ကမ္ဘာကြီးအမှု ရွာပတ်

0
565

အမေကို ငိုရင်း ဖုန်းနဲ့ ရှင်းပြနေတဲ့ ထွေးငယ် (အမည်ပြောင်း)။ မီးဖိုချောင်ထဲ ဝင်လာလိုက်။ ၀ရံတာထွက်ပြောလိုက်နဲ့ မျက်ရည် လည်ရွှဲနဲ့ ရှင်းပြနေသည်။

” အဲဒါဖေ့ဘွတ်၊ ဖေ့ဘွတ်ဆိုတာ ဒီလိုပဲ ဓာတ်ပုံတွေလိုက်တင်တာ၊ အဲပုံ သမီးပေးတာ မဟုတ်ဘူး။ သူ့ဘာသာသူ ဘယ်ကရလဲ မသိဘူး”

ထွေးငယ် ရှင်းပြတဲ့အကြောင်းကို ထွေးငယ်အမေ လတ်တလောမှာ ဘယ် လိုမှ နားလည်နိုင်မှာ မဟုတ်။ နောက်ဆုံး တော့ ထွေးငယ်အငိုပွဲနဲ့ အဆုံးသတ် လိုက်ရတယ်။

ဖြစ်ပုံက ဒီလိုပါ။ မစ္စတာဆူကာဘတ်ဆိုတဲ့ လူငယ် လေးတစ်ယောက်က စတင်တီထွင် လိုက်ပြီး ပင့်ကူအိမ်လို ရှုပ်ထွေးပြီး ဖြည်ရ ခက်တဲ့ တကမ္ဘာလုံးက လူအချင်းချင်း ဆက်သွယ်လို့ရတဲ့ ဖေ့ဘွတ်ကို ထွေးငယ် စသုံးမိတာ တစ်နှစ်တောင် မပြည့်သေး ဘူး။ဖေ့ဘွတ်ပေါ်ကို ဓာတ်ပုံလေးတင် လိုက်။ ကိုယ့်ခံစားချက်လေး တင်လိုက်။ သူငယ်ချင်းတွေရဲ့ ခံစားချက်ကို မှတ်ချက် ပေးလိုက်နဲ့ ပျော်နေတုန်း ဗြုန်းဆို ထွေး ငယ်အမေက ဖုန်းဆက်လာတယ်။

အ ကြောင်းကတော့ ထွေးငယ်အဖေရဲ့ အသိ တစ်ယောက်က ထွေးငယ်ရဲ့ ပုံကိုပြပြီး သူနဲ့ဖုန်းထဲကနေ အီစီကလီ လုပ်နေတဲ့ ကောင်မလေးရဲ့ ပုံလို့ ပြောလိုက်တယ်။ အဲဒီလူရှေ့မှာ ဘာမှ ဒေါသ မထွက်ပြလိုက်ပေမယ့်လည်း ထွေးငယ် အဖေဟာ အိမ်ရောက်တော့ ယမ်းပုံမီးကျ ဖြစ်ပြီး မြို့ကို ကျောင်းသွားထားတဲ့ သမီးက ဘာလုပ်နေလဲဆိုတာ သိရဲ့ လားလို့ ထွေးငယ် အမေကို ကြိမ်းရာက နေ အခုလို ပြဿနာတက်လာတာပါပဲ။ တကယ်တော့ ထွေးငယ်အဖေကို ထွေး ငယ်ဓာတ်ပုံပြတဲ့ သူကိုလည်း ထွေးငယ် မသိဘူး။

