အရူးကို လင်တော်ရသလို မဖြစ်စေလို

0
467

ထန်းရည်တဲမှာ ကျွန်တော်တို့
ထန်းပင်ပေါ်က ထွက်ကျလာတဲ့ ထန်းရည်
သဘာဝရည်စစ်စစ်ကို သောက်သုံး ရင်း…
လယ်တောများဆီက တိုက်ခတ် လာတဲ့
လေကောင်းလေသန့်
သဘာဝလေစစ်စစ်ကို ရှူရှိုက်ရင်း..

တစ်မြို့လုံးသတင်းကို ဖလှယ်ရင်း..ထွန်းပ (“လမ်းမသစ်”ကဗျာမှ)ကဗျာစာစုပါ အနှစ်သာရများသည် ၂၀၁၆ ခု ဇန်နဝါရီလ ၁၄ ရက်မှစ “ကျီးလန့် အစာစား”အဖြစ်သို့ ရောက် သွားပါသည်။ ယစ်မျိုးလိုင်စင်မဲ့နှင့် စည်း ကမ်းပျက်ဆိုင်များကို မည်သူ့ဆိုင်ဖြစ်စေ ပပျောက်သည်အထိ ယင်းနေ့မှစ အရေး ယူသွားမည်ဟု ထားဝယ်မြို့မရဲစခန်း၏ စခန်းမှူးမှ အတိအလင်း ပြောကြား ထားသဖြင့် ထန်းတဲများပေါ်တွင် ထန်းရည်ရောင်းသူ မရှိတော့..။ မြို့တွင်း ယမကာဆိုင်များ ရှေ့မျက်နှာစာကို ပိတ်လိုက်ကြသည်။ အကြော်အလှော်ဆိုင် များတွင် အရင်ကဲ့သို့ ဘီယာတင် မရောင်းတော့ကြောင်း မချိုမချဉ် မျက်နှာ ပေးနှင့် လူကြားအောင် အော်ပြော လာကြ၏။

ယင်း အခင်းအကျင်းအား ယမကာ ချစ်သူတို့နှင့် ထန်းရည်၊ အရက်ဆိုင် ရှင်များက ထုံးစံအတိုင်း မနှစ်မြို့ ကြသော်လည်း “လုပ်သင့်တာ ကြာပြီ”ဟု မှတ်ချက်ပြုသူတို့လည်း အများ အပြား..။ ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်မှု နည်းလာမည်ဟု ဆိုလာကြသည်။ယင်းထက်မက မျှော်လင့်နိုင်ပါ သည်။ ယမကာလုလင် အိမ်ထောင်ဦး စီးများက ဖြုန်းငွေ နည်းလာမည်။ လူငယ် လူရွယ်များက ထန်းရည်၊ အရက်ဆိုင် တို့၏ ရီဝေဝေ တွေးခေါ် ငြင်းခုန်မှု များမှသည် အအေးဆိုင်၊ လက်ဖက်ရည် ဆိုင်တို့၏ နွေးထွေးခိုင်ကျည်သော တွေး ခေါ်ဆွေးနွေးမှုများဆီသို့ ဦးတည်လာ စေနိုင်မည်။ အလုပ်နှင့် မိသားစုအပေါ် အချိန်ပိုပေးလာနိုင်ကြမည်။ ထို့ပြင် ဝင်ငွေခွန်နှင့် လိုင်စင်ကြေးများအားလည်း တိုင်းပြည်ဝင်ငွေအဖြစ် အသွင်ပြောင်း လာနိုင်မည်။

ယင်းသည် ရေတိုမျှော်လင့်ချက်..။ ဘာသာ၊ လူမှု၊ စီးပွားရေးအတွက် ရေရှည် အကျိုးကျေးဇူးလည်း များစွာ ဖြစ်ထွန်း လာစေပါလိမ့်မည်။
ထို့ကြောင့် ဥပဒေကို အသက်သွင်း ခြင်းအား ကြိုဆိုထိုက်ပါသည်။

