တိုင်းလွှတ်တော်မှ ဒေါင်းကပွဲ

0
454

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်၊ နံနက် ၉း၀၀ နာရီ၊

ထားဝယ် ရုံးကြီးလမ်းဆုံ၊ တိုင်းဒေသကြီး လွှတ်တော်ဝင်း
ဝင်းအတွင်းကို မီနီဘတ်(စ်)မှန်လုံ ငယ်လေးတစ်စီး ကွေ့ဝင်လာပြီး လွှတ် တော်ရုံးရှေ့မှာ ရပ်လိုက်တယ်..။ ဆိုင် ကယ်ပေါ် ခွထိုင်နေတဲ့ ရဲသားကြီးတွေ ပြာပြာသလဲ ထရပ်လိုက်တယ်။

ကားတံခါး အဖွင့်မှာ..၊
ကတ္တီပါ ဖိနပ် အသစ်တွေ..၊ ရခိုင် လုံချည် အနုအရင့်တွေ..၊ ပင်နီစစ်စစ်တွေ ဝတ်ဆင်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အရွေးချယ်ခံ အနိုင်ရအမတ် တွေ တန်းစီ ဆင်းလာကြတယ်..။ သူတို့ တစ်ယောက်ချင်းစီရဲ့ လက်ထဲမှာ ခေါင်း ပေါင်းဘူးလေးတွေကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်လို့။
သူတို့ မျက်နှာတွေကို ယုံကြည် ချက်တွေနဲ့ ခြယ်သ..၊ တိုင်းလွှတ်တော် ရင်ပြင်မှာ တည်ကြည်စွာ ခြေချလိုက် ကြပါတယ်..။
ခဏတွင်းမှာပဲ ကား၊ ဆိုင်ကယ် အသီးသီးနဲ့ နောက်ထပ် ပင်နီဝတ်တွေ တဖွဲဖွဲရောက်လာကြတယ်။ တချို့က ထားဝယ် တစ်ဝိုက်မှ အနိုင်ရကိုယ်စား လှယ်တွေဖြစ်ပြီး တချို့က တိုင်းအတွင်း နေရာအသီးသီးမှ (NLD) အဖွဲ့ဝင်တွေ..။ သူတို့ရင်ဘတ်မှာ ခွပ်ဒေါင်းကြယ်ဖြူ ရင်ထိုးကိုယ်စီနဲ့..။
dawei_hlunttaw
လေ့လာသူအဖြစ် တက်ရောက် ကြမယ့် တခြားပါတီနဲ့ အဖွဲ့အစည်း တွေကလည်း ဝင်းထဲကို ရောက်လာကြပြီး အချင်းချင်း မိတ်ဆက်ကြ၊ ပါလာတဲ့ လက်ကိုင်ဖုန်းတွေနဲ့ အမှတ်တရ ဓာတ်ပုံ တွေ ဖောဖောသီသီ တွဲရိုက်ကြနဲ့။ သူတို့ မျက်နှာတွေပေါ်မှာတော့ အပျော်မြစ်တွေ ဖြတ်စီးလို့..။
နောက်ဆုံးမှာ..၊ တိုင်းလွှတ်တော် ဝင်းကြီး တစ်ခုလုံးကို ပင်နီတပ်သား တွေရဲ့ အောင်ပွဲရ အပြုံးတွေနဲ့ သိမ်းပိုက် ထားလိုက် ပါတော့တယ်..။
နံနက် ၉း၃၀ နာရီ၊ တိုင်းလွှတ်တော် ရုံး တတိယအထပ် လွှတ်တော်အစည်း အဝေးခန်းမ ပေ ၂၀ လောက် ကျယ်တဲ့ အခန်း ကြီးရဲ့အရှေ့မျက်နှာစာ တစ်ပေ ခန့်မြင့်တဲ့ စင်ပေါ်မှာ ခံ့ခံ့ညားညား သစ်သားခုံ ကြီးတစ်လုံး။ မဟော်ဂနီရောင် ဖိတ်ဖိတ် တောက်နေတဲ့ အဲဒီခုံကြီးမှာ “သဘာပတိ”ဆိုတဲ့ စာတန်းလေး ရေးထား တယ်..။ အခမ်းအနားမှူး ခုံကတော့ စင်အောက် လက်ဝဲထောင့်မှာ ခန်းမ ဝင်ပေါက်ကို မျက်နှာမူပြီး နေရာချထား တယ်။
သဘာပတိခုံရဲ့ မျက်နှာချင်းဆိုင်မှာ ၃ ပေလောက် ရှည်တဲ့ ရွယ်တူခုံတွေ တစ်တန်း ၆ ခုံနှုန်းနဲ့ ၅ တန်းတိတိ။ နှစ်ခုံဆက် တစ်လမ်းခြားပုံစံနဲ့ လူသွား လမ်းနှစ်ခုခြားပြီး နေရာချထားတော့ ၂ ခုံတွဲ ၅ တန်း တစ်စု ၁၀ ခုံနှုန်းနဲ့ ၃ စုခွဲ ထားသလို။

