သတင်းအချက်အလက် ရရှိခွင့်

0
622

အစိုးရဌာနများသို့ ပြည်သူတစ်ဦး အနေဖြင့် မိမိတို့သိလိုသော မေးခွန်းများ မေးမြန်းလျှင် ၁၀ ခုတွင် ၃ ခုလောက် တိကျသေချာစွာ သိခွင့်ရလျှင် ကံကောင်း လှသည်။လိုချင်သောအဖြေမရ၊ မတိကျလှ သည်က ထက်ဝက်နီးပါးရှိပြီး “ဖြေခွင့်မရှိပါ “၊ ” ခင်ဗျားတို့ သိခွင့်မရှိဘူး” စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ ငြင်းဆိုသည် ကလည်း မနည်းလှပေ။ ကံမကောင်းလျှင် ပြဿနာအရှာခံရမည် ဖြစ်သည်။ သတင်း မီဒီယာများသည်ပင် ဤသို့ ကြုံတွေ့ရလေ့ ရှိသည်။

ဤသို့ဖြစ်ပျက်နေခြင်းသည် အစိုးရ ဌာနများနှင့် ပြည်သူများ အကြားတွင် သာမဟုတ် အစိုးရနှင့် ပူးပေါင်းဆောင် ရွက်နေသည့် ပုဂ္ဂလိက လုပ်ငန်းများနှင့် ပြည်သူများအကြားတွင်လည်း ဖြစ်ပျက် လျက်ရှိလေသည်။ ဥပမာဆောင်ရသော် တောနယ်တစ်ခုတွင် ( BOT အရ ) ကုမ္ပဏီ တခုက လမ်းဖောက်ရန်ဟုဆိုကာ ဒေသခံ တစ်ဦး၏ ဥယျာဉ်ကို ပိုင်ရှင်အား အသိ မပေးဘဲ မြေထိုးစက်ဖြင့် ထိုး၏။ ဥယျာဉ် ပိုင်ရှင်က ကုမ္ပဏီတာဝန်ရှိသူ ဟုဆိုသော ပုဂ္ဂိုလ်အား မေးမြန်းရာ ထိုသူက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းဖြစ် ကြောင်း၊ အစိုးရ၏ ခွင့်ပြုချက်ရပြီးဖြစ်၍ အသိပေးစရာ မလိုကြောင်း မချေမငံပြော သည်။ ဆက်လက်၍ ပိုင်ရှင်မှ အစိုးရခွင့်ပြု ထားသည်ဆိုသော စာရွက်စာတမ်း အထောက်အထားများပြရန် တောင်းဆိုသည့် အခါ ခင်ဗျား သိခွင့်မရှိပါ၊ ဒါအစိုးရနဲ့ လုပ်ထားတဲ့ဟာဟု ပြောလွှတ်လိုက်သည်။

ကိုလှသည် စားသောက်ဆိုင် ဖွင့်ရန် အစိုးရဌာနတစ်ခုတွင် လိုင်စင်လျှောက် သည်၊၊ မည်သည့်အချိန်တွင် လိုင်စင် ရမည်နည်းဟု တာဝန်ရှိသူထံ မေးမြန်းရာ တစ်ပတ်ဆယ်ရက်လောက်ပေါ့ ဟူသော မတိကျသော အဖြေသာရလိုက်သည်။ ဆယ်ရက်ခန့်ကြာ၍ ဌာနကို သွားရောက် မေးမြန်းရာ တင်ပေးထားပါတယ်။ ဟိုက မကျလာသေးလို့ပါ ဟူသော အဖြေကိုသာ ရလေသည်။ ထို့အတူပင် နိုင်ငံသား စိစစ် ရေးကတ်ပြားပြုလုပ်သူများနှင့် အိမ်ထောင်စု စာရင်းပြုလုပ်သူများသည်လည်း အများ အားဖြင့် မည်သည့်အချိန်တွင် ရရှိမည်ကို တိတိကျကျ သိရရန် ခဲယဉ်းပေသည်။