အီစီကလီလုပ်ဖို့ နေနေသာသာ ဘယ်သူမှန်းတောင် သူမသိဘူး။ ဒါပေမယ့် အဲလူက သူ့ဓာတ်ပုံကို ယူပြီး လူတွေကို အဲလိုလျှောက်ပြောနေ တာကို ထွေးငယ်အခုမှ သိလိုက်ရတော့ အံ့ဩတုန်လှုပ်သွားတယ်။ တကယ်တော့ ထွေးငယ်တို့ ဖေ့ဘွတ်ပေါ်ကို တင်တဲ့ ပုံဟာ ဘယ်သူမဆို ယူလိုက်လို့ ရပါတယ်။ သိမ်းထားပြီးတော့ အခုလိုမျိုး သူများကို လျှောက်ပြောနေတာတွေလည်း လုပ်ချင်လုပ်လို့ ရတယ်။ထွေးငယ်တစ်ယောက် အခုလိုအဖြစ် ကို အခုမှ စကြုံဖူးပေမယ့်လည်း ဖေ့ဘွတ် သုံးသူတွေထဲမှာ အခုလို ကြုံရသူတွေ ဒုနဲ့ဒေး။ ဖုန်းကတ် တစ်ကတ် ၁၅၀၀ ဖြစ် လာပြီးနောက် လူတိုင်းဖုန်းသုံးနိုင်တယ်။

အဲဒီတော့ အင်တာနက်လေးနဲ့ သုံးလို့ရတဲ့ လူမှုကွန်ရက် စာမျက်နှာတွေဖြစ်တဲ့ ဖေ့ဘွတ်၊ ဗိုင်ဘာစတဲ့ အကောင့်တွေကို လူတိုင်း ဖွင့်လာကြတယ်။ အရင်က အီးလ် မေးလ်လေးရှိမှ အကောင့်ဖွင့်လို့ ရပေမယ့် အခုတော့ ဖုန်းနံပါတ်လေး တစ်ခုပေးရုံနဲ့ ဆိုင်တစ်ချို့မှာ ပိုက်ဆံ လေးတစ်ထောင်ပေးရုံနဲ့ လူတိုင်း ဖေ့ဘွတ်အကောင့် ဖွင့်နိုင်ကြပါပြီ။
world_social_fb

ဘယ်လိုတွေ သုံးကြလဲ အဲဒီအထဲမှာ အသိပညာရှိရှိ သတင်းအချက်အလက်တွေ ဝင်ကြည့်ဖို့ ကိုယ့်မိတ်ဆွေအချင်းချင်း ပြောဆို ဆက်ဆံဖို့အတွက် သုံးတဲ့လူတွေပါသလို အထက်မှာလို မိန်းကလေးတွေပုံကို အသုံးပြုပြီး ပါးစပ်အရသာခံ မသမာမှု လုပ်နိုင်တဲ့ သူတွေလည်း သုံးလာကြ တယ်။

