ကျူးကျော်ကိစ္စ ကိုင်တွယ်ရေး တနင်္သာရီအစိုးရ အသင့်

0
470

တနင်္သာရီတိုင်းအတွင်း ကျူးကျော် နေထိုင်သူများအရေး ကိုင်တွယ်ရန် အသင့်ရှိကြောင်း တနင်္သာရီ ဝန်ကြီးချုပ် က ပြောကြားလိုက်သည်။
တနင်္သာရီတိုင်းရှိ နေရာအချို့တွင် ရွှေ့ပြောင်းလုပ်သားများ ပိုမိုများပြား လာပြီး ကျူးကျော်နေထိုင်သူ များပြား လာချိန်တွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။


တနင်္သာရီအပတ်စဉ်မှ စုံစမ်း မေးမြန်းမှုများအရ မောင်းမကန်၊ မြိတ် မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ကျူးကျော်နေထိုင်သူ ပိုမိုများပြားလာ သည်။ရန်ကုန်ကဲ့သို့သော မြို့ကြီးများ တွင် ဖြစ်ပွားနေသကဲ့သို့ ကျူးကျော်များ ဂိုဏ်းဂဏ ဖွဲ့လာစေခြင်းမရှိရန် တိုင်း အစိုးရအနေဖြင့် အမြဲတမ်း သတိကြီးစွာ စောင့်ကြည့်နေပြီး အချိန်ကြာလာပါက ကင်ဆာရောဂါကဲ့သို့ ပိုဆိုးလာနိုင်သည့် အတွက် အချိန်မီ ကုသရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

 
” အဖိုးနည်း အိမ်ယာ လုပ်ပေး မလား၊ တစ်လကို သုံးသောင်းသွင်း နှစ်သောင်းသွင်း လုပ်ပေးမလား၊ ဒါမှ မဟုတ် အငှားအိမ်ယာစနစ်နဲ့ လုပ်ပေး မလား”  ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့ မော်က ပြောသည်။

 
” ဒီမေးခွန်းတွေရဲ့ အဖြေက ငွေပဲ၊ ငွေမရှိဘဲနဲ့ ဘာမှ လုပ်ပေးလို့ မရဘူး” လက်ရှိ အနေအထားတွင် တိုင်း အတွင်း အခြားမြို့များထက် မြိတ်မြို့ နယ်တွင် ကျူးပြဿနာ ပိုမိုများပြားလာ ပြီး တိုင်းအစိုးရတွင် ဖွံဖြိုးရေး လုပ်ငန်း အတွက်ပင် ငွေကြေးလုံလောက်မှု မရှိ သည့်အတွက် ကျူးကျော် ပြဿနာအား မဖြေရှင်းနိုင်သေးဟု ၎င်းက ဆိုသည်။လမ်းဘေးနှင့်နီးရာ နေရာများတွင် မြေလက်ဦးမှု ရယူလိုသူများနှင့် နေထိုင် စရာ ကိုယ်ပိုင်မြေမရှိသဖြင့် နီးစပ်ရာ မြေပေါ်တွင် အိမ်ဆောက်နေထိုင်လေ့ ရှိသည့် ကျူးကျော်အရေး ဖြေရှင်း  ရန် ဘဏ္ဍာငွေမရှိသေးသည့်အတွက်  လာမည့်နှစ်မှ စဉ်းစားနိုင်မည်ထင် ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
တနင်္သာရီတိုင်းအတွင်း နေရာအနှံ့ အပြားတွင် ကျူးကျော် နေထိုင်သူများ ရှိလာပြီး အများစုမှာ မြန်မာနိုင်ငံအထက် ပိုင်းမှ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လာလုပ်ရင်း အခြေချနေထိုင် သူများ ဖြစ်သည်။

 
”  ဘုတ်ပြင်း မြို့နယ်ထဲမှာတော့ ကျူးကျော် အများဆုံး နှစ်ရာကျော် လောက် ရှိမယ်။ ကျူးကျော်တာကတော့ နည်းအမျိုးမျိုးပါပဲ ” ဟု ဘုတ်ပြင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးဆွေမြင့် (ခ)  မန်းဆွေမြင့်က ပြောသည်။လုပ်ငန်းရှင်များ လုပ်ပိုင်ခွင့်ရသည့် စီမံကိန်း ဧရိယာတွင် ကျူးကျော်နေထိုင် ခြင်း၊ ဒေသခံများ၏ ဥယျာဉ်ခြံမြေတွင် ကျူးကျော်နေထိုင်ခြင်း၊ ကုမ္ပဏီ သစ်တော မြေကို ကျူးကျော်ခြင်း စသည်ဖြင့် နည်း အမျိုးမျိုးဖြင့် ကျူးကျော်နေမှုများရှိပြီး ကျူးကျော် အများစုမှာ ဒေသခံများဖြစ် သည်ဟု ဦးဆွေမြင့်က ဆိုသည်။

