မိကွန်းချမ်းနွံက ပြောသည်။

တံတားအမည်ပြောင်းသည်ကို ဒေသခံလူထုက သဘောမတူဟု ကန့်ကွက်စာတင်၊ ဆန္ဒပြနေသည့်ကြားက မတ်လ ၁၈ရက်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

“တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်ရင်ဖြစ်ဖြစ် ဒါက လုံးဝမသင့် လျော်ဘူး ဒေသခံတွေရဲ့ အသံကို နားထောင်သင့်တယ်လို့ တောင်းဆိုတယ်၊ ဒါကြောင့်မို့ ကျွန်မတို့ ဆက်လက် ဆန္ဒပြဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်”ဟု မိကွန်းချမ်းနွံက ဆိုသည်။

လွှတ်တော်အနေဖြင့် လွှတ်တော်ဆောင်ပုဒ်နှင့်အညီ ပြည်သူလူထု၏အသံကို နားထောင်သင့်သည်ဟုလည်း မိကွန်းချမ်းနွံက ဆက်ပြောသည်။

“ဒီမိုကရေစီဆိုတာက အများရဲ့သဘောထားဆိုပေမယ့် လူနည်းစုရဲ့အခွင့်အရေးကိုလည်း ပြန်ငဲ့ကြည့်ရတာပေါ့ လူနည်းစုလည်း မနစ်နာစေရဘူး၊ တဘက်နဲ့တဘက် အပြန်အလှန်ရှိမှ အကျိုးရှိမှာပေါ့ဗျာ”ဟု မွန်လူငယ်များဆုံရပ် (MYF) အတွင်းရေးမှူး မင်းဇာနည်ဦးက ဆိုသည်။

ပြည်သူ့အစိုးရဟုဆိုကာ ပြည်သူကို အခြေမခံဘဲ လွှတ်တော်တွင် မဲအသာဖြင့် ဆုံးဖြတ်အတည်ပြုခြင်းသည် ဗဟိုဦးစီးစနစ်ကို သွားနေပြီဟု အဆိုကို ကန့်ကွက်ဆွေးနွေးခဲ့သူ မင်းကင်းမဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောသည်။