အချို့သော ဌာနများ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့များနှင့်စပ်လျဉ်း၍ မေး ခွန်းထုတ်ရသည့်ကိစ္စများသည် နိုင်ငံတော် လုံခြုံရေး၊ လျှို့ဝှက်ဥပဒေ စသည်တို့ကို အကြောင်းပြ၍ အငြင်းခံရလေ့ရှိသည်။ ဤအခြေအနေသည် စစ်အစိုးရ၏ အုပ်ချုပ် မှုအောက်တွင် အခြေတည်လာခဲ့ပြီး ပြည်သူ များအနေဖြင့် သိထိုက်ပါသော်လည်း အတွင်းကျကျ သိခွင့်မရသည့် အခြေ အနေများစွာ၊ အချိန်ကုန် လူပင်ပန်း၍ လာဘ်ထိုးမှရမည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရဆဲပင်ဖြစ်သည်။ ထိုသို့ပြည်သူ များနစ်နာနေရမှုများကို ပြည်သူ့အစိုးရ တစ်ရပ်အနေဖြင့် ကုစားရန်လိုပေသည်။
ဤနေရာတွင် သတင်းအချက်အလက် ရရှိခွင့် ( Right To Information ) သည် အရေးပါလာသည်။ သတင်းအချက်အလက် ရရှိခွင့် (RTI)ဆိုသည်မှာ ပြည်သူများ အနေဖြင့် အစိုးရဌာနများမှ သတင်း အချက်အလက်များ ရယူသိရှိပိုင်ခွင့်ပင် ဖြစ်သည်။ သတင်းအချက်အလက် ရရှိခွင့်သည် ပြည်သူတိုင်းနှင့်ဆိုင်သော လူ့အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။

ဒီမိုကရေစီ စနစ်အရဆိုရင် ပြည်သူ များက ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့အစိုးရသည် သတင်းအချက် အလက်များကို ပြည်သူများကိုယ်စား ထိန်းသိမ်းပေးထားခြင်းသာဖြစ်၍ ပြည်သူ တိုင်းမှ ထိုသတင်းအချက် အလက်များကို တောင်းခံပိုင်ခွင့် ရယူပိုင် ခွင့်ရှိပေသည်။ ထို့အပြင် ပြည်သူ့ဘဏ္ဍာကို အသုံးပြု ဆောင်ရွက်သော ပုဂ္ဂလိက လုပ်ငန်း များသည်လည်း ပြည်သူများမှ သတင်း အချက်အလက်များ တောင်းခံလာလျှင် ပေးရန် တာဝန်ရှိပေသည်။

ဒီမိုကရေစီ စနစ်ကျင့်သုံးသော နိုင်ငံအများ စုတွင် RTI ကို ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်း ကျင့်သုံး ကြသည်။ အာရှတွင် အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ထိုင်း စသောနိုင်ငံများနှင့် အင်္ဂလန်၊ အမေရိကန်၊ မက္ကစီကို ကနေဒါ၊ ယူဂန်ဒါ၊ ချီလီ၊ ဟန်ဂေရီ စသော နိုင်ငံများတွင် RTI ဥပဒေကို ပြဋ္ဌာန်းကျင့် သုံး ကြသည်။
အဆိုပါ RTI ဥပဒေကို ကျင့်သုံးရ သည့် ယေဘုယျ ဦးတည်ချက် ၃ ချက် ရှိ သည်။ ပထမအချက်မှာ အစိုးရ၏ မူဝါဒ ချမှတ်ရာတွင် ပြည်သူတို့၏ပါဝင်မှု တိုး တက်လာစေရန် ဖြစ်သည်။ ဒုတိယ အချက်မှာ အစိုးရ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှု ပိုမိုတိုးတက် စေရန် ဖြစ်ပြီး တတိယအချက်မှာ အစိုးရဝန်ထမ်း များ၏ အကျင့်ပျက်ခြစားမှု၊ သယံဇာတ အရင်းအမြစ်များ စီမံခန့်ခွဲရာတွင် အလေ လွင့်ဖြစ်မှုများကို လျှော့ချရန် ဖြစ်သည်။
ဤဥပဒေကို ပြဋ္ဌာန်းကျင့်သုံးနေသည့် နိုင်ငံအများစုတွင် ဤဥပဒေကြောင့် ရရှိလာသည့် အကျိုးကျေးဇူး ၇ ခုခန့် ရှိသည်။

