မက်လုံးပေး ဈေးတင် ရောင်းသူ များ အစိုးရဝန်ထမ်းများကို ပစ်မှတ်ထား

0
668

ပစ္စည်းတစ်မျိုးဝယ်က တခြား တစ်မျိုး ပိုပေးမည်ဆိုသည့် မက်လုံး ပေးကာ ဈေးတင်ရောင်းချသူများသည် ထားဝယ်ခရိုင်အတွင်းရှိ အစိုးရဝန်ထမ်း များအား ပစ်မှတ်ထား ရောင်းချ လာကြ သည်။


အသားပေါင်းအိုး (ဒေသအခေါ် အကြော်အိုး)နှင့် ရေသန့်စက်များကို အဓိက ရောင်းချကြခြင်းဖြစ်ပြီး တစ်ခုခု  ဝယ်ယူပါက ထမင်းပေါင်းအိုး၊ စတီး ထမင်းချိုင့်၊ စတီးလင်ပန်း စသည်တို့ကို အပိုလက်ဆောင်ပေးမည်ဟုဆိုကာ မက်လုံးပေး ရောင်းကြခြင်း ဖြစ်သည်။
ထားဝယ်ဒေသတွင် အသားပေါင်း အိုးကို အဓိကထားရောင်းချပြီး ယခင်က အိမ်တိုင်ရာရောက် လိုက်လံရောင်းချ ခဲ့ရာမှ နောက်ပိုင်းတွင် ဌာနဆိုင်ရာ ရုံးများနှင့် စာသင်ကျောင်းများရှိ ဝန် ထမ်းများ၊ ဆရာမ များကို ပစ်မှတ်ထား ရောင်းချလာကြသည်။
” အပိုလက်ဆောင်ပေးတဲ့ ထမင်း ပေါင်းအိုးက သွပ်ပြားလိုပဲ ပါးပါးလေး ဖြစ်နေတယ် ” ဟု ထားဝယ်မြို့ပေါ် အထက်တန်း ကျောင်းတစ်ကျောင်းမှ အထက်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။
ကျောင်းတွင် လာရောင်း ချခြင်း ဖြစ်ပြီး ကောင်း၊ မကောင်းကို မသိသော် လည်း လှသည့်အတွက် ဝယ်ခဲ့ခြင်း ဖြစ် ကြောင်း ၎င်းက ပြောသည်။

 
ယင်းပစ္စည်းများကို ကုမ္ပဏီဝန်ထမ်း ဆိုသူများက လိုက်လံရောင်းချနေကြ ခြင်း ဖြစ်သည်။၎င်းတို့ ရောင်းချသည့် အသား ပေါင်းအိုး အမျိုးအစားများမှာ ထားဝယ် ဒေသ လျှပ်စစ်ပစ္စည်းဈေးကွက်တွင် ရှိ သည့် အမျိုးအစားများ မဟုတ်ပေ။၎င်းတို့သည့် အသားပေါင်းအိုး တစ်လုံးအား ကျပ် ၃၅၀၀၀ ဈေးနှုန်းဖြင့် ရောင်းချနေပြီး ထမင်းပေါင်း အိုးတစ်လုံး အား လက်ဆောင်ပေးခြင်း ဖြစ်သည်။
သို့သော် ၎င်းတို့ရောင်းချသည့် အသားပေါင်းအိုးနှင့် အရွယ်သဏ္ဍာန်တူ သည့် အသားပေါင်းအိုးတစ်လုံး၏ အမြင့် ဆုံးဈေးနှုန်းမှာ ကျပ် ၁၈၀၀၀  ခန့်သာ ကျသင့်သည်ဟု ထားဝယ်မြို့ပေါ် လျှပ် စစ်ပစ္စည်းအရောင်းဆိုင်များထံမှ သိရသည်။
အပိုပစ္စည်းအဖြစ် လက်ဆောင် ပေးသည့် ထမင်းပေါင်းအိုးမှာလည်း ကျပ် ၁၀၀၀၀ ဝန်းကျင်သာ တန်ဖိုးရှိ သည်ဟု လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်များ က ခန့်မှန်းကြသည်။

 
” အသိတွေဆို သူတို့ဝယ်ခဲ့တဲ့ ဈေး နှုန်းနဲ့ တစ်ဝက်လောက် ကွာနေလို့ ဆိုင်မှာဈေးလာမေးပြီး အံ့ဩနေကြ တာ” ဟု ထားဝယ်မြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ပြီးခဲ့သည့်နှစ်က ကုမ္ပဏီတစ်ခုမှ အသားပေါင်းအိုး ၁ လုံးဝယ်ပါက စတီး ဘန်း ၁ ချပ်၊ လေးဆင့်ပါသည့် ထမင်း ချိုင့် ၁လုံး အပိုလက်ဆောင် ပေးမည် ဖြစ်ပြီး အသားပေါင်းအိုး ၁၀ လုံးဝယ် ပါက ရေခဲသေတ္တာတစ်လုံး လက်ဆောင် ပေးမည်ဟု ပြောဆို ရောင်းချသည့် အတွက် ဝန်ထမ်းများ စုပေါင်းကာ ၁၀လုံးကျော် ဝယ်ယူခဲ့သည်ဟု ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းအကြီး အကဲတစ်ဦးက ပြောသည်။သို့သော် ရေခဲသတ္တာကို အခုချိန် အထိ လာမပေးဟု ၎င်းက ဆိုသည်။
” ဖုန်းဆက်ပြောရင်လည်း မအား သေးလို့နဲ့ ဧရိယာ ပြင်ပ ရောက်နေတာနဲ့ ဖြစ်နေတော့တာ ” ဟု အဆိုပါ ကျန်းမာ ရေး ဝန်ထမ်း အကြီးအကဲက ပြောသည်။

