လမ်းမ ပေါ်က ခြိမ်းခြောက်မှု

0
476

Happy New Year  လို့ ဗြတ်စာ လည်း အများနည်းတူ ခေတ်မီစွာ နှုတ်ခွန်းဆက်လိုက်ပါရစေဗျ။
နှုတ်သာဆက်ရတယ်။ ဗြတ်စာ လည်း ဘေးဘီ ရှေ့နောက်ကြည့်ရသေး သဗျ။

တော်ကြာ  ဘယ်ကဝင်လာ မှန်း မသိတဲ့ ဆိုင်ကယ်ကို ကြောက်နေရသေး တာကိုး။ ခုခေတ်က ဗြတ်စာတို့ ထားဝယ် မြို့ကြီးမှာ လမ်းမတွေပေါ် တက်လိုက် တာနဲ့ ဘယ်အချိန် ဇမ္ဗူသီရိကားစီးရ မလဲလို့တွေးပြီး စိတ်ပူနေရတဲ့ ခေတ် မဟုတ်လား။
နှစ်သစ်ကိုကြိုလို့ ကောင်းတုန်း ထားဝယ်ဆေးရုံကြီးရဲ့ အသစ်စက်စက် အရေးပေါ် လူနာဌာနကို ရောက်သွားမှာ လည်း စိုးရိမ်ရသဗျ။
ခုတစ်လော ထားဝယ်မြို့ဆိုတာက အရေးပေါ် လူနာတင်ကား အသံညံစီစီနဲ့ ရင်တထိတ်ထိတ်ကိုးဗျ။

 
တစ်ရက်ကဆို မနက် ၆ နာရီခွဲ ကနေ မနက် ၉ နာရီအထိ လူနာတင်ကား အသံ ၃ ခေါက် (အသွားအပြန်ဆို ၆ ကြိမ်) အထိ ရှိသဗျ။ ဟော..ဒီကနေ့ ဗြတ်စာ ဒီစာရေးချိန်ဆို ၃ မိနစ်အတွင်း လူနာ တင်ကားအသံ နှစ်ကြိမ်ကြားရတယ် ခင်ဗျ။
မြို့ရဲ့အနေအထား အကျယ်အဝန်းနဲ့ ဒီနှုန်းအတိုင်း မြင်ရ ကြားရဖြစ်နေမှတော့ မစိုးရိမ်ဘဲ နေမလားဗျာ။ စာရင်း တစ်ခု အရ ထားဝယ်ဒေသတွင်း ယာဉ်မတော် တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဇမ္ဗူသီရိအရေးပေါ် လူနာတင်အဖွဲ့က သယ်ယူပေးရသူပေါင်း မနှစ် (၂၀၁၅ ခုနှစ်)ကထက် ၄ ဆနီးပါး တိုးလာ ကြောင်း သိထားရတာကိုး။
ဒီလို မတော်တဆမှု ဖြစ်တာတွေ ထဲမှာ ဆိုင်ကယ် မတော်တဆမှုက အများဆုံးဖြစ်မယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ် ခင်ဗျ။ မြို့တွင်းမှာ ဆိုင် ကယ်တွေ များလာတာနဲ့အမျှ အရွယ် ပေါင်းစုံ၊ အလွှာပေါင်းစုံကလည်း ဆိုင် ကယ်ကို အလွယ်တကူ စီးလာကြတာမို့ အန္တရာယ်ကလည်း များလာတယ်ဆိုတာ သုံးသပ်မိပါသဗျ။

 
အလွယ်တကူလို့ သုံးလိုက်တာ အကြောင်း ရှိပါတယ်။ ဗြတ်စာတို့ ငယ်ငယ်က အရွယ်လေး ရောက်လာပြီ ဆိုတာနဲ့ စက်ဘီးစီး သင်ကြသလိုမျိုး ခုခေတ်မှာတော့ အရွယ်ရောက်ပြီဆိုတာနဲ့ ဆိုင်ကယ်စီးသင်၊ ပြီးတာနဲ့ တစ်ခါတည်း အများသူငါ သွားလာနေကြတဲ့ ယာဉ် ကြောတွေပေါ် တက်မောင်း။ ဒီလိုမောင်း တဲ့အခါမှာလည်း ယာဉ်စည်းကမ်း နားမလည်၊ ယာဉ်မောင်းလိုင်စင်ကလည်း မရှိ၊ ယာဉ်လိုင်စင် မရှိ . . မောင်းနေကြ တာများ ခေတ်သစ်စနစ်သစ်မှာ ဒီမိုကရေစီကွဆိုပြီး မအော်ရုံတမယ် ဖြစ်နေသလားလို့ ဗြတ်စာ အတွေးပေါက် လာသဗျ။