သို့သော်..၊
လုပ်ငန်းစဉ်တစ်ခု၊ မူဝါဒတစ်ရပ်ကို အကောင်အထည်ဖော်ရာတွင် ဆင်ခြင် တုံတရား လက်ကိုင်ထားရပါလိမ့်မည်။ ပါဝင်ပတ်သက်သူ လူတန်းစားအားလုံး ရေတိုရေရှည် အကျိုးရှိနိုင်မည့် အချော မွေ့ဆုံး နည်းလမ်းကို အသုံးပြုရပါမည်။ ထိခိုက်ပွတ်တိုက်မှု အနည်းဆုံးသော နည်းဗျူဟာများ၊ စီမံကိန်းများ ချမှတ် နိုင်ရေးရှေးရှု၍ အောက်ခြေထိ နက်နက် နဲနဲ ကွင်းဆင်းလေ့လာ ဆောင်ရွက်ရပါ မည်။
မူဝါဒ ချမှတ်ခွင့်ရသူများသည် ယင်းသို့ ဆောင်ရွက်ခဲ့ဖူးပါသလော..။ ယခု ယစ်မျိုးလိုင်စင်ကိစ္စကို ဥပမာထား ဆဝါး ကြည့်ပါမည်။
တရားမဝင် အရက်ဆိုင်ဖမ်းနေသော ယခုကာလ၌ ယမကာချစ်သူများ အရက် မသောက်တော့ပြီလော..။
min_khant_fool
ယစ်မျိုး ဥပဒေအရ တရားမဝင် ရောင်းသူကိုသာ ဖမ်းရ၏။ သောက်သူကို ဖမ်း၍ မရ..။ ထို့ကြောင့် ထားဝယ်သား ထန်းရည်သောက်သူတို့ ထားဝယ် ထန်းတက်သမားများနှင့် နားလည်မှု ရယူကာ တဲပေါ်မသောက်ဘဲ လယ်ကွင်း စပ်များတွင် ထိုင်သောက်ကြ၏။ ပင်တိုင် ဖောက်သည်အားကောင်းသော ဝါရင့် ထားဝယ် ထန်းတဲပိုင်ရှင်တချို့က မိမိတို့ ၏ ဖောက်သည်များကို ချိတ်ဆက်ကာ လမ်းမသစ်မှသည် မမြင်ကွယ်ရာ နေရာ များဆီသို့ အသိုက်ပြောင်းကုန်ကြ၏။ မြို့တွင်း အရက်ဆိုင်များ နောက်ဖေး ပေါက်များ ဖွင့်ပေးထား၏။ ဖမ်းသူတွေ့ ၍ လာမေးလျှင် အတိုင်အဖောက် ညီညီ ထွက်လာမည့် စကားက ]]ဒီအရက်ကို လိုင်စင်ရ အရက်ဆိုင်က ဝယ်လာပြီး သောက်နေတာကွ..”။

သို့ကြောင့် လတ်တလောတွင် ယစ်မျိုးဥပဒေအား အသက်သွင်းမှုက ခွက်ပုန်းခေါ် ထန်းရည်အရက် မှောင် ခိုဈေးကွက်ကိုသာ မွေးဖွားပေး လိုက် သည်။ ယမကာလုလင်တို့၏ မျက်လုံး များက ရီဝေနေကြဆဲ..။

ယစ်မျိုးဥပဒေ အကောင်အထည် ဖော်မှုသည် နိုင်ငံ့အခွန်တိုးလာရန် အတွက်လော..။
အရက်နှင့် ဆေးရွက်ကြီးကို ဒုစ ရိုက် ကုန်စည်ဟု ခေါ်ဆိုကာ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေပြဋ္ဌာန်းခဲ့သော ၁၉၈၉-၉၀ ခန့်ကစ ယစ်မျိုးပစ္စည်းများ အပေါ် ယစ်မျိုးခွန် မကောက်တော့ဘဲ ကုန်သွယ်လုပ်ငန်ခွန်အနေဖြင့်သာ ကောက်ခံခဲ့၏။
အရင် ယစ်မျိုးခွန် မူဝါဒအရ သောက်သုံးသူ နည်းရန်၊ အခွန် များများ ရရန် ရည်ရွယ်ကာ ရာနှုန်းမြင့် စည်းကြပ် ကောက်ခံ ခဲ့သော်လည်း ဒုစရိုက်ကုန်စည် ကုန်သွယ်ခွန်ကား နိုင်ငံတကာနှင့် စံထိုးလျှင် မပြောပလောက်သော နှုန်း ထားတွင်သာ ရှိနေခဲ့၏။ ထားဝယ်တွင်ပင် ရန်ကုန်စက်ရုံချက် အရက်တစ်လုံးကို ၃၀၀ ကျပ်ခန့်ဖြင့်ပင် ဝယ်သောက် နေနိုင်သည့် အနေအထား။

