နေရပ် စွန့်ခွာသူများအတွက် ပလောက်တွင်ဆောက်ရန် ကျန်သည့်အိမ် ဆက်မဆောက်ရန် တိုင်းအစိုးရ တားမြစ်

0
411

လုံခြုံရေးကြောင့်ဟုဆိုကာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် အခြေချနေထိုင်ရေးအတွက် ဆောက် လုပ်နေသည့် တန်ဖိုးနည်းအိမ်ရာ ၄၀၀ အနက် ပလောက်မြို့တွင် ဆောက် လုပ်နေသည့် အိမ်အလုံး ၁၀၀ကို မဆောက်ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တားမြစ်ထားကြောင်း တိုင်းအစိုးရအဖွဲ့ နှင့် တပ်မဟာ ၄ ကေအင်န်ယူ မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတို့မှ သိရ သည်။


တနင်္သာရီမြို့နယ်၊ မေတ္တာမြို့၊ ထားဝယ်မြို့နယ်နှင့် ပလောက်မြို့ တို့ တွင် ဂျပန်နိုင်ငံ၏ နိပွန်ဖောင်ဒေးရှင်း အစီအစဉ်ဖြင့် တန်ဖိုးနည်းအိမ် အလုံး ၁၀၀ စီ စုစုပေါင်း ၄၀၀ကို တည်ဆောက် လုပ်လျက်သည်။ပလောက်မြို့၊ တောင်နီရွာတွင် ဆောက်လုပ်နေသည့် အိမ်အလုံး ၁၀၀ ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စ ကို အကြောင်းပြကာ တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မဟာ ၄ ကေအင်န် ယူ မြိတ်-ထားဝယ် ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံ ပဒိုစောဝင်းခိုင်က ပြော သည်။

 
“ဆောက်နေတာက အားလုံး ၃၀ ရာခိုင်နှုန်းကျော်လောက် ပြီးနေပြီလေ။ အခုက ဆက်ဆောက်ဖို့ အခွင့်အရေး မရတော့ဘူး” ဟု ပဒိုစောဝင်းခိုင်က ပြောသည်။ယင်းသို့အကြောင်းပြချက်ဖြင့် တားမြစ်သော်လည်း နေရပ်စွန့်ခွာသူများ အနေဖြင့် ကိုယ်ပိုင်အစီအစဉ်ဖြင့် ပြန် လည်နေထိုင်က နေထိုင်နိုင်သည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောဆိုခဲ့ သည်ဟု ၎င်းက ပြောသည်။
” အဲဒီရွာက ခွင့်ပြုထားတဲ့အထဲ မပါပါဘူး။ အဲဒါကြောင့် တိုင်းဒေသ ကြီးအစိုးရအနေနဲ့ တားလိုက်တာပါ”  ဟု တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်း အောင်က ပြောသည်။
ပြည်ထောင်စုအစိုးရမှ ခွင့်ပြုထား သည့်ရွာ ၄ ရွာတွင် တောင်နီရွာမပါဝင် သောကြောင့် ယင်းရွာတွင် အိမ်ရာ ဆောက်လုပ်နေမှုကို အချိန်မီ တားမြစ် ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။တားမြစ်လိုက်သည့် နေအိမ်တစ်ရာ ကို ခွင့်ပြုထားသည့်နေရာများတွင် ဆောက်ခွင့်ရှိကြောင်း ဦးသိန်းအောင်က ပြောသည်။ခွင့်ပြုထားသည့် ရွာ ၄ ရွာတွင် တစ်ရွာမှာ ဒေသခံများ၏ ဥယျာဉ်ခြံ မြေများနှင့် မလွတ်ကင်းသည့် အတွက် အစိုးရအဖွဲ့သို့ပြန်လည်တင်ပြကာ တောင်နီရွာတွင် တည်ဆောက်ခြင်းဖြစ် သည်ဟု ပဒိုစောဝင်းခိုင်က ပြောသည်။
” အခုလိုမျိုးဖြစ်သွားတော့ အခု ဆောက်တဲ့ အိမ် ၃၀၀ က နောက်ဆုံးပဲ ဖြစ်မယ်လို့ နီပွန်ဘက်က ပြောတယ်”  ဟု ၎င်းကဆိုသည်။
ယင်း တန်ဖိုးနည်းအိမ်ရာ အလုံး ၁၀၀ စီပါဝင်မည့် ရွာ ၄ ရွာကို ဂျပန် နိုင်ငံရှိ နီပွန်ဖောင်ဒေးရှင်း၏ ပြန်လည် ထူထောင်ရေး အကူအညီပေးမှု အစီ အစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။