 
မိဘတွေကလည်း သားသမီးပူဆာ တိုင်း လွယ်လွယ်ကူကူ ဝယ်ပေးလိုက် ကြပြီး လိုင်စင်ဆိုတာ နားလည်ပုံလည်း မရ။ ယာဉ်စည်းကမ်း ပညာပေးရမယ် ဆိုတာလည်း သိပုံမရ။ကိုယ့်ကလေးကို လမ်းပေါ်လွှတ် လိုက်တာပဲ ခင်ဗျ။တစ်လောကတော့ ဗြတ်စာလည်း စပ်စုချင်စိတ်ရှိတာနဲ့ ဆိုင်ကယ် အသုံးပြု သွားလာနေကြတဲ့ ဆယ်ကျော် သက် ကလေးတချို့ကို မေးကြည့်ဖြစ်သဗျ။ အဝိုင်းပတ်ကို ဘယ်လိုပတ်မလဲ။ မျဉ်း ကြားနားရောက်ရင် ဘယ်လိုမောင်းမလဲ။ အရှိန်လျှော့ မျဉ်းဖြူတွေ အနားရောက်ရင် ဘယ်လိုမောင်းမလဲ . . . စသဖြင့် မေး ကြည့်တော့ အများစုက အင်း..အဲနဲ့ ရယ်ကျဲကျဲလုပ်ပြီးနေကြသဗျ။

 
နောက်ဆုံး မေးခွန်းတစ်ခု ဖြစ်တဲ့ ယာဉ်မောင်း လိုင်စင်ရှိလားလို့ မေး လိုက်တော့ တစ်ယောက်မှကို မရှိတာ အံ့ဩစွာ သိလိုက်ရပါသဗျာ။ ရှိလည်း ဘယ်ရှိနိုင်ပါ့မလဲ။ အသက်တွေက ၁၆ နှစ်ကျော်လေးတွေကိုး။ တကယ်တော့ ၁၈ နှစ်ကျော်ကျော်တွေမှာလည်း ယာဉ် မောင်းလိုင်စင်မရှိဘဲ လမ်းမတွေပေါ် တက်မောင်းနေကြတာပဲ ခင်ဗျ။ကဲ . . .  ဟုတ်ပါပြီ။

 
ဒီကိစ္စတွေကို ဘယ်လိုရှင်းမလဲပေါ့။ တစ်လောကတော့ ယာဉ်စည်းကမ်း ပညာပေး သင်ရိုးညွှန်းတမ်းတစ်ခုကို အခြေခံကျောင်းတွေမှာ ပြဋ္ဌာန်းဖို့ စီစဉ်မယ်ဆိုပြီး ကြားလိုက်ရသေးသဗျ။ ဒီတစ်ခုတည်းဆိုရင်တော့ မဖြစ်သင့်ဘူး လို့ ဗြတ်စာထင်တယ်ဗျ။ ဘာလို့ဆို ဗြတ်စာတို့ လူမှုဝန်းကျင်မှာ ပညာပေး ရမယ့် ကိစ္စတွေက အများကြီးဖြစ်နေ တာကိုး။ မူးယစ်ဆေးကိစ္စ၊ သက်ငယ် မုဒိမ်းကိစ္စ၊ လူကုန်ကူးကိစ္စ ..စသဖြင့် . .  . စသဖြင့် ဒီကိစ္စတွေပါ လာတော့ မှာကိုး။

 
တော်ကြာ ကျောင်းသားတွေခမျာ သင်ရမယ့်စာတွေနဲ့ စိတ်ဖိစီးမှုများနေမှ အခက်။ ဒါမှမဟုတ်..ကျူရှင်အသစ် တွေပေါ်လာနေမှ အခက်။ ဒီတစ်ခုတည်း ကိုပဲ မျက်နှာသာပေး ပြဋ္ဌာန်းဖို့တော့ မသင့်တော် ဘူးထင်တယ်ခင်ဗျ။ အားလုံး ဟာ အရေးကြီးတဲ့ ကိစ္စတွေချည်းပဲ ခင်ဗျ။
အရေးကြီးတာက စည်းမျဉ်း၊ စည်းကမ်းတွေကို လူငယ်တွေ လိုက်နာ တတ်ဖို့ပဲ ခင်ဗျ။ ဒီလိုလိုက်နာတတ် အောင်လည်း သက်ဆိုင်ရာဌာနတွေက ဘယ်သူမှ မျက်နှာသာမပေးဘဲ ဥပဒေ အတိုင်း တိတိကျကျလုပ်ဆောင်ဖို့ပဲ လိုပါသဗျ။