ပြည်တွင်းအခွန်များဦးစီးဌာနတွင် ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် နှစ် ၃၀ ကျော်ကြာ တာဝန်ထမ်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အငြိမ်းစားယူခဲ့သူ ဦးဟန်ထွန်း က ဧရာဝတီ သတင်းဌာနသို့ အောက်ပါ အတိုင်း ဖွင့်ဟဖူးပါသည်။
“မြန်မာနိုင်ငံ ဘီယာ အရက် လုပ်ငန်းရှင်ကြီးတွေရဲ့ ကျောထောက် နောက်ခံတွေက တကယ့်အာဏာရှိ သူတွေ ဖြစ်နေတော့ အဲဒါကိုများ အကာ အကွယ် ပေးနေသလား ထင်ရတယ်” ဟူ၏။

နိုင်ငံအခွန်ကိစ္စက “ခွေးကျိုးနဲ့ ယုန်လိုက်” နေရသလို ဖြစ်နေသည် ဆို ၏။ အခွန်လိုက် ခွေးကျိုးသာ အမော ဆို့သည်..၊ အခွန်ရှောင် ယုန်ကိုကား မမိ။
အရက် ထန်းရည် ဆိုင်များမှ ဖြန့် ဖြူးရောင်းချခွင့် လိုင်စင်ကြေးနှင့် ဝင်ငွေ ခွန်များကို ယခင်ထက် စည်းကြပ်နိုင် လာသလော..။ထားဝယ်တွင် တရားဝင် လိုင်စင် အမျိုးမျိုးဖြင့် ရောင်းချနေသည့်ဆိုင် ၁၂၅ ဆိုင်သာရှိသည် ဆို၏။ ဖမ်းမည်ဆိုသဖြင့် ပိတ်လိုက်သည့် ဆိုင်ပေါင်း ရာချီရှိ ကြောင်း တစ်မြို့လုံး သိ၏။ ယင်း ပိတ် လိုက်သည့် ဆိုင်အားလုံးသည် ယစ်မျိုး ကိစ္စတွင် စီမံကွပ်ကဲ ဖမ်းဆီး အရေးယူ ခွင့်ရသူများနှင့် သောင်းချီသိန်းချီ တန် ကြေးရှိ နားလည်မှု လက်မှတ်များဖြင့် ဖြတ်သန်းလာခဲ့ကြသည်မှာ ခေတ် အဆက်ဆက်ကတည်းက ယခုထိ..။ ယင်းသည်ကိုပင် အမှန်တရားကဲ့သို့ အရိုးစွဲနေခဲ့လေပြီ..။ ယင်းသည်ပင် အားလုံးအတွက် အချောမွေ့ဆုံး မူဝါဒ တစ်ရပ် ဖြစ်နေခဲ့ပါသည်..။

ထိုအခါ ယစ်မျိုးလိုင်စင် စီမံကိန်း သည် မည်သူ့အတွက် အကျိုးဖြစ် ထွန်းသနည်း..။

ယမကာ လုလင်တို့လည်း အခြေ မပျက်ကြ။ အခွန်သစ်လည်း မရ။ ခွက်ပုန်းဆိုင်သာ ထွန်းကားလာလေပြီး အသွင်ပြောင်း လိုင်းကြေးကိစ္စများသာ စန်းထ လာစေတော့၏။

