ဘုတ်ပြင်းပင်လယ်ပြင်အတွင်း မူးယစ်ဆေးလှေ ဖမ်းမိ

0
456

ကက်တမင်း အဖြူရောင် အထုပ် မူးယစ်ဆေးဝါးများပါဝင်သော လှေတစ်စီးကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၆ နာရီအချိန်ခန့်က ဘုတ်ပြင်းမြို့နယ်ပိုင် ပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့နယ် ရဲစခန်း မှ သိရသည်။

ဘုတ်ပြင်းမြို့နယ်ပိုင် အနောက်စူလာကျွန်း အနောက်မြောက်ဘက် ၅ မိုင်ကျော်အကွာတွင် ကျေးဇူးတော် ၁၂ စက်လှေအမည်ရှိ စိမ်ပိုက်ငါးဖမ်းစက်လှေပေါ်မှ မူးယစ်ဆေးများ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

TIE GUAN YIN နှင့် China tea စာတန်းပါ ပလပ်စတစ်အိတ်နှစ်ထပ်ဖြင့် ထုတ်ပိုးထားသော အထုတ် အဖြူရောင်အမှုန့် ၉၄၀ ထုတ်နှင့် လှေပေါ်ပါ လူ ၁၁ ဦးအား စစ်ရေယာဉ်တစ်စီးက ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့နယ် ရဲစခန်း ရဲအရာရှိတစ်ဦးထံမှ သိရသည်။ ယင်းဆေးဝါး တစ်ထုတ်လျှင် ၁ ကီလ်ုဂရမ် အလေးချိန်ရှိကြောင်း သိရသည်။

ပေါက်ဈေးအရ ယင်းဆေး တစ်ကီလိုဂရမ်လျှင် ကျပ်သန်း ၂၀ ခန့် ရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

စက်လှေပေါ်ပါ လူများ၏ထွက်ဆိုချက်အရ ပစ္စည်းပိုင်ရှင်မှာ ဖျာပုံမြို့နေထိုင်သူဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့က စတင်ထွက်ခွာလာကာ ထိုင်းမှ ပစ္စည်းလာရောက်သယ်ယူမည့် စက်လှေနှင့် ချိတ်ဆက်ထားကြောင်း မြိတ်ရဲစခန်းမှတ်တမ်းအရ သိရသည်။

ဖျာပုံမြို့နေ ပစ္စည်းပိုင်ရှင်ဆိုသူနှင့် ကိုယ်စားလှယ်ဆိုသူ နှစ်ဦးတို့အား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ဖမ်းမိစက်လှေသည် ဒီဇင်ဘာ ၁၇ ရက်နေ့ ညပိုင်းတွင် မြိတ်ဆိပ်ကမ်းသို့ဝင်ရောက်ခဲ့ပြီး မူးယစ်ဆေးဝါးအမျိုးအစားကို စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ကြောင်း မြိတ်မြို့နယ်ရဲစခန်းထံမှ သိရသည်။