နံပါတ်(၁)
အကျင့်ပျက်ခြစားမှုကို လျှော့ချ နိုင်ခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ပြည်သူတစ်ဦးသည် လိုင်စင်လျှောက်ရာတွင် လုပ်ဆောင်ရမည့် အချက်များ၊ ဆောင်ရမည့်အခွန်များနှင့် မည်သည့်နေ့ရက်တွင် ရရှိမည် စသည်ကို တိကျစွာ သိရှိခွင့်ရထားပါက ဝန်ထမ်းများ လာဘ်ငွေယူသည် မယူသည်ကို ချက်ချင်း သိရှိတုံ့ပြန် နိုင်မည်ဖြစ်သည်။

နံပါတ်(၂)
အစိုးရနှင့်ပြည်သူလူထု ပူးပေါင်း ဆောင် ရွက်မှုတိုးလာခြင်း ဖြစ်သည်။
ပြည်သူများ၏ ဘ၀များအပေါ် သက်ရောက်မှုရှိမည့် ဆုံးဖြတ်ချက် ချမှတ်ခြင်းများတွင် ပြည်သူတစ်ဦးချင်း စီအလိုက် ထိရောက်စွာပါဝင်နိုင်မှုသည် ဒီမိုကရေစီကို ပိုမိုအားကောင်းစေမည် ဖြစ်သည်။

နံပါတ်(၃)

အစိုးရ၏ တာဝန်ယူမှု၊တာဝန်ခံမှု တိုးတက်စေရန် တွန်းအားပေးနိုင်ခြင်း ဖြစ် သည်။
ပြည်သူများအနေဖြင့် အစိုးရထံမှ သတင်းအချက်အလက်များ ရရှိထားပါက အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် ပွင့်လင်းစွာ မေးခွန်းထုတ်ခြင်း၊ ဝေဖန် ထောက်ပြခြင်းများ ပြုလုပ်နိုင်ပေမည်။

နံပါတ်(၄)
ဂုဏ်သိက္ခာပိုင်းဆိုင်ရာနှင့် တစ်ဦးချင်း စီအတွက်အကျိုးကျေးဇူးများ ပိုမိုရရှိလာ ခြင်းဖြစ်သည်။
ဥပမာအားဖြင့် အိန္ဒိယတွင် နိုင်ငံသား တဦးသည် လိုင်စင်တစ်ခုသွားလျှောက်သည် ဆိုလျှင် RTI ဥပဒေအရ အဆိုပါလိုင်စင် နှင့်ပက်သက်သော မိမိသိလိုသည့် အသေး စိတ် သတင်းအချက်အလက်များ (မည်သည့် အချိန်တွင်ရမည် စသည်ဖြင့်) အစိုးရထံမှ တောင်းယူခွင့် ရှိသည်။ ထို့ကြောင့် ယင်းဥပဒေသည် နိုင်ငံသားတိုင်း အတွက် အထောက်အကူကျေးဇူး ပြုလေ သည်။ ဤဥပဒေအရ အစိုးရ၏ မည်သည့်ဌာန မည်သည့်အကြောင်းကို ဖြစ်စေ ပြည်သူက သိလို၍ သတင်း အချက်အလက် တောင်းခံလာလျှင် သက် ဆိုင်ရာဌာန တာဝန်ရှိသူက ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခွင့် လုံးဝ မရှိပေ။

