ဇင်

0
494

နွေရောက်ပြီ။ ဥဩတွန်သည်။
စာမေးပွဲပြီး၍ နွေကျောင်းလည်း ပိတ်ခဲ့လေပြီ။ ဝမ်းသာလိုက်သည့်အဖြစ်။ ကျောင်းပိတ်သည်နှင့် ဘာလုပ်ရမည် ဆိုသည်ကို ကျွန်တော်ကောင်းကောင်း သိသည်။ ဤသည်ကား ကျွန်တော် ငယ်စဉ်က နွေကျောင်းပိတ်တိုင်း လုပ်နေ ကျ ကျောင်းပိတ် ပရိုဂရမ်။

(ကျည်းသား)ဇင်းလန်း ရိုက်မည်။ ပုံးပစ်က စားမည်၊ ဂျင်ပေါက် ကစားမည်။ နောက် များလှစွာသော ကစားနည်းများ။ အိမ်ကို လုံးဝမကပ်၊ ထမင်းစားချိန်မှလွဲ၍ ညရောက်လျှင်လည်း ထပ်ဆော့ပြန်သည်။ အိပ်ချိန် နားသည်။ဤသည်ကား ငယ်စဉ်ကလေး ဘ၀ က အကြောင်းတွေးမိသည့် အတွေး။ ဤ အမွေကို ယခုလက်ရှိ သားတော်မောင် ဆက်ခံသည်။ သူလည်း အိမ်ကပ်သည် မရှိ။ ကစားမက်သည်။ ကျွန်တော် ငယ်ငယ်ကနှင့် သိပ်မကွာ။ အဖေနှင့် လက်ရည်တူသည်။
ယခုကဲ့သို့ နွေရာသီတွင် ငယ်ငယ် က ” ဂျင်”  ကစားရသည်ကို ပြန်အမှတ်ရမိ သည်။
ဂျင်ကို ထားဝယ်စကားဖြင့် “ဇင်” ဟု ခေါ်သည်။