ကိုယ်စားလှယ်များ အခန်းအတွင်း ရှေ့နောက် အလွယ်တကူ ကူးလူး သွားလာနိုင်အောင် ရည်ရွယ်ထားပုံ ရပေ မယ့် ကျောင်းသားတွေ စာကူးချမှာစိုးလို့ လူခွဲထားတတ်တဲ့ စာမေးပွဲဖြေခန်းပုံစံကို ပြေးမြင်မိပါတယ်။ ဝင်ပေါက်ကနေကြည့်ရင် အပြင်စု၊ အလယ်စုနဲ့ အစွန်ဘက်စုပေါ့။ ပိုပြီး ပေါ်လွင်စေတာကအခန်းထဲကြိုတင် ရောက်နှင့် နေကြတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက အစွန် ဘက်မှာ အသီးသီး နေရာယူထားကြ ပါတယ်။ ၁၀ ခုံ ၇ ယောက်ဆိုတော့ နဘေး ၁ ခုံနဲ့ နောက်က ၂ ခုံ လွတ်နေပါတယ်။

အခန်းရဲ့ နောက်ပိုင်းမှာ မှန်တပ်စတီးဘောင်ခန့်ကန့်လန့်ကာပြားကြီး တွေခြားပြီး ပါတီ၊ အရပ်ဘက်အဖွဲ့အစည်း၊ မီဒီယာစတဲ့ လွှတ်တော်လေ့လာသူတွေ အတွက် ထိုင်ခုံ ၃၀ ခန့် ချပေးထားတယ်။ အဲဒီ လေ့လာသူအခန်းရဲ့ ရှေ့တန်း အလယ်တည့်တည့်မှာ အခြားခုံတွေထက် ပိုကြီးပိုခန့်တဲ့ ခုံတစ်ခုံ ချထားပါတယ်။ လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးထင်အောင် ကျော် အတွက်ဆိုပြီး အခြားဘယ်သူမှ မထိုင်ခိုင်းပါ။
အသံချဲ့စက်နဲ့ စက်ကိုင်ဆရာတို့ အပြင် ရုံးဝန်ထမ်းတွေပါ နေရာယူထား တော့ ၂ဝx၁၀ပေ ဝန်းကျင် နေရာကျဉ်း ကျဉ်းလေးထဲမှာ လူတွေကကြပ်သိပ်လို့။
“ဒီနေ့ ရုံပြည့်တယ်..”

မီဒီယာသမားတယောက်က လှမ်း နောက်တယ်..။
လေ့လာသူတွေရဲ့ရှေ့မှာတော့ LG တံဆိပ် ၂၁လက်မ တီဗွီအဟောင်းကြီး တစ်လုံး ချထားပြီး အစည်းအဝေး အခင်း အကျင်းကို တိုက်ရိုက်ပြပေးနေတယ်..။
မကြာပါ..၊ ပင်နီဝတ် ကိုယ်စား လှယ်များ အခန်းထဲသို့ တဖွဲဖွဲရောက် လာကြတယ်..။
အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ် နှစ်ဦးထဲက တစ်ဦးဖြစ်သူ မြိတ် မဲဆန္ဒနယ်(၂)မှဒေါ်ရီရီချိုက အမျိုးသား တွေနဲ့ ရင်ဘောင်တန်းပြီး ရဲရင့်တည် ကြည်စွာ အခန်းထဲ ဝင်လာတယ်..။

