ကျောက်မီးသွေး စက်ရုံ ကိစ္စ ITD လက်မလျှော့

0
417

ထားဝယ် စီမံကိန်း ပြန်စရန် အရှိန်ယူလာသည်နှင့် အမျှ စီမံကိန်း ဆောက်လုပ်ရေး ကုမ္ပဏီ အီတာလျံ-ထိုင်း (ITD) ကလည်း ကျောက်မီးသွေး စက်ရုံ ဆောက်လုပ်မည့် ကိစ္စထပ်မံ ထုတ်ပြောလာပြန်သည်။

ယခု စီမံကိန်း စတင်ချိန်တွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ပေး စက်ရုံ တည်ဆောက်မည်ဖြစ်သည်။သို့သော်လည်း ထားဝယ် အထူး စီးပွား ရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း အပြည့်အဝ တည်ဆောက် လည်ပတ်ချိန်တွင် ကျောက်မီးသွေးသုံး ဓာတ်အား ပေးစက်ရုံ တည်ဆောက်ရန် စီစဉ်ထားကြောင်း ဖေဖော်ဝါရီ ၁၅ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြ ထားသည်။ ထားဝယ်စီမံကိန်းတွင် မဂ္ဂါဝပ် ၄၀၀၀ သုံး ကျောက်မီးသွေးလျှပ်စစ် ဓာတ်အားပေး စက်ရုံကို ဒေသခံများ ကန့်ကွက်မှုကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၁၀၂ ခုနှစ်တွင် ရပ်နား ထားသည်။

လက်ရှိ တနင်္သာရီဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ၂၀၁၆ ခုနှစ် မေလ ၁၂ ရက်နေ့က လောင်းလုံးမြို့နယ်ရှိ တွေ့ဆုံပွဲ တစ်ခုတွင် လူသားကို ဒုက္ခ ပေးမည့် ကျောက်မီးသွေး စက်ရုံ အလို မရှိကြောင်း ပြောဆိုခဲ့ဖူးသည်။ သို့သော် ဒီဇင်ဘာလအတွင်း ဂျပန်နိုင်ငံသို့ လေ့လာရေး ခရီးသွား ရောက်ပြီးနောက် လူထုကို ထိခိုက်မှု မရှိပါက သန့်စင်သည့် ကျောက်မီးသွေး နည်းပညာသည် စဉ်းစားသင့်သည့် အချက်ဖြစ်ကြောင်း ပြန်လည်ပြော ဆိုခဲ့သည်။

နိုင်ငံတကာတွင် နည်းပညာ အသစ်များဖြင့် စွမ်းအင်ထုတ်လုပ်ရေး လုပ်ဆောင်လာချိန်တွင် တနင်္သာရီတိုင်း တွင် ကျောက်မီးသွေး အသုံးပြု လျှပ်စစ် ဓာတ်အား ထုတ်မည့် အပေါ် အရပ်ဘက် အဖွဲ့အစည်းများက အစဉ်တစိုက် ဝေဖန် ကန့်ကွက်လျက် ရှိသည်။