ကမ္ဘာပေါ်မှာ လူမှုကွန်ရက် စာမျက်နှာတွေက ဖေ့ဘွတ်၊ ဗိုင်ဘာ၊ တွစ်တာ၊ လင့်ကင်၊ အင်စတာကရမ် စသည်ဖြင့် ရှိပေမယ့် မြန်မာပြည်က လူတွေအတွက် အသုံးများတာက ဖေ့ဘွတ်၊ ဗိုင်ဘာနဲ့ တွစ်တာပဲ။ ထွေးငယ်တို့လို လူငယ်တွေက ဖေ့ဘွတ်နဲ့ ဗိုင်ဘာက သုံးတာအများ ဆုံးပဲ။
တောရွာကလေးတွေက လူတွေ အတွက် ဖေ့ဘွတ်ထက် ပိုအန္တရာယ် ကြီးတာက ( Viber ) ဗိုင်ဘာ။ ဘယ်သူ မှန်းမသိ၊ ဘယ်က ဖုန်းနံပါတ်မှန်း မသိ။ မိန်းကလေးတွေဆီ ဆက်သွယ် လာပြီး အီစီကလီ လုပ်နေကြတဲ့သူတွေ အများ ကြီး။ ဘာမဆိုရင်ခုန်တတ်တဲ့ ဆယ်ကျော် သက်အရွယ် အမျိုးသမီးငယ် လေးတွေ အတွက်ကတော့ စိတ်ကူးယဉ်စရာ အပြောတွေနဲ့ ဝင်ရောလေ့၊ ဝင်ကျူ လေ့ရှိတယ်။
မိန်းကလေးတွေက ဗိုင်ဘာတွေမှာ ဓာတ်ပုံတွေ တင်ထားရင်လည်း အဲပုံတွေ ကို ဘယ်သူမှန်းမသိတဲ့သူတွေက ယူသွား နိုင်တယ်။ ယူသွားလို့ရတယ်။ သူတို့ဖုန်း မှာ Save ထားရုံပဲ။ ဒါကို အခုမှ နည်း ပညာကို စထိတွေ့တဲ့ ကျေးရွာကလေးတွေ က လူတွေအတွက်တော့ အန္တရာယ်ကို မမြင်မိကြဘူး။
အွန်လိုင်းရဲ့ မသမာမှုကို မသိ သေးတဲ့ အမျိုးသမီးငယ်လေးတွေဟာ ဖေ့ဘွတ်ပေါ်၊ ဗိုင်ဘာပေါ်မှာပဲ လျှာမရှိ ပြောကြတဲ့ စကားတွေမှာ သာယာနေ ကြတယ်။ ကိုယ်တွေက ရိုးသားတဲ့ အတွက် တခြားသူတွေကိုလည်း ရိုးသား မယ်လို့ ထင်ကြတယ်။ဒါပေမယ့် ကိုယ်မသိတဲ့ သူတွေထဲ မှာ လူလိမ်တွေ အများကြီးရှိနေတယ်ဆို တာ သတိမထားမိကြဘူး။
ဖေ့ဘွတ်ပေါ်က မှုခင်းတွေ
အခုနှစ်ပိုင်း ဖေ့ဘွတ် သုံးရာကနေ ပေါ်လာတဲ့ မသမာမှုတွေ၊ မှုခင်းတွေ အများကြီး သတင်းစာစောင်တွေထဲမှာ ပါလာတယ်။ နယ်က မိန်းကလေးတစ် ယောက် ရန်ကုန်ဆိုတဲ့ တစ်ယောက်နဲ့ ဖေ့ဘွတ်ကနေ သမီးရည်းစားဖြစ်။လူချင်း မမြင်ဖူး။ သူ့အကြောင်း လည်း သေချာမသိ။ အိမ်ကဆူတော့ အချစ်အတွက် စွန့်စားပြီး ရန်ကုန်မြို့ ကြီးက ချစ်သူဆီလိုက်လာ။ တည်းခို ခန်းမှာတည်း ကိုယ့်မှာရှိတဲ့ရွှေငွေ တွေယူပြီး ကောင်လေးကထွက်ပြေး။ ဘယ်ကိုဘယ်လို ပြောရတိုင်ရမှန်းမသိဘဲ ကောင်မလေးက ကူကယ်ရာမဲ့ ကျန်ခဲ့။ ဒါဟာ ဂျာနယ်တွေမှာ အမြဲတမ်းဖတ် နေရတဲ့ ဖေ့ဘွတ်ကို အသုံးချပြီး လုပ်ကြ တဲ့ ဆိုက်ဘာနဲ့ ပတ်သက်တဲ့ မှုခင်းတွေပဲ။

တချို့က ဖေ့ဘွတ်မှာ ခင်ပြီး အပြင်မှာ လူချင်းတွေ့ချင်တယ်ဆိုလို့ ချိန်း။ ကောင်မလေးကို ဆေးခပ်ပြီးရင် တည်းခိုခန်းခေါ်သွား။ ဒါတွေကလည်း အများကြီး။ တကယ်တော့ ဖေ့ဘွတ်၊ ဗိုင်ဘာတို့လို ဖုန်းမျက်နှာပြင် လေထဲ ကနေ ဆုံရတဲ့လူတွေဟာ အပြင်မှာ လို အကောင်အထည် တွေ့ရတာ မဟုတ်။

