မြိတ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သည့် ကျော်ဇောသည့်လမ်းများကို ဆက်တိုက် ဝင်ဖမ်း

0
451

မြိတ်တွင် မူးယစ်ဆေးဝါး ပေါ်ပေါ်ထင်ထင် ရောင်းဝယ်သည်ဟု ကျော်ဇော သည့် လမ်းများကို ရဲတပ်ဖွဲ့က ဆက်တိုက် ဝင်ရောက် ဖမ်းဆီးနေကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။မြိတ်မြို့နယ်၊ ကန်ခေါင်းရပ်ကွက်ရှိ မြိုင်ဟေဝန်လမ်းနှင့် သိဒ္ဓိအောင် ကျောင်းလမ်းတို့သည် စိတ်ကြွမူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင် ရောင်းချ နေသည်ဟု မြို့ခံများကြားတွင် ကျော်ဇောသည့်လမ်းများ ဖြစ်သည်။

ဒေသခံများ၏ သတင်းပေးတိုင်ကြားချက်အရ ဝင်ရောက်ဖမ်းဆီးရာ ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၂ ရက်အထိ မူးယစ်ဆေးဝါးဖြင့် ဖမ်းဆီးရမိသည့် အမှုပေါင်း ၁၅ မှုခန့်နှင့် တရားခံ ၂၀ ကျော်ကို ဖမ်းဆီးထားကြောင်း မြိတ်မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
“လက်ရှိ ကျွန်တော်တို့ ဖမ်းဆီး ရမိခဲ့တဲ့ တရားခံတွေထဲမှာ လူကြီးတွေက ရောင်းခိုင်းလို့ဆိုပြီး ဖမ်းဆီးရမိထားတဲ့ ဆယ်ကျော်သက် လူငယ်လေးတွေ ငါးဦးခြောက်ဦးလောက်ပါတယ်” ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က ပြောသည်။

မြိတ်မြို့တွင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဆက်တိုက် ဖမ်းဆီးအရေး ယူနိုင်ရေးအတွက် မြို့ခံပြည်သူများ၊လူမှုရေးအဖွဲ့စည်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများဖြင့် ပူးပေါင်းရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။