သတ္တုမိုင်း ယမ်းပေါက်ကွဲမှုတွင် ဒဏ်ရာရသည့် အလုပ်သမားအတွက် နစ်နာကြေးငွေရရန် တိုင်းအစိုးရထံ တိုင်ကြား

0
369

ထားဝယ်မြို့နယ် ဘ၀ပင်ရွာရှိ ထားဝယ်မြေ သတ္တုလုပ်ကွက်တွင် ယမ်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည့် အလုပ်သမားအတွက် နစ်နာကြေး ငွေကျပ် ၇၂ သိန်း ရရှိရန် ကုမ္ပဏီနှင့် ညှိနှိုင်းမှု အဆင်မပြေသည့် အတွက် ညှိနှိုင်း အရေးယူပေးရန် တိုင်းအစိုးရထံ ဒီဇင်ဘာ လ ၂၂ ရက်က စာပို့တိုင်ကြားထားကြောင်း တိုင်ကြားသူ ကျေးရွာမိုင်း စောင့်ကြည့် ရေးအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားကို ထားဝယ်ဆေးရုံကြီးတွင် ၂၅ ရက်ကြာ ဆေးဝါးကုသပြီးနောက် လက်ရှိအချိန် တွင် ဆေးရုံမှ ဆင်းသွားပြီဖြစ်သော်လည်း ရန်ကုန်မြို့တွင် ထပ်မံကုသရန်နှင့် ပြန် လည် အလုပ်လုပ်ရန်အတွက် အချိန်ယူ ရန် လိုအပ်သည့်အတွက် တစ်လလျှင် ငွေကျပ်၂ သိန်းနှုန်း (ကုမ္ပဏီတွင် အလုပ် လုပ်စဉ်က ရရှိ သည့် လစာငွေ) ဖြင့် ၃ နှစ်စာ ၇၂ သိန်းတောင်းခံခြင်းဖြစ် ကြောင်း တိုင်ကြားသူ ကျေးရွာမိုင်း စောင့် ကြည့်ရေး အဖွဲ့ဝင် ဒေါ်ကြည်ကြည်ဆွေ က ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်က ဘ၀ပင်ရွာရှိ ထားဝယ်မြေ သတ္တု တူးဖော်ရေး ကုမ္ပဏီတွင် ယမ်းကြိတ်ရာမှ မီးလောင်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယမ်းကြိတ်အလုပ်သမားဖြစ်သူ ၁၆ နှစ် အရွယ် အမျိုးသားတွင် မီးလောင်ဒဏ်ရာ များရရှိကာ ဆေးရုံကိုတင်ပို့ ကုသခဲ့ရ ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။ယမ်းကြိတ်နေစဉ် မီးလောင်မှု ဖြစ် ပွားသဖြင့် အလုပ်သမားသည် မီးလောင် ဒဏ်ရာဖြင့် ပြေးထွက်ပြီးနောက် အချိန် အနည်းငယ်အကြာတွင် ပေါက်ကွဲခဲ့ ကြောင်း ဒေါ်ကြည်ကြည်ဆွေက ရှင်းပြသည်။

နစ်နာကြေးနှင့်ပတ်သက်၍ ကျေးရွာ သတ္တုမိုင်း စောင့်ကြည့်ရေးအဖွဲ့၊ ကုမ္ပဏီ တာဝန်ရှိသူနှင့် ရပ်^ကျေး အုပ်ချုပ်ရေး မှူး တို့ ဒီဇင်ဘာလအတွင်း နှစ်ကြိမ်တိုင် ဆွေးနွေးခဲ့ပြီး အဆင်မပြေသဖြင့် တိုင်း ဒေသကြီး သယံဇာတနှင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးထံ ယင်းကဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။” အဓိက ကတော့ ထိုက်သင့်တဲ့ နစ်နာကြေး ရရှိစေချင်လို့ပါ၊ စောင့် ကြည့်ရေး အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ဝန်ကြီးထံ တင်ပြတာ” ဟု တိုင်ကြားသူ ဒေါ်ကြည်ကြည်ဆွေက ဆိုသည်။

နစ်နာကြေးအတွက် ညှိနှိုင်းရာတွင် ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားဘက်က ၃ နှစ်စာအတွက် ၇၂ သိန်း တောင်းခံရာ ကုမ္ပဏီ တာဝန်ရှိသူက ၁၅ သိန်းသာ ပေးနိုင်မည်ဟု ဆိုကြောင်း၎င်းက ပြောသည်။ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားကို ဆေးရုံတွင် ၂၅ ရက်ကြာ ဆေးကုသမှု ခံယူနေစဉ်အတွင်း ကုမ္ပဏီဘက်က ဆေးကု သစရိတ်အဖြစ် ငွေကျပ် ၉၆၀၀၀၀ ထောက်ပံ့ပေးကြောင်း တိုင်ကြားစာအရ သိရသည်။

အဆိုပါ ကိစ္စကို မေးမြန်နိုင်ရန် တနင်္သာရီအပတ်စဉ်က ထားဝယ်မြေ သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာထံ ဖုန်းဖြင့် ဆက် သွယ်မေးမြန်းရာ ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းခွင့် မရခဲ့ပေ။