 
အချို့ကုမ္ပဏီဝန်ထမ်းများကမူ ပစ္စည်းဝယ်ယူချိန်တွင် အာမခံကတ်ပြား များ ပေးထားခဲ့သော်လည်း ပစ္စည်းများ ချို့ယွင်းမှုများအား ပြင်ပေးရန် သို့မဟုတ် လဲလှယ်ပေးရန် ဖုန်းဆက်သည့်အခါ ဖုန်းမကိုင်ခြင်း၊ ရက်ချိန်းများ ချိန်းခြင်း စသဖြင့် လုပ်ဆောင်ကာ အာမခံအတိုင်း အမှန်တကယ်လုပ်ဆောင်ပေးခြင်းမရှိဟု ပစ္စည်းဝယ်ယူခဲ့သူများထံမှ သိရသည်။၎င်းအပြင် ပစ္စည်းရောင်းချ သူအချို့ သည် အာမခံဝန်ဆောင်မှုကို ထားဝယ် မြို့ပေါ် လျှပ်စစ်ပစ္စည်းအရောင်း ဆိုင်တစ် ဆိုင်၏ နာမည်ကို အလွဲသုံးစား ပြုခဲ့သည် ဟု ယင်းဆိုင်ပိုင်ရှင်ထံမှ သိရသည်။

 
ယင်းသို့ လိမ်လည်ရောင်းချခဲ့မှု များကြောင့် ပစ္စည်းလဲပေးရန် ဆိုင်တွင် လာရောက် တောင်းဆိုသူများ ရှိလာ သည်ဟု ၎င်းက ပြောသည်။
အာမခံပေးခဲ့သည့်အတိုင်း ဝန်ဆောင် မှုမပေးခဲ့ပါက ဝယ်ယူစဉ်က ငွေပေးချေ သည့် ဘောင်ချာ(ပြေစာ)၊ အာမခံကတ် ပြားတို့ လာရောက် တိုင်ကြားနိုင်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး စားသုံးသူရေး ရာ ဦးစီးဌာန တိုင်းဦးစီးမှူးက ဆိုသည်။တိုင်ကြားလာပါက ဝယ်ယူခဲ့သူနှင့် ဆိုင်ပိုင်ရှင်ကို စေ့စပ်ညှိနှိုင်း ပေးသွား မည်ဖြစ်ပြီး ညှိနှိုင်းမှုအဆင်မပြေပါက ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးဦးစီးမှူးက ပြောသည်။
” အာမခံအတိုင်း မလုပ်ပေးရင် တိုင်ကြားနိုင်တယ် ” ဟု စားသုံးသူရေး ရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။
ယင်းသို့သော ပစ္စည်းများ လိုက်လံ ရောင်းချသည့် ကုမ္ပဏီဟုဆိုသည့်  Super Cook ကုမ္ပဏီ၏ မန်နေဂျာ ဆိုသူ ဦးသူရိန်ကမူ ဝယ်ယူသူများအား ခံစားခွင့်အနေဖြင့် အပိုလက်ဆောင်များ ပေးခြင်းဖြစ်သည်ဟု ဆိုသည်။
” ဝန်ထမ်းတွေက စုပြီးတော့ ဝယ်ကြ တာမျိုးရှိတယ်” ၎င်းက ဆိုသည်။
၎င်းတို့ကုမ္ပဏီ၏ ပစ္စည်းများ ပျက်စီး မှုရှိပါက ဖုန်းဆက်အကြောင်းကြား လျှင် အိမ်တိုင်ရာရောက် ပြင်ဆင်၊               လဲ လှယ်ပေးခြင်းများ ပြုလုပ်ပေးသည်ဟု ဦးသူရိန်က ပြောသည်။ဒေသဈေးကွက်တွင်ရှိသည့် ပစ္စည်း များနှင့် ဈေးနှုန်းကွာဟနေခြင်းမှာ အရည် အသွေးအပေါ် မူတည်သည်ဟု ၎င်းက ဆိုသည်။

 
သို့သော် Super Cook ကုမ္ပဏီမှ  ကျပ် ၃၅၀၀၀ဖြင့် ရောင်းချ သည့် Mitsutarbo တံဆိပ် အသားပေါင်း အိုးကို ပြည်တွင်း Online Shopping  တစ်ခုတွင် ကျပ် ၁၉၀၀၀ ဖြင့် ရောင်းချ ရန် ကြေညာထားသည်။ထားဝယ်ဒေသတွင် တရုတ်နိုင်ငံ ထုတ် အရည်အသွေးနိမ့် ကုန်ပစ္စည်း များကို နာမည်ကြီးတံဆိပ်ကပ်ကာ အတု အပလုပ် ရောင်းချနေမှုများ ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ လျှပ်စစ် ပစ္စည်းဆိုင် များထံမှ သိရသည်။

 
ပစ္စည်းတစ်မျိုးဝယ်က တခြား တမျိုးပိုပေးမည်ဆိုသည့် မက်လုံးမိသွား သူဝန်ထမ်းအချို့ထံမှ ဝယ်ယူမိသည့် အပေါ် ”  တခြားသူတွေကို ပြန်ပြောရမှာ ရှက်တယ်” ၊ ” အလိမ်ခံလိုက်ရပြီ” ဟူ သည့် ငြီးတွားသံများ ကြားနေရပြီ ဖြစ်သည်။