သို့သော်..၊ သံချေးတက်နေသည့် စပရိန် တစ်ခုပမာ မလှုပ်ရှား အသက်မဝင် တော့သည်မှာ ကြာညောင်းလှပြီဖြစ်သော ယစ်မျိုးဥပဒေကို ဖုတ်ပူမီးတိုက် ပြန် လည် အသက်သွင်းလိုက်ကြသဖြင့် ဒုက္ခ ရောက်ကြရတော့မည့် မိသားစုများ ရှိနေပါသည်။
ထန်းရည် ဈေးကွက်အရ ၂၀၁၀ ခုနှစ်ခန့်မှစ အထက်အညာ ထန်းတက် သမားတို့ ထားဝယ်သို့ မိသားစုလိုက် အသိုက်ပြောင်းလာမှု ပေါများလာသည်။ ထန်းရည်ရာသီမတိုင်မီကတည်းက ထန်း တက်ရန် ကြိုတင်ပြင်ဆင်ကြ၏။ သား သမီးများကို ထားဝယ်တွင် ကျောင်း ထားကြ၏။ ထားဝယ်၏ ထန်းရည်လိုင်း ကြေးပေးရောင်းချမှု ရေစီးကြောင်းတွင် အလိုက်သင့် စီးမျောနေခဲ့ကြ၏။

ယခု..၊ ထန်းရည်ရာသီ အလယ် ကျမှ သံချေးတက် ယစ်မျိုးဥပဒေ စပရိန်ကြီး ထောင်းခနဲ ထခုန်သောအခါ သူတို့တတွေ ချောင်ပိတ်မိကြလေပြီ..။
ရောင်းလို့ကလည်း မရတော့..။ ခုနေ အိမ်ပြန်ကြရန်လည်း မဖြစ်..။ ကလေးတွေ၏ ကျောင်းကိစ္စ..၊ ထန်းပင် များကို ငှားရမ်း လုပ်ငန်းလည်ပတ်ရန်နှင့် အလာ လမ်းစာရိတ်အတွက် ရွာမှ အတိုး ကြီးပေး ချေးငှားခဲ့သော အကြွေးကိစ္စ များက တမျှော်တစ်ခေါ်..။ ပြန်ရန် လမ်းစားရိတ်ပင် မစုမိသေးချိန်တွင် လက်ရှိ စားဝတ်နေရေးအတွက် ထန်းပ အုန်းရည် လုပ်ရောင်းရန်ပင် အခွင့်မသာ (ထန်းရည် မြင်သည်နှင့် အဖမ်းခံရမည်ဟု သူတို့ သိထား၏)။
အကယ်၍ သူတို့ ထားဝယ် မရောက် ခင်ကတည်းကသာ ယစ်မျိုးဥပဒေ ထားဝယ်တွင် အသက်ဝင်ရုန်းထနေခဲ့သော် အထက်ပါအခင်းအကျင်းများ ဖြစ်ပေါ်လာမည် မဟုတ်။ သူတို့တွင် ကြိုတင်ဆုံးဖြတ်ခွင့်နှင့် အခြားရွေးချယ်စရာလမ်းများ ရရှိ ကြပါလိမ့်မည်။
ခုတော့ သူတို့ခမျာ ထောက်ချောက်ထဲက ကြွက်ကလေးများပမာ မျက်လုံးလေး ကလယ်ကလယ်..။ မြို့နယ်ထွေအုပ်ရုံးက ထန်းရည်ဆိုင် များလည်း ယစ်မျိုးလိုင်စင်ကို လာရောက်လျှောက်ထားနိုင်ပါသည်။ စိစစ်ပြီး အထက်သို့ တင်ပြပေးပါမည်ဟု ဆိုသော်လည်း လျှောက်လွှာ တင်ထားစဉ် ရောင်းချခွင့်မပြုဟု ဆိုလာသောအခါ..၊ သူတို့အတွက် ရွေးစရာလမ်းကား ပျောက်လေပြီ..။

ဥပဒေတစ်ခု မူဝါဒတစ်ခုကို အကောင်အထည်ဖော်ခြင်းသည် လူတိုင်းကို စိတ်ကျေနပ်မှုရအောင် ဆောင်ကျဉ်းရမည်ဟု မဆိုလိုပေ။ သို့သော် ယခုထက် ပိုမိုချောမွေ့စေချင်သည်။ ထိုသို့မဟုတ်ဘဲ ထည့်သွင်းစဉ်းစားသင့်သည်များကို ဘက်စုံ ထောင့်စုံ ထည့်သွင်း မစဉ်းစားဘဲ ပြီးပြီးရော အလွယ် အကောင်အထည် ဖော်ခဲ့မှုများကြောင့် ပြည်သူတို့လည်း “အရူး လင်တော်ရ” သလို ဒုက္ခရောက်ရ၊ စိတ်ပျက်ရပေါင်းများပါပြီ..။ ဌာနအသီးသီး၊ အစိုးရ အဖွဲ့အသီးသီးလည်း အရှက်သိက္ခာ ကင်းမဲ့ခဲ့ရပေါင်းများပါပြီ..။
ယင်းသို့ မဖြစ်စေချင်ပါ..။