သူတို့ဟာ ဘာမဆို ဖြစ်နိုင်တယ်။ အိမ်ထောင်သည်ကလည်း လူပျို၊ အပျို ဖြစ်နိုင်သလို၊ ရုပ်ဆိုးတဲ့သူတွေကလည်း ရုပ်ချောတာ ဖြစ်နိုင်တယ်။ စကားပြော ကြမ်းတဲ့သူတွေလည်း ဖေ့ဘွတ်မှာ စကား ချိုချိုလေးတွေနဲ့ ကျူတတ်ကြတယ်။အခုတလော တနင်္သာရီဂျာနယ်မှာ ခဏခဏထည့်နေတဲ့ အနူးအညွတ် တောင်းပန်ခြင်းဆိုတဲ့ ကြော်ငြာကလည်း ဖေ့ဘွတ်ကို နည်းလမ်း မှန်မှန်အသုံး မပြုတတ်တဲ့ ဆိုးကျိုးတစ်ခုပါပဲ။

သူ့နောက်ကြောင်းမသိ၊ သူ့ဘယ် မှာနေမှန်းမသိဘဲ လူတစ်ယောက်ကို သေချာ မယုံသင့်ဘူး။ အထူးသဖြင့် တောရွာကလေးက လူတွေ ဒါကိုပိုသတိ ထားရမယ်။

ဖေ့ဘွတ်မှာဆိုရင် အဖြစ်အများဆုံး မှုခင်းတွေက မိန်းကလေးတွေပုံ အသုံးပြု ပြီ ခြိမ်းခြောက်တဲ့အမှုတွေပဲ။ ကျွန်မတို့ မိန်းကလေးတွေဟာ ကိုယ့်ကိုကိုယ် လှ တာကို ကြွားချင်ကြတယ်။ ဒါကြောင့် ပုံလှလှလေးတွေရိုက် ဖေ့ဘွတ်ပေါ်တင်၊ သူများက Like အကြိမ်များများ နှိပ် တာမြင်ရင် သာယာကြတာပါပဲ။ အဲဒါက မသမာမှုလုပ်တဲ့သူတွေကို ဖိတ်ခေါ် နေသလိုပါပဲ..။မိန်းကလေးတွေတင်ထားတဲ့ ပုံကို မဟုတ်တဲ့ စာမျက်နှာမှာ (လိင်အသားပေး စာမျက်နှာ) တွေမှာ သွားတင်ပြီး မူလပုံ ရှင်ကို ခြိမ်းခြောက် ငွေတောင်းလေ့ ရှိတယ်။

” ငါ့ကို ငွေတစ်သိန်းလွှဲပေး၊ မလွှဲ ပေးရင် နင့်ပုံကို မဟုတ်တဲ့ စာမျက်နှာမှာ တင်မယ်” ဆိုပြီ ခြိမ်းခြောက်တဲ့ အဖြစ်တွေ ခဏခဏ တွေ့ရတယ်။

ဒါမှမဟုတ် ဖုန်းဘေလ်တစ်သောင်း ဖိုးပို့ပေး၊ နှစ်သောင်းဖိုးပို့ပေးဆိုပြီး အကြပ်ကိုင်တယ်။ ဖုန်းဘေလ်တောင်းတဲ့ နည်းက နောက်ဆုံးသုံးလာတဲ့ အလွယ် နည်းနဲ့ မသမာမှု လုပ်တာပဲ။ ဒီနည်းက သူ့ကို ခြေရာခံလို့လည်း မရဘူးလေ။ ကာယကံရှင်က ဘယ်သူ့မှ မပြောပြရင် မသမာမှု ကျူးလွန်သူတွေက လွတ် နေမှာပဲ။ အခုနောက်ပိုင်း ဖြစ်လာတဲ့ မသမာမှုအထဲကဆို ဒီလိုအမှုတွေက အများဆုံးပဲ။တတ်သိနားလည်တဲ့ သူတွေကျ တော့ နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီ အဲလို စာမျက်နှာတွေမှာ တက်နေတဲ့ သူတို့ပုံတွေ ဖြုတ်ချပေးဖို့ တောင်းဆိုနိုင် တယ်။ ဒါမှမဟုတ် ခြိမ်းခြောက်တဲ့သူကို အများသိအောင် ရှယ်(Share )ပေးပြီ သူ့ ကို ပြန်ခြိမ်းခြောက်တာ လုပ်နိုင်တယ်။ နားမလည်တဲ့သူတွေက အရှက် အကြောက်ကြီးပြီး သူတို့တောင်းတဲ့ ပိုက်ဆံတွေကို ပို့လိုက်ကြတယ်။ ဒီလိုနဲ့ ကိုယ်တွေဟာ အန္တရာယ်တွေကို ငွေနဲ့ ဝယ်နေကြတာ။