 
”  ကရသူရိမြို့နယ်က ရွှေမြယာမှာ ဆိုရင် အိမ်ခြေ ၂၀ ကျော်လောက် ရှိတယ်။ လုပ်ငန်းရှင်တစ်ယောက်ရဲ့ မြေကို ကျူး ကျော်နေထိုင်တာ။ တိုင်းအစိုးရက မြေ အစားထိုးပေးဖို့ ကြိုးစားဖူးတယ်။ လက် မခံဘူး။ လမ်းနံဘေးမှာပဲ နေချင်ကြ တယ် ” ဟု ၎င်းက ဆိုသည်။
ယင်းကျူးကျော် အိမ်ခြေ ၂၀ ကျော် တွင် အများစုမှာ ဒေသခံများ မဟုတ်ဘဲ ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်သည်ဟု တိုင်းလွှတ်တော်၏ တိုင်းရင်းသားလူမျိုး အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးဆွေမြင့်က ပြောသည်။
ကျူးကျော် များပြားလာသော နောက်ထပ်နေရာမှာ မောင်းမကန် ဖြစ်သည်။

 
နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး နောက်ပိုင်း ဆွေမျိုးများရှိသည့် မောင်းမကန်သို့ ရွှေ့ပြောင်း လာကြသူများက စားသောက် ဆိုင်၊ ဓာတ်ပုံဆိုင်ဖွင့်ခြင်း၊ ခရုကောက် ခြင်းစသဖြင့် လုပ်ကိုင်စားသောက်ကြ ရင်း ခြေကုတ်    နေထိုင်လာကြကြောင်း    လောင်းလုံးမြို့နယ်၊ မောင်းမကန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဆိုသည်။ ” ကမ်းခြေတစ်တန်းလုံးပဲ၊ ကမ်း ခြေနားက တပ်သိမ်းမြေတွေမှာ ဝင်ကျူး ကျော် နေထိုင်ကြတယ်။ အိမ်ခြေ ၁၀၀ ကျော်တယ် ”  ဟု ဦးသန်းနိုင်က ပြောသည်။

 
ရွှေ့ပြောင်း အလုပ်သမားများတွင် ဝင်ငွေ အလယ်လတ်ရှိသူများက ရပ်ကွက် အတွင်း အိမ်ငှား နေထိုင်ကြသည်။
လုပ်ငန်း အဆင်မပြေသည့် အလုပ် သမား မိသားစုများမှာ လယ်ကွင်း၊ မီးရထားဘူတာရုံ အနီးတဝိုက်ကဲ့သို့ နေရာများတွင် ကျူးကျော်နေထိုင်မှု အချို့ရှိကြောင်း ထားဝယ်မြို့ ကြက်စား ပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။ ”  မိုးရာသီဆို နည်းနေသေးတယ်၊ စပါးရိတ်သိမ်းတဲ့ အချိန်တွေမျိုးဆို ကျူးကျော်နေထိုင်သူတွေ ပိုများလာကြ တယ် ”  ဟု ကြက်စားပြင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။

 
အဆိုပါ ကျူးကျော်ပြဿနာ ဖြေ ရှင်းနိုင်ရန် လာမည့်နှစ်များတွင် ဘတ် ဂျက်တင် သွားရန်ရှိပြီး အတတ်နိုင်ဆုံး နှင့် အသက်သာဆုံး စဉ်းစားရမည်ဖြစ် ကာ ကျူးကျော်သူများကို သေချာစွာ စိစစ်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် အားလုံးနီးပါးတွင် ကျူးကျော် နေထိုင်သူ များရှိပြီး အမှန်တကယ် နေစရာမရှိသူ များအပြင် စီးပွားဖြစ် ကျူးကျော်သူများ ပါရှိလာသည်။
အချို့နေရာများတွင် လပိုင်း အတွင်း မြို့တော်သဖွယ် ဖြစ်လာသည်။ရန်ကုန်တွင် ကျူးကျော် နေထိုင် သူများအား စိစစ်၍မြေနေရာ အစားထိုး ပြန်လည်ချထားပေးမည်ဟု သတင်း ထွက်ပြီး နောက်ပိုင်းတွင် ကျူးကျော် သူများ ယခင်ထက် ပိုမိုတိုးလာခဲ့သည်။တနင်္သာရီတွင်လည်း ထိုသို့ကြုံ လာနိုင်သည်။
”  မြေနေရာရပြီ၊ စီးပွားရေး အခွင့် အလမ်းကောင်းပြီဆို သူတို့နဲ့ ပတ်သက် ရာ ပတ်သက်ရာတွေက ထပ်လာကြ တော့မှာ။ အစိုးရ ဖြေရှင်းရ တော်တော် ခက်ခဲပါလိမ့်မယ် ” ဟု မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောသည်။
”  တစ်ချိန်ကျရင် တော်တော် အခြေအနေ ဆိုးလာဖို့ ရှိတယ် “