ဥပဒေ၊ မူဝါဒ၊ စီမံကိန်းတစ်ခုခုကို အကောင်အထည်ဖော်တော့ မည်ဆိုပါက ကာလ၊ ဒေသစရိုက် ယဉ်ကျေးမှုနှင့် အကျိုးအပြစ်တို့ကို အတွင်းကျကျ စူးစမ်းစိစစ် ပိုင်းခြားလုပ်ဆောင်စေချင်ပါသည်။ သတင်း အချက်အလက်များ ဘက်စုံထောင့်စုံမှ ရယူစုဆောင်း အကဲဖြတ်ရ ပါမည်။လမ်းဘေးဈေးသည်များကြောင့် ပေ ၁၀၀ လမ်းက ပေ ၅၀ သာ ကျန်နေသည့်အဖြစ်မျိုးက ကာကွယ်လိုလျှင် ယင်းဈေးသည်များကို ထိုလမ်းမပေါ်မှ နှင်ထုတ်လိုက်ယုံနှင့် မပြီးပါ..။ ရောင်းသူ ဝယ်သူတို့ အတွက် နေရာသစ် အကွက် အကွင်းသစ်များ ရှာဖွေဖော်ထုတ်ပေးရပါ မည်။ချဲဒိုင်၊ ဘောလုံးလောင်း ကစားဒိုင်များကို ဖမ်းဆီးခြင်း၊ ဇာတ်ပွဲ များတွင် လောင်းကစားဝိုင်းထည့်သွင်း မကျင်းပရဟူသော အမိန့် လောက်ဖြင့် လောင်းကစားဝိုင်းများ မပပျောက်နိုင်ပါ..။ ကာရာ အိုကေနှင့် ပြည့်တန်ဆာလုပ်ငန်းများ ပပျောက်အောင်ဆိုကာ ဖမ်းဆီးထောင်ချ နှိပ်ကွပ်လိုက်ယုံဖြင့် အမြစ်မပြတ်နိုင်ပါ..။ ယင်းတို့ အတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များဖြစ် ဖူလုံအစိုးရသော စားဝတ်နေရေးဆီ လမ်းပြပေးနိုင်ဖို့ လိုအပ်ပါလိမ့်မည်။

အချုပ်ဆိုသော်..
ဥပဒေတိုင်း၊ မူဝါဒတိုင်း၊ လုပ်ငန်းစဉ်တိုင်းသည် တိုင်းပြည်နှင့် မှီတင်းသူ လူတန်းစားအားလုံး၏ ရေတိုရေရှည် အကျိုးကျေးဇူးကို ကိုယ်စား ပြုနိုင်ရပါမည်။ အခြေအနေ အချိန်အခါလွဲမှား အကောင် အထည်ဖော်ခဲ့မိသော မူဝါဒများကြောင့် ပြည်သူအပေါင်း ဒုက္ခတွင်း၌ နစ်မွန်းနေဆဲဖြစ်သည်ကို သတိချပ်ရပါမည်။
အကြောင်းအမျိုးမျိုးကြောင့် တစ်လျှောက်လုံး မျက်နှာလွှဲနေခဲ့ ကြပြီးမှ ကောက်ကာငင်ကာ ထဖောက် ဘီလူး ဆိုင်းတီးကြခြင်းသည် မငြိမ်သက်မှုကို ဦးတည်စေပါသည်။

ဖြုတ် ထုတ် သတ် မူဝါဒ၊ လျှောမွေး လုပ်ငန်းစဉ်၊ အသိုက်ပျက် စီမံကိန်းများအား ပြည်သူတို့ ခါးလှပါပြီ..။