အခုနောက်ပိုင်းဖြစ်လာတဲ့ မှုခင်း ပုံစံတစ်မျိုးကတော့ သမီးရည်း စား စုံတွဲတွေ ရိုက်ထားတဲ့ ပုံတွေကိစ္စ။ တချို့စုံတွဲတွေဟာ သိမ်းထား ချင်လို့ဆိုပြီး အများ အမြင်မသင့်တဲ့ ပုံတွေရိုက်ကြတယ်။ သမီး ရည်းစား နှစ်ယောက် အဆင်ပြေနေကြရင် ကောင်းပေမယ့် အဆင်မပြေ တဲ့အခါ အဲဒီပုံတွေကို ဖေ့ဘွတ်ပေါ်တင်ပြီ လူထုကို ချပြကြတယ်။ များသောအားဖြင့် ယောက်ျားလေးတွေက တင်ကြတာများပြီး သူနဲ့ ပြတ်သွားတဲ့ မိန်းကလေးတွေကို အရှက်ခွဲချင်လို့ တင်ကြတယ်။

တချို့ကလည်းဖုန်းမှာ သိမ်းထား တဲ့ ဒီလိုပုံတွေကို တစ်ယောက် ယောက် ရသွားပြီ ငွေမပေးရင် ဖေ့ဘွတ်ပေါ်တင်ပစ်မယ်ဆိုပြီ စုံတွဲ တွေကို ခြိမ်းခြောက် တယ်။ ဒီလိုနဲ့ ဘယ်သူ့ကိုမှ အသိမပေးရဲဘဲ သိန်းရာချီ ပေးလိုက်ရတဲ့သူတွေလည်း ရှိကြတယ်။
အဲဒီတော့ ဘယ်လိုသုံးမလဲ
ဟုတ်ပြီ။ ရွာကြီးဖြစ်လာတဲ့ ကမ္ဘာကြီးအကြောင်းကို သိဖို့ ကျွန်မတို့ နည်းပညာတွေနဲ့ မထိတွေ့လို့ မရဘူး။ အခုလို တစ်ကမ္ဘာ လုံးက လူတွေနဲ့ချိတ်ဆက်နိုင်တဲ့ သာမန်လူတွေလည်း အလွယ် တကူအသုံးပြုနိုင်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို မသုံးရင် မဖြစ် ဘူး။
ဘယ်တီထွင်မှုမဆို အဆိုးအကောင်းဆိုတာ ဒွန်တွဲလေ့ရှိတယ်။ ဒိုင်းနမိုက်ကို တီထွင်ခဲ့တဲ့ အဲဖရက် နိုဗယ်ဟာ သူ့ရဲ့ မူလရည်ရွယ် ချက်ကတော့ လူတွေ ဒုက္ခရောက်အောင် ဖောက်ခွဲဖို့မဟုတ်ဘူး။ ဒါပေမယ့် ဒါကို အသုံးချပြီး လူတွေဒုက္ခရောက်ဖို့အတွက် အသုံးချကြတယ်။
အခုလည်း ဇူကာဘတ်က ကမ္ဘာလုံးကလူတွေလေထဲမှာ ဆက်သွယ်ပြောဆို သတင်းအချက်အလက်မျှဝေနိုင်ဖို့ ဖေ့ဘွတ်ဆို တာကြီး တီထွင်ခဲ့ပေမယ့် မသမာမှုအတွက် သုံးကြတဲ့သူတွေ အတွက် က ကမ္ဘာလုံးချီ အခွင့်အရေးတစ်ခု ဖြစ်လာခဲ့တယ်။
ဖေ့ဘွတ်သုံးတော့မယ်ဆိုရင်