နံပါတ်(၅)
သတင်းအချက်အလက်များ သိရှိနေ ခြင်းကြောင့် စီးပွားရေး လုပ်ငန်းများအတွက် ပိုမိုအထောက်အကူပြု လာနိုင်ခြင်းဖြစ်သည်။
အစိုးရဌာနများတွင် စီးပွားရေး လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေသည့် သတင်းအချက်အလက် များစွာ ထိန်းသိမ်းထားပေသည်။ ဥပမာ အားဖြင့် တင်ဒါခေါ်ယူခြင်း၊ ကန်ထရိုက်၊ြဥွှ၊ လုပ်ငန်းလိုင်စင်ချပေးခြင်း၊ ယှဉ်ပြိုင် လုပ်ကိုင်စေခြင်း များအတွက် တိကျသော သတင်းအချက်အလက်များ သိရှိနေရန် လို သည်။

နံပါတ်(၆)
လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျှော့ချပေးနိုင်ခြင်းဖြစ်သည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အများအားဖြင့် ပြည်သူအများမသိရှိ၊ လျှို့ဝှက်သည့်နေရာများတွင် ဖြစ်ပွားလေ့ ရှိသည်။ ဥပမာ အကျဉ်းဦးစီးဌာနမှ အကျဉ်း သားများအပေါ် မည်သို့ ဆောင်ရွက်ပေး ရမည်ကို ပြည်သူများမှ တိကျစွာ သိရှိခွင့် ရှိနေပါက ထောင်အာဏာပိုင်များ လူ့အခွင့် ရေးချိုး ဖောက်မဖောက် သိနိုင်ပေမည်။ အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် သတင်းအချက်အလက် တောင်းယူရာတွင် အစိုးရသည် မည်သည့် အကြောင်းပြချက်မျှ မပေးဘဲ ခြွင်းချက်မရှိ ထုတ်ပေးရမည် ဖြစ်သည်။

နံပါတ်(၇)
ပွင့်လင်းမြင်သာမှုကြောင့် ပြည်သူများ ၏ ပူးပေါင်းပါဝင်မှု၊ ဖွံ့ဖြိုးရေးဆောင်ရွက် ချက်များအပေါ် ကိုယ်ပိုင်အဖြစ် ခံယူမှု (သတညနမျ့ငစ) များတိုးလာနိုင်ပြီး ကောင်းမွန်သည့်ဖွံဖြိုးတိုးတက်မှု ပိုမိုရရှိ လာခြင်း ဖြစ်သည်။ဥပမာ ရွာ၏ စာသင်ကျောင်းကို အစိုး ရမှ ရွာသားများနှင့်ပူးပေါင်းဆောင်ရွက်၍ ပွင့်လင်းမြင်သာစွာ အလေအလွင့်မရှိတည် ဆောက်ပေးနိုင်ခဲ့ပါက ရွာသားများ၏ စိတ်ဆန္ဒတွင် မိမိတို့ ကျောင်းဟူသော ခံစားမှုမျိုးရှိလာပြီး ပိုမိုအကျိုးပြုလာကြခြင်း ဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံတွင်မူ အဆိုပါ RTI ဥပဒေအား ရေးဆွဲရန် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများက ကြိုးပမ်းလျက်ရှိပါ သည်။
ဤဥပဒေကို ကျင့်သုံးနိုင်ရန် အစိုး ရဌာနပိုင်းတွင် ပြင်ဆင်မှုများစွာ ပြုလုပ် ရမည်ဖြစ်သည်။ ပြည်သူလူထု သိရှိ လိုသည့် သတင်းအချက်အလက်ကို အဆင် ပြေလွယ်ကူစွာ ပေးနိုင်ရန် အစိုးရဌာနများ၌ ယန္တရား စနစ်မရှိသေးချေ။ သတင်းအချက် အလက် အများစုမှာ စာရွက်များဖြင့် မှတ် တမ်းတင်ထားခြင်းသာဖြစ်၍ ရှာဖွေရန် ခက်ခဲသည့် အနေအထားမျိုး ကြုံရနိုင်သည်။