မကြာခင်မှာ တိုင်းလွှတ်တော်ရဲ့ ပြည်သူ့ခွဲတမ်းရ ခုံတိုင်းမှာ ခွပ်ဒေါင်းတို့ ပြတ်ပြတ်သားသားစခန်းချ နေရာယူ လိုက်ကြလေတယ်..။
လေ့လာသူအဖြင့် တက်ရောက် နေတဲ့ ထားဝယ်တိုင်းရင်းသားပါတီ(ဗဟို)ဥက္ကဋ္ဌဦးအေးမင်းကတော့ သူတို့ မြင်တွေ့ ချင်လှသည့် အခင်းအကျင်းကို တွေ့မြင် ခွင့်ရ၍ ကြက်သီးမွေးညင်းများပင် ထမိ နေကြောင်း ဖွင့်ဟတယ်..။

လွှတ်တော် ကိုယ်စားလှယ်နေရာ တွေကိုမြို့နယ်အက္ခရာစဉ်အလိုက် နေရာ ချထားတာကြောင့် ကော့သောင်းနဲ့ ကျွန်းစု ကိုယ်စားလှယ်တွေက ရှေ့ဆုံး တန်းမှာ နေရာရကြတယ်..။ လောင်းလုံး မဲဆန္ဒနယ်က ဦးမြင့်စန်း၊ သရက်ချောင်း မဲဆန္ဒနယ်က ဒေါက်တာလဲ့လဲ့မော်နဲ့ ဦးဝေဝေလွင်၊ ကရင်တိုင်းရင်းသား မဲဆန္ဒ နယ်က စောလုကာတို့က နောက်ဆုံး တန်းမှာ..။
ထူခြားမှုအနေနဲ့ လောင်းလုံး မဲဆန္ဒနယ်(၁)က ဦးဗိုလ်ထွေးကိုတော့ တပ်မတော်သား ကိုယ်စားလှယ်အစုဘက် နောက်ဆုံးမှာထိုင်နေတဲ့ ဗိုလ်ကြီး သက် နိုင်စိုးဘေးကပ်လွတ်နေတဲ့ခုံမှာ နေရာ ရတယ်..။

အဲဒါကိုကြည့်ပြီး နာမည်မှာ”ဗိုလ်”ပါလို့ ဖြစ်မယ်..ဆိုပြီး လွှတ်တော်လေ့လာ သူ တစ်ဦးက အရွှမ်းဖောက်တယ်..။
နံနက် ၁၀ နာရီ တိတိ
အခမ်းအနားမှူး (လွှတ်တော်ရုံး ညွှန်ကြားရေးမှူး ဦးမြင့်ဝေ)က အစည်း အဝေး စတင်ကြောင်းကြေညာ လိုက်ပြီး နောက်မှာ သဘာပတိကို ရွေးချယ် ပေးကြဖို့ အဆိုပြုလျှောက်လွှာ ထုတ်ယူ ပေးဖို့ ပန်ကြားတယ်..။
ခန်းမတစ်ခုလုံး အပ်ကျသံ ကြားရ မတတ် ဆိတ်ငြိမ်နေတယ်..။

ထားဝယ်မှ ဦးဟိုပင်တစ်ဦးသာ လျှောက်လွှာထုတ်ယူကာ ဘုတ်ပြင်းမှ ဦးတင်ထွန်းရဲ့ ထောက်ခံချက်ရယူပြီး အခမ်းအနားမှူးထံ ပြန်သွားအပ်တယ်..။ အခမ်းအနားမှူးက သဘာပတိအမည်ကို အတည်ပြုကြေညာတယ်..။
“ကရင်တိုင်းရင်းသား မဲဆန္ဒနယ် ကိုယ်စားလှယ် စောလုကာ..”
စောလုကာ..၊ မဟော်ဂနီရောင် သဘာပတိခုံကြီးဆီ ထသွားတော့ တက် ရောက်သူအားလုံး မတ်တပ်ရပ်ကြ တယ်..။ သဘာပတိခုံကိုရောက်တော့ အသင့်ရှိနေတဲ့ စာရွက်ကိုကိုင်တယ်..။