၁) ကိုယ်နဲ့ မသိတဲ့သူတွေလာ add တာ လက်မခံပါနဲ့။ သူ့ ဓာတ်ပုံအမှန်၊ သူ့အလုပ်အကိုင်အမှန် မတင်ထားတဲ့သူတွေကို သူငယ်ချင်းအဖြစ် လက်မခံပါနဲ့။

၂) ကိုယ့် လျှို့ဝှတ်နံပါတ် ( ပတ်စဝေါ့)ကို ကိုယ့် တစ်ယောက် တည်းပဲ သိပါစေ။ အရမ်းချစ်ပါတယ်ဆိုတဲ့ ကိုယ့်ချစ်သူတောင် မပေးသိတာ အကောင်းဆုံးပဲ။ ကိုယ့်ဖေ့ဘွတ်က အကောင့်ကို တစ်ယောက်ယောက် ဖွင့်ပေးထားရင် ကိုယ်တစ်ယောက်တည်းပဲ သိတဲ့ ပစ်စဝေါ့ ပြန်ပြောင်းပါ။

၃) ကိုယ့်ပုံတွေကို တင်တော့ မယ်ဆိုရင်ရင် (Public) မလုပ်ဘဲ၊ ကိုယ့်သူငယ်ချင်းပဲမြင်နိုင်တဲ့ (Friend Only) လုပ်ထားပါ။
တတ်နိုင်သမျှ ပုံများများ မတင်ပါနဲ့၊ အထူးသဖြင့် အတိုအပြတ် ဝတ်ထား တဲ့ ပုံတွေဆိုရင် မတင်တာ ပိုကောင်း တယ်။ ဒီလိုပုံတွေဟာ မဟုတ်တဲ့ စာမျက်နှာတွေမှာ သွားတင်ဖို့အတွက် မသမာသူတွေ မျက်စေ့ကျလေ့ရှိတဲ့ပုံတွေ ဖြစ်တယ်။

၎) ကိုယ့်ဖုန်းကို လုံခြုံအောင် သိမ်းထားပါ။ ဖုန်းကို ပက်စဝေါ့ ခံပါ။ ဖုန်းပျောက်တာတောင် လူတွေ အလွယ် တကူ ကိုယ့်အချက်အလက် မရှာနိုင်ဖို့ အတွက်ပါ။ ဖုန်းပျောက်တာနဲ့ ဖေ့ဘွတ် ပတ်စဝေါ့တွေ၊ အီးလ်မေးလ် ပက်စဝေါ့တွေ ချက်ချင်းပြောင်းပါ။

၅) ဖေ့ဘွတ်မှာ ကိုယ်ဘယ်သွားနေတယ်၊ ဘယ်ရောက်နေပြီလဲ။ ဘယ်သူတွေနဲ့ ရှိနေလဲဆိုတဲ့ ကိုယ့်လုပ်ဆောင်ချက်တွေကို အသေးစိတ် မတင်ပါနဲ့။ မသမာမှု လုပ်ချင်သူတွေအတွက် ဒါဟာ အခွင့်အရေး ကောင်းတစ်ခု ဖြစ်သွားလိမ့်မယ်။

၆) ဗိုင်ဘာမှာလည်း ကိုယ်နဲ့မသိတဲ့ ဖုန်းနံပါတ်တွေလာ ဗိ ရင် လက်မခံပါနဲ့။ ကိုယ့်ပုံကို အလွယ်တကူ မတင်ပါနဲ့။