ဥပမာ လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်မှ အချက်အလက်များကို ပြည်သူတစ်ဦးမှ တောင်းခံလာပါက ရှာဖွေပေးရန်မှာ မလွယ် ကူလှချေ။ ထို့ကြောင့် အဆိုပါ မှတ်တမ်း မှတ်ရာများကိုလည်း ကွန်ပျူတာ စနစ်ဖြင့် စနစ်တကျ မှတ်တမ်းတင်နိုင်အောင် ကြိုး ပမ်းရပေမည်။ သို့မှသာ သိလိုသော သတင်းအချက်အလက်ကို တိကျမြန်ဆန်စွာ ထုတ်ပေးနိုင်မည် ဖြစ်သည်။ ဥပဒေပိုင်းဆိုင် ရာ သဘောတရားအရမူ အဆိုပါ RTI ဥပဒေသည် အခြားလျှို့ဝှက် ဥပဒေများ ကို လွှမ်းမိုးရမည့်သဘော ရှိသည်။

အစိုးရသည် နိုင်ငံတော်လုံခြုံရေးနှင့် လျှို့ဝှက် ဥပဒေများကို အကြောင်းပြကာ ပြည်သူများကို သတင်းအချက်အလက် မပေးကြချေ။ RTI ဥပဒေတွင် မူ အဓိက အားဖြင့် ပြည်သူများ သတင်းအချက် အလက် ရရှိပိုင်ခွင့်အတွက် အဆင်ပြေ လွယ်ကူသော လုပ်ထုံးလုပ်နည်းများ၊ မထုတ်ပြန်ပေးနိုင်သော သတင်းအချက် အလက် အသေးစိတ်စာရင်းနှင့် ယင်း အတွက် ခိုင်လုံသော အကြောင်းပြချက်များ၊ တောင်းဆိုထားသည့် သတင်းအချက် အလက်ကို ထုတ်ပေးရမည့် အချိန်ကန့်သတ်ချက် (. . . . . .ရက် အတွင်းထုတ်ပေးရန်)၊ သတင်းအချက် အလက်တောင်းဆိုသူကို အဟန့်အတား ပြုသောဝန်ထမ်းကို အရေးယူနိုင်မည့် အချက်များ၊ တောင်းဆိုသည့် သတင်း အချက်အလက်ကိုထုတ်ပေးရန် ငြင်းဆို ခံရပါက တောင်းဆိုသူမှ အယူခံဝင်နိုင်မည့် လွတ်လပ်သော အဖွဲ့အစည်း (အဆိုပါ ကိစ္စအား စုံစမ်းစစ်ဆေးနိုင်၊ ဆုံးဖြတ်ချက် ချနိုင်သော အဖွဲ့အစည်းမျိုး)နှင့် ဌာနတိုင်း တွင် ပြည်သူများကို သတင်းအချက်အလက် တာဝန်ခံပြန်ကြားပေးမည့် ဝန်ထမ်းများ ထားရှိခြင်း စသည်တို့ ပါဝင်လာနိုင်ပေ သည်။

ယနေ့အချိန်တွင် ကျွန်ုပ်တို့နိုင်ငံသည် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးလျက်ရှိသည်။ သို့သော် အားနည်းချက် များစွာရှိနေသေး သည်ကို လက်ခံရပေမည်။ နှစ်ပေါင်းများစွာ ယိုယွင်းနေခဲ့သော နိုင်ငံတော်၏ အုပ်ချုပ် ရေးစနစ်ကြီးကို ကုစားရန် ယနေ့ပြည်သူ့ အစိုးရသည် အားသွန်ခွန်စိုက် ကြိုးစားနေ သည်ကို တွေ့မြင်ရပါသည်။ သို့သော် သတင်းအချက်အလက် အများစုမှာ အစိုးရမှ ထိန်းချုပ်ထားဆဲဖြစ်ပြီး အကျင့် ပျက်ခြစားမှုများလည်း အချို့နေရာများတွင် ရှိဆဲပင်ဖြစ်ပါသည်။ ဤ ချို့ယွင်းချက်များ၊ အားနည်းချက် များကိုကုစားရန်နှင့် ဒီမို ကရေစီ ပိုမိုခိုင်မာအားကောင်းလာရန် သတင်းအချက်အလက် ရရှိခွင့်ဥပဒေသည် အထောက်အပံ့ပြုမည်ဟု ယုံကြည်မိပါ သည်။