ကျောက်မီးသွေး စက်ရုံ၊ ရေနံချက်စက်ရုံများ လက်မခံနိုင်ဟု တနင်္သာရီ ဝန်ကြီးချုပ်ပြော

0
410

ပြည်သူလူထုလက်မခံသည့် ကျောက်မီးသွေး စက်ရုံ၊ ရေနံချက် စက်ရုံများကို လက်မခံဘဲပြည်သူရှေ့က မားမားမတ်မတ် ကာကွယ်ပေးသွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောကြားလိုက်သည်။


မေလ ၁၂ ရက်ကလောင်းလုံးမြို့၊ ဗထူးခန်းမတွင်ကျင်းပသည့်တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြည်သူလက်မခံတဲ့ ဘယ်စီမံကိန်း မဆို ကျွန်မက ပြည်သူရှေ့ကရပ်တည်ပြီး မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ် သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။
တွေ့ဆုံပွဲတွင် လောင်းလုံးမြို့နယ် အတွင်းရှိ ရမ္မဇူဒေသတွင်တည်ဆောက် မည့် ကျောက်မီးသွေးစက်ရုံစီမံကိန်း၊ ညင်းမော် ကျေးရွာအနီးတည် ဆောက် မည့် ရေနံချက်စက်ရုံစီမံကိန်းနှင့် ကျောက်ထုတ်လုပ်ငန်းများနှင့် ပက် သက်၍ ထားဝယ်တိုင်းရင်းသားပါတီ၏ မေးမြန်းချက်နှင့်ပတ်သက်၍ ယင်းသို့ ပြန်လည် တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။
မည်သည့်စီမံကိန်းမဆိုမြန်မာ့ ရင်း နှီးမြှပ်နှံမှုကော်မရှင် (MIC) သို့တင်ပြ ပါက  MIC ၏ သတ်မှတ်ချက်တွင်  “ဒေသခံပြည်သူများ လက်မခံသည့် မည်သည့်စီမံကိန်းမျိုး မဆိုမပြုလုပ်ရပါ ” ဟူသည့်အချက်တစ်ချက်ပါဝင်သော ကြောင့်   ပြည်သူလူထုက    ရွေးချယ်တင် မြှောက် ထားသည့် NLD အစိုးရလက် ထက်တွင် MIC အနေဖြင့်သတ်မှတ်ချက် ကိုလေးစား လိုက်နာမည်ဟု ယုံကြည် ကြောင်း ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
၎င်းအပြင်ဒေသခံပြည်သူများ လက်မခံသည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းကိုလည်း လုံးဝ လက်ခံမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။” ဒီတစ်ပတ်အတောအတွင်း ကျွန်မ သွားတဲ့အခါမှာလည်း ဒီအကြောင်းကို လျှပ်စစ်ဝန်ကြီးနဲ့ ဆွေးနွေးပါမယ်။ အဲဒီမှာလည်း ကျောက်မီးသွေးကို လုံးဝမလိုကြောင်း ပြောပါမယ်။ ကျွန်မတို့ပြည်သူတွေထိုးထားတဲ့လက်မှတ်တွေကိုလည်း ယူသွားပါ့မယ်” ဟု ဒေါက်တာလဲ့လဲ့မော်ကပြောသည်။
လောင်းလုံးမြို့နယ်၊ ရမ္မဇူဒေသ တွင်တည်ဆောက်မည့် ကျောက်မီးသွေး သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို အကောင်အထည်ဖော်မည့်ကိစ္စအား ရပ်ဆိုင်းပေးရန် သကျက်တောကျေးရွာ အုပ်စုဖွံ့ဖြိုးရေးကော်မတီကဒေသခံ ၂၄၀၀ ကျော်၏ လက်မှတ်များနှင့်တကွ မေလ ၁၁ ရက်က ဝန်ကြီးချုပ်ထံ တင်ပြ တောင်းဆိုထားသည်။” အတိုင်းထက်အလွန်ပေါ့နော်။ အရမ်းကို ဝမ်းသာစရာကောင်းတဲ့ သတင်းကောင်းပဲ။ ဝန်ကြီးချုပ်ပြော တာက ကျောက်မီးသွေး စက်ရုံအားလုံး အကျုံးဝင်တာပေါ့။ လက်ရှိကတို့စာ တင်ထားတော့တို့အတွက် ဦးစားပေးတဲ့ သဘောမျိုးဖြစ်သွားတာပေါ့” ဟု သကျက်တော ကျေးရွာအုပ်စုဖွံ့ဖြိုးရေး    ကော်မတီဥက္ကဋ္ဌဦးစစ်ထွန်းကပြော သည်။
လောင်းလုံးမြို့နယ်အတွင်းရှိ ရေနံချက်စက်ရုံစီမံကိန်းကိုလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ ကျောက်ထုတ် လုပ်ငန်းများကိုလည်း ယခင်အစိုးရ လက်ထက်က မည်သို့ခွင့် ပြုထားသည် ကို မသိရသော်လည်း ၎င်းအနေဖြင့် လေ့လာပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျောက်မီးသွေးစီမံကိန်းတွေကိုပြည်သူတွေမကြိုက်တဲ့အတွက်ဆန္ဒ            ထုတ်ဖော်နေရခြင်းဖြစ်တယ်။ ပြည်သူ သဘောမတူတဲ့စီမံကိန်းတွေကို ဝန်ကြီးချုပ်က ပြည်သူဘက်ကရပ်တည်ပေးမယ်လို့ပြောတဲ့အတွက်ကောင်းပါတယ်ကြိုဆိုပါတယ်”ဟု မြိတ် ၈၈ မျိုးဆက် ဦးလှမော်ကပြောသည်။

 
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်သူလက်မခံသည့်စီမံကိန်းများအ နက် တည်ဆောက်ရန်လျာထားသည့် ကျောက်မီးသွေး စက်ရုံစီမံကိန်း ၅ ခု၊ တည်ဆောက်ပြီး ၁ ခုနှင့်ရေနံချက် စက်ရုံစီမံကိန်း ၁ ခုရှိသည်။