၇) ကိုယ်နဲ့ မသိတဲ့သူတွေနဲ့ ကိုယ်အကြောင်း အများကြီး မပြော ပါနဲ့။

၈) ကိုယ့်ချစ်သူနဲ့ ဘယ်လောက်ပဲ ချစ်ချစ်၊ အများအမြင် မတင့် တယ်တဲ့ ပုံတွေမရိုက်ပါနဲ့။ ကောင်လေးတွေ ဘက်က ဘယ်လိုစည်း ရုံးပါစေ မရိုက်ပါနဲ့။ ကိုယ်သာ ဓာတ်ပုံရိုက်လိုက်မယ်ဆိုရင် တစ်ချိန် ချိန်ကျရင် အင်တာနက်ပေါ် တက်လာနိုင်တယ်ဆိုတာကို ကြို တွေးထားပါ။
မသမာမှု၊ ခြိမ်းခြောက်မှုတွေ ကြုံလာရင်ဘာတွေလုပ်လို့ရလဲ

အင်တာနက်ပေါ်က မသမာမှုတွေ များလာတဲ့အတွက် မြန်မာ နိုင်ငံရဲ တပ်ဖွဲ့က ဒါတွေကို အရေးယူဖို့ ကြိုးစားနေတာရှိပါတယ်။ အခုလို အွန်လိုင်း၊ အင်တာနက်ကို အသုံးပြုပြီ မသမာမှု တစ်ခုခု လုပ်လာရင် အရေးယူနိုင်တဲ့ ဥပဒေတွေရှိတယ်။

ဆယ်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီး ငွေကြေး၊ ပစ္စည်းတစ် ရပ်ရပ်ကိုခိုးယူလိမ်လည်၊ အလွဲသုံးစားလုပ်၊ ပျက်စီးစေခြင်းအတွက် ပုဒ်မ ၆၆ (ဂ)၊ ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြုပြီ ပုဂ္ဂိုလ် တစ်ဦးဦးကို ခြောက်လှန့်ငွေ တောင်းယူခြင်း၊ အနိုင်ထက် ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနဲ့ မလျော်ဩဇာသုံးခြင်းအတွက် ပုဒ်မ ၆၆ (ဃ) တို့နဲ့ အရေးယူနိုင်ပါ တယ်။ အဲဒီပုဒ်မတွေအတွက် ထောင်ဒဏ်သုံးနှစ် (သို့) ငွေဒဏ် (သို့) ဒဏ်နှစ်ရပ် လုံးအတွက် ပြစ်ဒဏ် ကျနိုင်ပါတယ်။

အကယ်လို့ ကိုယ်က အွန်လိုင်းပေါ် မှာ မသမာမှု တစ်ခုခုကြုံရင် Myanmar Cyber Crime Case ကိုတိုင်လို့ရတယ်။
နေပြည်တော် ဖုန်း -၀၆၇ ၄၀၇၁၅၈ သို့ဆယ်သွယ်တိုင်ကြား နိုင်တယ်။Cyber Crime ရဲ့ ဖုန်း ၀၆၇-၄၀၇၁၅၈ ကိုလည်း တိုင်ကြား လို့ရပါ တယ်။ ကိုယ့်ပုံတွေ မဟုတ်တဲ့ စာမျက်နှာမှာ အတင်ခံရရင် ဒီဖုန်းတွေ တိုင်ကြားလို့ ရပါတယ်။

အကောင်းဆုံးကတော့ ဖေ့ဘွတ်၊ ဗိုင်ဘာ၊ ဖုန်းတွေကနေ တဆင့် ကိုယ့်ကို ငွေညှစ်တာ၊ ခြိမ်းခြောက်တာတွေ ကြုံလာရင် တစ်ယောက် တည်း ကြိတ်မဖြေရှင်းပါနဲ့။ နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပါလို့ အကြံပေးချင်ပါတယ်။