“..ဖြောင့်မတ် မှန်ကန်အောင် ဆောင်ရွက်ပါမည်ဟု ကတိသစ္စာ ပြုပါ သည်..”
အဲဒီ စာရွက်ပေါ်မှာ လက်မှတ် ရေး ထိုးပြီးနောက် ခုံပေါ်မှာထိုင်ချလိုက် တယ်..။ သဘာပတိ ထိုင်ခုံနောက်ခံ အပြာနုရောင်နံရံမှာ ရွှေရောင် ဖောင်းကြွ စာလုံးကြီးနဲ့ စာတစ်တန်း ရေးထား တယ်..။

“ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်ပထမပုံမှန် အစည်း အဝေး”
ကရင်လူမျိုး သဘာပတိက နှုတ် ခွန်းဆက် စကားထဲက ဆန္ဒပြုမှုတစ်ခုက
“…တိုင်းဒေသကြီးအကျိုးအတွက် မှန်ကန်စွာ တင်ပြနိုင်ကြပါစေ..”

ဒီနောက်မှာ အစည်းအဝေး တက် ခွင့်ရှိသူ အနက် ၂၈ ဦးစလုံး ပျက်ကွက် သူမရှိ တက်ရောက်ကြလို့ အစည်းအဝေး အထမြောက်ကြောင်း ကြေညာတယ်..။
စုစုပေါင်း ၂၈ ဦး..။ တိုင်းတွင်း မဲဆန္ဒရှင်များ စေလွှတ်လိုက်သော လွှတ် တော်ကိုယ်စားလှယ် ၇၅ ရာနှုန်းနှင့် ကာ ကွယ်ရေး ဦးစီးချုပ်မှ အမည်စာရင်း တင်သွင်းလာသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာနှုန်း..။
အစီအစဉ်အရ ကိုယ်စားလှယ် အားလုံးကတိသစ္စာပြုကြဖို့ ထရပ်လိုက် ကြတယ်..။

သူတို့ မျက်ဝန်းတွေမှာ အရောင် မျိုးစုံတို့ ဖြတ်ပြေးနေမှာ အသေအချာပေါ့။ လေ့လာသူ တချို့လည်း မျက်ရည်စို့ တယ်..။ ရေဖြူမဲဆန္ဒနယ် အမှတ်(၁)ကိုယ်စားလှယ် ဦးလှထွေးကတော့ “တာဝန်ကြီးတစ်ရပ်ကို လူထုအတွက် ပီပီ ပြင်ပြင်ထမ်းဆောင်ဖို့ တာဝန်ရှိလာပြီ..” ဆိုပြီး အဲဒီအချိန်က ခံစားချက်က ဖွင့်ဟ တယ်။

ကရင် တိုင်းရင်းသားကိုယ်စားလှယ် သဘာပတိကြီးက ကတိသစ္စာပြုလွှာကို တိုင်းရင်းသံဝဲဝဲ ဝမ်းခေါင်းသံကွဲကြီးနဲ့ ရှေ့ကတိုင်ပေးတော့..၊
ကျန်တဲ့ ပင်နီဝတ်ကိုယ်စားလှယ်၂၀ ဦးနဲ့ ဘောင်းဘီဝတ်ကိုယ်စားလှယ် ၇ ဦးတို့ရဲ့ လေးနက်တည်ကြည်လှတဲ့ သံပြိုင်ရွတ်ဆို ကတိသစ္စာ ပြုသံများက တိုင်းလွှတ်တော်ခန်းမထဲမှ ဟိန်းညံ လျှံထွက် သွားပါတော့တယ်..။
“…၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိ ရိုသေပါမည်၊ …”