အိုင်အက်စ်သတင်းကြောင့် ပါချန် မြစ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်

0
465

တနင်္သာရီတိုင်းအတွင်းသို့ အိုင်အက်စ် အကြမ်းဖက်သမားများ ဝင်ရောက်နိုင် သည်ဆိုသည့် သတင်းများကြောင့် ပါချန်မြစ်တစ်လျှောက်တွင် ပြီးခဲ့သည့် အပတ်မှစတင်ကာ လုံခြုံရေး တိုးမြှင့် ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။


ထိုင်း-မြန်မာနယ်စပ် ပါချန်မြစ် တစ်လျှောက်ရှိ ရဲကင်းစခန်းများတွင် ယခင်တပ်ဖွဲ့ဝင် ၃ ဦးမှ ၅ ဦးအထိ တိုး မြှင့်ချထားပြီး အဆင့်မီ မောင်းပြန် သေနတ်များ တပ်ဆင်ပေးထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ဆိုသည်။
” အိုင်အက်စ်အဖွဲ့တွေက ဘယ်လို ဝင်နိုင်တယ်။ မလေးရှားကနေ ဘယ်လို ဝင်နိုင်တယ်ဆိုတဲ့ သတင်းတွေက ရှိနေ တယ်” ဟု ရဲမှူးကြီးနေမျိုးက ပြောသည်။

 
၎င်းအပြင် နယ်စပ်လူဝင်ထွက်ရာ နေရာများတွင် အမြဲမပြတ်စောင့်ကြည့် ခိုင်းထားပြီး ထိုင်းနိုင်ငံတောင်ပိုင်း အခြေ အနေများကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေကြောင်း တိုင်းရဲ တပ်ဖွဲ့ မှူးက ပြောသည်။အကြမ်းဖက်သမားများ မဝင်ရောက် နိုင်စေရေးအတွက် ရွှေ့ပြောင်းလုပ်သား များကိုလည်း သေချာစွာ စိစစ်နိုင်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ လ၀က ဌာန များနှင့် ချိတ်ဆက် လုပ်ဆောင်နိုင်ရန် အတွက် တိုင်းဒေသကြီးအစိုးရကို အကြံ ပြုထားကြောင်း ၎င်းက ပြောသည်။

 
ယင်းကဲ့သို့ လုံခြုံရေးတိုးမြှင့်ချထား သည့်အတွက် အကြမ်းဖက်သမားများ အန္တရာယ်ကို ကာကွယ်နိုင်သည့် အပြင် ခိုးဝင်ဘင်္ဂါလီများ မဝင်နိုင်ရေးအတွက်ပါ ကာကွယ်ပြီးသား ဖြစ်သွားသည်ဟု ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်နေ ဦးစိုးအောင်က ဆိုသည်။
” လုံခြုံရေး တိုးမြှင့်ချထားတာတော့ ကောင်းတာပေါ့၊ ဖြစ်နိုင်ရင် ထိုင်းနဲ့ နီး တဲ့ ကျွန်းတွေမှာ ပိုပြီး လုံခြုံရေး တိုးမြင့် ချထားသင့်တယ်” ဟု ဦးစိုးအောင်က ပြောသည်။

 
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နှောင်းပိုင်း မှစကာ တိုင်းအတွင်းရှိ ထီးခီး၊ မောတောင်နှင့် ကော့သောင်းမြို့များရှိ နယ်စပ်ဝင်ပေါက်များအပြင် မလွဲတောင် ထိပ်မှ ကော့သောင်းလမ်းပိုင်းအထိ လုံခြုံ ရေးဂိတ်များချ၍ စစ်ဆေးလျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။