mi_shwe_chaw
မူရင်းမှာ ” ဇင်ဂလယ်”  ဖြစ်သည်။ ရှေးပေါရာဏစကားဖြစ်ကြောင်း ပေါရာ ဏကျမ်းများ ကပြသည်။ ထိုသို့ဆိုလျှင် ကျွန်တော်တို့ ငယ်စဉ်က ကစားခဲ့သော၊ ခေါ်ဝေါ်ခဲ့သော ” ဇင်”  သည် ရှေးကျသော မူရင်း စကားဖြစ်ကြောင်း သိသာလှ ပေသည်။ လက်ရှိ ဗမာများကို သွား မေးကြည့် ” ဇင်”  ဆိုတာဘာလဲ။
သူတို့ သိနိုင်လိမ့်မည်မဟုတ်။” ဇင်”  ကို ခေါ်ဝေါ်သုံးစွဲခဲ့သော ပြောဆိုခဲ့သော ထားဝယ်သူ ထားဝယ်သားများသာ ပြော ပြနိုင်လိမ့်မည်။
ထားဝယ်အခေါ် ” ဇင်” ။ ဗမာအခေါ် ” ဂျင်” ။ ပေါရာဏ ကျမ်းများတွင် ” ဇင်ဂလယ်” ဟုညွှန်းဆိုသည်။ ဤသည် ကား ” ဇင်”  အကြောင်း တစ်စေ့တစောင်း။
ကျွန်တော်သည်လည်း ငယ်စဉ်က ဇင် နထစနမအ ဖြစ်သည်။ ကျွန်တော်တို့ ငယ်စဉ်ကယခုခေတ်ကဲ့သို့ဇင် ရယ်ဒီမိတ် မရှိ။ ကိုယ်တိုင် လုပ်တတ်ရသည်။ အသက်ငါးနှစ်ခြောက်နှစ်အရွယ် ဇင် မလုပ်တတ်လျှင် ကိုယ့်အထက် စီနီယာ အစ်ကိုကြီးများကို မျက်နှာငယ်ငယ်ဖြင့် ဇင် လုပ်ခိုင်းရလေသည်။ အိမ်နီးနား ပတ်ဝန်းကျင် သစ်ပင်များလည်း နွေ ရောက်လျှင် ” ဇင်” အလုပ်ခံ ရသည့် ဝဋ် ကလည်း မသေးလှပါ။
ကျွန်တော် ငယ်ငယ်က” ဇင်” ကို ပုံစံနှစ်မျိုး လုပ်တတ်သည်။
၁။ သစ်သားဂျင် (သစ်ခေဇင်)
၂။ အပေါ်သစ်သား အောက်ခြေ သံချောင်းတပ် ဂျင် (သံခေဇင်) သစ်ခေ ဇင် ကို အကြီးအသေး နှစ်မျိုးခွဲလုပ်သည်။
ပုံမှန် အနေတော်အရွယ်ဆိုလျှင် ဇင် လေ့ကျင့်ရေးထရိန်နင်လောက်သာ အသုံး ဝင်သည်။ အရွယ်အစား အလွန်ကြီးမား သော သစ်ခေဇင်များကိုမူ တိုက်ပွဲဝင်ရန် လုပ်တတ်ရသည်။ ဇင်ဖမ်းရန် ကြိုး ကိုလည်း ကိုယ်တိုင်ကျစ်တတ်ရသည်။ အိမ်ရှိ
အဖေ၏ လုံချည် အစုတ်များသည် ဇင်ဖမ်းကြိုးလုပ်ရန် အကောင်းဆုံးပင် ဖြစ်သည်။ အဖေ့ပုဆိုး နည်းနည်းပါးပါး စုတ်ဖို့မကြံနှင့်။ ကျွန်တော်လက်ချက် ကြောင့် ဇင်ဖမ်းကြိုးဘ၀ ရောက်ရရှာ သည်။
လည်နေသော ” ဇင်” ကို မိမိလက်တွင်း ပြန်လည်ရရှိအောင်ဖမ်းသည်ကို ထား ဝယ်အခေါ်( စိုး ) ဟုခေါ်သည်။ မ (စိုး) တတ်လျှင် (လက်ခုပ်စိုး) လုပ်ရ သည်။ ဒါက လုံးဝမတတ်သည့် လေး နှစ်ငါးနှစ် အရွယ် beginner ဇင် ဖမ်းမား။ အိမ်ဖြည့် ၊ ထားဝယ်အခေါ် (ဂန်ဇား)။
သံခေဇင် ကိုမူ သစ်ခေဇင် အောက် ပိုင်းဖြတ်၍ သံရိုက်သွင်းရသည်။ ခြေ ထောက်ကို ချွန်နေအောင် သွေးပြီး ထားရသည်။ ယခုလို နွေဆိုလျှင် သစ်ပင် အရိပ်အာဝါသအောက် ” ဇင်” ပေါက် ကစားကြသည်။ စည်းဝိုင်းဝိုင်း။ စည်း အတွင်း တွင် တည်ကြက် (ဇင်)တစ်လုံး ထားပြီး ကျန်လူများက ထွက်အောင် ပေါက်ရသည်။ သံခေဇင်နှင့်ထိလျှင် တစ်ချို့ဇင်ခေါင်းများ ပေါက်ထွက်တတ် သည်။ တစ်ချို့ဇင်ခေါင်းထဲ သံချောင်း စိုက်ဝင်နေတတ်သည်။
ထိုသို့ဆိုလျှင် မြန်မြန်နုတ်ပြီး သူ့ ထက်ငါဦးအောင် ဇင်ဖမ်း (စိုး) ရသည်။
တစ်ခါတစ်ရံ ပြိုင်ပွဲဝင်များက သဘောတူလျှင် သစ်ခေ ” ဇင်” ကို ယှဉ်ပြိုင် ခွင့်ပြုသည်။ သစ်ခေဇင်သမားသည် သံခေဇင် သမားနှင့် ယှဉ်ပေါက်ရန် အတွက် အလွန်ကြီးမားသော သစ်ခေဇင် များဖြင့် လက်စွမ်းပြတတ်သည်။ သူ့တွင် သံချွန် မရှိ။ သို့သော် သူ၏ကြီးမားသော ဝိတ် ဖြင့် အပေါက်ခံရသည့်အခါ တချို့ သံခေဇင်ခြေထောက်များ ကောက်သွား တတ်သည်။
ထိုသို့ ဇင်ခေါင်းကွဲလျှင်ဖြစ်စေ၊ ခြေထောက်သံ ကောက်ကွေးသွားလျှင် ဖြစ်စေအလွန်သဘောကျကြသည်။

ဇင်ဖမ်းအနောက်ကျဆုံးသူသည် စည်း ဝိုင်းအတွင်း ပြန်ထားပြီး ဝိုင်းဗြင်း ခံရ ပြန်သည်။ ဤကား ဇင်ပေါက်နည်း စည်းမျဉ်း။
ယခုလို တီဗီ၊ ဖုန်း၊ ဂိမ်း ခေတ်စား သည့်ခေတ်တွင် ထားဝယ်သား ကလေး ငယ်များ ဇင်ကစားသည်ကို မတွေ့ရ သလောက်ဖြစ်လာသည်။
ကိုယ်တိုင်လုပ်သည့် ဇင်လည်း ရှားသွားသည်။ သူ့နေရာတွင် ရယ်ဒီမိတ် ” ဇင်” များ အစားထိုးဝင်လာသည်။ ပေါရာဏ စကားဟောင်းဖြစ်သော (ဇင်ဂလယ်) ထားဝယ်ခေါ်( ဇင်)၊ ဗမာအခေါ်ဂျင်ကို ကျွန်တော် လွမ်းနေမိ သေး သည်။
သူငယ်ပြန်သည် ပြောချင်ပြော ကျွန်တော် ဇင်ကစားချင်သေးသည်။