 
ပမာဆိုရင်  ၁၈နှစ်ပြည့်ယာဉ်မောင်း လိုင်စင်ရှိမှ မောင်းရမယ် သတ်မှတ်ထား ရင် အရည်အချင်းပြည့်မီမှ ယာဉ်မောင်း လိုင်စင် တိတိကျကျ ထုတ်ပေးတာမျိုး ဖြစ်ဖို့ပါ။ ကျောင်းသား၊ ကျောင်းသူတွေမို့ အခွင့်အရေးတစ်ခုအနေနဲ့ ဘာမှ စစ်ဆေး မေးမြန်းခြင်းမရှိဘဲ ယာဉ်မောင်းလိုင်စင် ထုတ်ပေးလိုက်တာမျိုး မဖြစ်စေဖို့ လိုပါတယ်။အဲ.. ယာဉ်မောင်းလိုင်စင် ရပြီဆို ရင်လည်း အများသူငါ အသုံးပြုနေတဲ့ လမ်းပေါ်မှာ ယာဉ်စည်းကမ်းအတိုင်း မောင်းနှင် လိုက်နာဖို့။ ဖောက်ဖျက်ရင် တိတိကျကျ အရေးယူဖို့ လိုပါသဗျ။ ဒီလိုအရေးယူရာမှာ ဆိုင်ကယ်စီး အန္တရာယ်ကာ ဦးထုပ်မဆောင်းတာကို ပညာပေးအရေးယူဖို့ တစ်ခုတည်း အာရုံမစိုက်ဘဲ အရှိန်ပြင်း မောင်းတာ၊ မြွေလိမ်မြွေကောက် မောင်းနှင် နေတာ တွေကိုပါ ထိထိရောက်ရောက် အရေးယူ နိုင်ဖို့ လိုနေပါသဗျ။

 
ဗြတ်စာတို့ ထားဝယ်မှာ ယာဉ် တိုက်မှု အဖြစ်များနေတာက ဆိုင်ကယ် တွေကို အရှိန်ပြင်းစွာ မောင်းနေကြ တာကြောင့်ပါ ခင်ဗျ။ ဒါကို မလျှော့ချ မနိုင်မချင်း ကိုရွှေရဲတွေ ဆိုင်ကယ် သရုပ်ပြစီးပြီး မြို့လုံးပတ်နေလည်း ဆီ ကုန်ရုံပဲ ရှိမဗျ။ ဆိုင်ကယ်အရှိန်ပြင်းစွာ စီးနင်းသူတွေ၊ မြွေလိမ်မြွေကောက် စတန့်ထွင်စီးသူတွေကို အရေးယူမယ်လို့ သတိပေး ပြောပြောနေသော်ငြားလည်း ဘယ်လိုနည်းစနစ်နဲ့ ဖမ်းမယ်ဆိုတာ များကော တာဝန်ရှိသူတွေ  စိတ်ကူထား သလားမသိဘူး ခင်ဗျ။

 
မီးပွိုင့်မှာ မီးနီနေတာကို ဖြတ် မောင်း တာတောင်မှ တာဝန်ကျယာဉ် ထိန်းရဲတွေ လက်ပိုက်ကြည့်နေရတဲ့ ဘ၀မို့ ဖမ်းဆီး အရေးယူမယ့် နည်းစနစ် လေးလည်း သိချင်ပါသဗျ။စီစီတီဗွီနဲ့ ဖမ်းမယ်ဆိုလည်း ဒီ စီစီ တီဗွီတွေက ဟန်ပြမဟုတ်၊ အလုပ်လုပ် လုပ်နိုင်ရဲ့လားဆိုတာကိုလည်း သုံးသပ် မိစေချင်ပါတယ် ခင်ဗျ။ စီစီတီဗွီက မှတ်တမ်းကောရပါပြီတဲ့ နံပတ်ပြားမပါ။

 

ယိုးဒယားနံပတ်ပြားတပ်။ လိုင်စင်မဲ့ ယာဉ်ဖြစ်နေပြန်ရင်လည်း ရှာရဖွေရနဲ့ အရေးယူဖို့ အရေးခက်နေဦးမှာပဲ ခင်ဗျ။
ဒီတော့ ဗြတ်စာနိဂုံးအနေနဲ့ အကြံ ပြုချင်တာက ယာဉ်တိုက်မှု အန္တရာယ် လျော့ပါးပြီး ဇမ္ဗူသီရိက ရဲဘော်များ လည်း အိပ်ရေး၀၀ အိပ်နိုင်အောင် တာဝန် ရှိသူတွေက တာဝန်သိစွာနဲ့ ယာဉ်တွေ ဝင်လာတာကအစ အသုံးပြုမှုအဆုံး အဆင့်တိုင်းမှာ  တည်ဆဲဥပဒေတွေအတိုင်း တိတိကျကျ ဘယ်သူ့မျက်နှာမှ မထောက် ဘဲ လုပ်ကိုင်ရင်ဖြင့် ထားဝယ်မြို့ရဲ့ လမ်းမတွေအပေါ်မှာ စိတ်အေးချမ်းသာ သွားလာနိုင်ကြမယ်လို့ ထင်မိကြောင်း ပါဗျာ။