ဘက ကျောင်းနှင့် ကျောက်ထုတ်လုပ်ငန်း မြေနေရာ အငြင်းပွား

0
393

မြိတ်မြို့နယ် ကျွဲကူးကျေးရွာတွင် ကျောက်ထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် နှင့် ရတနာအောင်ဘုန်းတော်ကြီးသင် စာသင်ကျောင်း ဆရာတော်တို့ မြေပိုင် ဆိုင်မှု အငြင်းပွားမှု ဖြစ်နေကြောင်း ယင်း ကာယကံရှင်တို့မှ သိရသည်။


ယင်း ဘုန်းတော်ကြီးကျောင်းသည် ၂၀၀၈ ခုနှစ် စတင်တည်ဆောက်ခဲ့စဉ်က သာသနာပိုင်မြေ ၄.၈ ဧကရှိပြီး ကျောက် လုပ်ငန်းရှင်မှ မြေယာများကို အိမ်ယာ မြေများအဖြစ် ဖော်ထုတ်ရောင်းချခဲ့သဖြင့် လက်ရှိတွင် ၃.၈၂ ဧကသာရှိတော့ကြောင်း ယင်းကျောင်း ဆရာတော် ဦးစန္ဒာဘာသ က မိန့်ကြားသည်။ကျောက်ထုတ်လုပ်ငန်းရှင် ဦးလှိုင် ချမ်းကမူ အဆိုပါ ဘုန်းကြီးကျောင်း မြေနေရာ အပါအဝင်တောင်ခြေရှိ ကျောက်ထုတ်လုပ်ငန်း ဧရိယာမှာ ဘိုး ဘွားအစဉ်အဆက် ပိုင်ဆိုင်လာခဲ့သည့် နေရာများဖြစ်ကြောင်း ပြောသည်။

 
” ဘုန်းကြီးကျောင်းက ကျူးကျော် ပြီး ဆောက်လုပ်ထားတာပါ။ လှူဒါန်း ထားတာလည်း မရှိပါဘူး” ဟု ဦးလှိုင် ချမ်းက ပြောပြသည်။
ထို့ကြောင့် ကျူးကျော်ဆောက်လုပ် ထားသည့် ဘုန်းတော်ကြီးကျောင်း ကိစ္စ အား ဖြေရှင်းပေးပါရန် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံ သို့ စက်တင်ဘာလ ၂၀ ရက်က တင်ပြ လျှောက်ထားပြီးဖြစ်ကြောင်း ကျောက် လုပ်ငန်းရှင် ဦးလှိုင်ချမ်းက ပြောသည်။

 
ဘကကျောင်းဘက်မှလည်း ကျောက်ထုတ်လုပ်ငန်းကြောင့် ထိခိုက် ပျက်စီးမှုများရှိနေဟုဆိုကာ ကျောက် ထုတ်လုပ်ငန်းများ ရပ်နားပေးနိုင်ရန် ယခုလအတွင်း တနင်္သာရီတိုင်းဒေသ ကြီးဝန်ကြီးချုပ်ထံ တင်ပြသွားမည်ဟု ယင်းကျောင်း ဂေါပကအဖွဲ့ဝင် ဦးဝင်း သိန်းက ပြောပြသည်။အဆိုပါ ဘကကျောင်းတွင် ကျောင်းသူ /သား ၆၄ ဦးနှင့် ဆရာ /  ဆရာမ ၃ ဦး ရှိကြောင်း ယင်းကျောင်းမှ သိရသည်။